Microsoft က၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ သူ့ရဲ့ နောက်ဆုံးထုတ် Operating System ဖြစ်တဲ့ Windows 10 ကို ကြေညာခဲ့စဉ်မှာ Windows 10 ရဲ့ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောကြားခြင်း မရှိခဲ့ပါဘူး။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ Microsoftက သူ့ရဲ့ရုံးချုပ်တည်ရှိရာ Washington ပြည်နယ် Redmond မှာ ပွဲတစ်ခု ကျင်းပပြီး Windows10 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။အဲဒီပွဲမှာ စောင့်ကြည့်ရမယ့်အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
Windows Phone 10
စမတ်ဖုန်းအတွက် Windows အမျိုးအစားသစ် တစ်ခုကိုကြေညာမယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ Test Version ကိုလည်းလာမယ့် ရက်သတ္တပတ် အနည်းငယ်မှာ ဖြန့်ချီပေးမှာပါ။ မေးစရာ တစ်ခုက ဘယ်ဖုန်းတွေကို အဆင့်မြှင့် ပေးမလဲဆိုတာ ဖြစ်ပါတယ်။ ဒီပြဿနာကို နို၀င်ဘာလတုန်းက အဖြေပေးခဲ့ ပြီးပြီဖြစ်ပြီး Microsoft Lumia ရဲ့ Twitter အကောင့်ကနေ Windows Phone 8 Device အားလုံးမှာ အဆင့်မြှင့်ပေးမယ်လို့ ရေးသားခဲ့ ပါတယ်။ စမတ်ဖုန်းတွေအတွက် ဗားရှင်းအသစ်ရဲ့ စွမ်းဆောင်ချက် အချို့ကိုလည်း ဒီတစ်ပတ်ထဲမှာ ကြေညာ နိုင်ပါတယ်။
ဘရောက်စာ အသစ်
Microsoft ကကာလရှည်ကြာ ကတည်းက ဖြန့်ချီခဲ့တဲ့ Internet Explorer Web Browser ကို ဆက်လက်ပြီး ထောက်ပံ့နေပေမယ့်လည်း ဘရောက်စာ အသစ်တစ်ခုကို တီထွင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လျှို့ဝှက်အမည်ကတော့ Spartan ဖြစ်ပြီး ဒီဇင်ဘာလမှ ZDNet ရဲ့ သတင်းအရ Google Chrome, Mozilla Firefox တို့လို နာမည်ကြီး ဘရောက်စာတွေကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Microsoft ဟာ ပြီးခဲ့တဲ့နှစ်မှာ Office ကို ၀င်းဒိုးမိုဘိုင်း ပလက်ဖောင်းမဟုတ်တဲ့ iOS, Android တို့အတွက် ပြုလုပ်ပေး လိုက်သလိုမျိုး ဘရောက်စာအသစ် ကိုလည်းအဲဒီလိုပြုလုပ် ပေးမလားဆိုတာ စိတ်၀င်စားစရာ ကောင်းပါတယ်။
Continuum Feature
ကီးဘုတ်လို ကိရိယာရှိခြင်း ၊ မရှိခြင်း အပေါ်မှာမူတည်ပြီး User Interface ကိုချိန်ညှိပေးတဲ့ Continuum Feature ကို Microsoft ကစက်တင်ဘာလမှာ ပထမဆုံး ပြသခဲ့ပြီး စမ်းသပ်ဗားရှင်းမှာ သရုပ်ပြမှု အနည်းငယ်ကို ပြုလုပ်ပြခဲ့ ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ Microsoft ဟာ စားသုံးသူအတွက် Preview Version မှာ Continuum ကို စမ်းသပ်အသုံးပြုနိုင်ပြီလို့ ကြေညာဖို့ ဖြစ်နိုင်ပါတယ်။
Cortanaကို နေရာတိုင်းသုံးနိုင်မည်
Siri, Google Now တို့ကို ယှဉ်ပြိုင်မယ့် Microsoft ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ဟာ Windows 10 မှာပါရှိနေတဲ့ Screenshot တွေဟာ ရက်သတ္တပတ် အနည်းငယ်အကြာမှာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ Microsoft ကဒီတစ်ပတ်မှာ Windows 10 မှာ Run နေတဲ့ Cortana ရဲ့စွမ်းရည်များကို ပြသမယ်ဆိုတာ သဘာ၀ကျပါတယ်။
Windowsနဲ့ Xbox
VentureBeat ကပြီးခဲ့တဲ့ တစ်ပတ်မှာ ရေးသားထားသလိုပဲ Microsoft Xbox Gaming Platform ရဲ့အကြီးအကဲ Phil Spencer ကဗုဒ္ဓဟူးနေ့ပွဲမှာ ကြေညာမှု တစ်ခုပြုလုပ်မှာပါ။ ဒါဟာ Spencer အတွက်တော့ Microsoft ဟာ Operating System အသစ်မှာ ဂိမ်းတွေကို ယူဆောင်လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ပထမဆုံး ကြေညာမှုဖြစ်လာ မှာပါ။ အဲဒီအတွက် ဂိမ်မာတွေအတွက်တော့ သတင်းကောင်း ဖြစ်လာမှာပါ။ မှတ်သားစရာ ကောင်းတာက Microsoft ဟာ ပီစီဂိမ်းထက် ဂိမ်းစက်ဂိမ်းတွေကို အစဉ်တစိုက် ဦးစားပေး တီထွင်လာလို့ ဖြစ်ပါတယ်။
ဖြန့်ချီမယ့် နေ့ရက်
Microsoft ရဲ့ Chief Operating Officer ဖြစ်သူ Kevin Turnerက Windows 10 ကိုနွေရာသီ နှောင်းပိုင်းနဲ့ ဆောင်းဦးကြားမှာ ဖြန့်ချိမယ်လို့ ပြောကြားခဲ့တာကို ပြီးခဲ့တဲ့လက Reuters ကထောက်ပြခဲ့ပါတယ်။ အခုပွဲမှာတော့ အရာရှိတွေက ဖြန့်ချီမယ့် နေ့ရက်ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။