Featured, News

ပေါက်ကြားထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ စာရွက်စာတမ်းက Encryptionနည်းလမ်းက ဒေတာများကို အကောင်းဆုံး ကာကွယ်နိုင်ဟု ပြော

ပေါက်ကြားထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ စာရွက်စာတမ်းက Encryptionနည်းလမ်းက ဒေတာများကို အကောင်းဆုံး ကာကွယ်နိုင်ဟု ပြော

Edward Snowdenထံမှ အသစ်ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းက အချို့ အမေရိကန် အရာရှိတွေဟာ ဒေတာတွေကို ကာကွယ်ဖို့ Encryptionနည်းလမ်းကို အသုံးပြုဖို့ အားပေးတယ်လို့ ဆိုပါတယ်။ ဒါဟာ ဗြိတိန်၀န်ကြီးချုပ် David Cameron ရဲ့ Encryptedလုပ်ထားတဲ့ ဆက်သွယ်မှုတွေဟာ အစိုးရရဲ့ ထောက်လှမ်းမှုကို အန်တုနိုင်တဲ့အတွက် ပိတ်ပင်မယ်လို့ ကြေညာချက်အပေါ် မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပါပဲ။

အမေရိကန် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာကို ထောက်ပံ့ပြီး ထောက်လှမ်းရေးနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကြားမှာ ဘက်မလိုက်ဘဲ အလယ်ကနေ ရပ်တည်နေတဲ့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီရဲ့ ၂၀၀၉ ခုနှစ်က ထုတ်ပြန်တဲ့ စာတမ်းမှာ Encryptionနဲ့ အခြားနည်းပညာများကို မျှော်လင့်သလောက် အသုံးပြုမှုနည်းပါးနေတဲ့အတွက် အခြားနိုင်ငံများနဲ့ ရာဇ၀တ်ဂိုဏ်းတွေက ကုမ္ပဏီတွေနဲ့ အစိုးရကို တိုက်ခိုက်ဖို့ လွယ်ကူနေတယ်လို့ ရှင်းပြထားပါတယ်။

အဲဒီစာရွက်စာတမ်းက အမေရိကန် သတင်းအချက်အလက် အခြေခံအဆောက်အဦးကို ကမ္ဘာ့ဆိုက်ဘာ ခြိမ်းခြောက်မှုအပေါ် ငါးနှစ်တာ ကြိုတင်ဟောကိန်းထုတ်ထားတာကို အသေးစိတ်ပြသထားပြီး Encryptionနည်းပညာက ဒေတာတွေကို ကာကွယ်ဖို့ အကောင်းဆုံးလို့ ဆိုပါတယ်။ Encryptionက မှန်ကန်တဲ့ ကီးမရှိတဲ့ ဘယ်သူ့ကိုမဆို စာရွက်စာတမ်းနဲ့ သတင်းအချက်အလက် တွေကို ဖတ်လို့မရအောင် ကာကွယ်ပေးပါတယ်။

စာတမ်းကို ရေးသားသူတွေက Passwordကို ရိုက်ထည့်ခြင်းထက်ပိုတဲ့ လုံခြုံရေး အစီအမံတစ်ခုဖြစ်တဲ့ Multi Factor Authenticationကို အသုံးပြုဖို့ အားပေးတယ်လို့လည်း ရေးသားထားပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို Microsoftက ၂၀၁၃မှာ Azureမှာ ထည့်သွင်းပေးခဲ့ပါတယ်။

ဗြိတိန်၀န်ကြီးချုပ် David Cameronက Encryptionနည်းပညာဟာ အစိုးရနဲ့ ဥပဒေအရာရှိတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ဟန့်တားနိုင်တဲ့အတွက် လက်မခံဘူးလို့ ပြောကြားထားပြီး အမေရိကန် သမ္မတ အိုဘားမားကိုလည်း သူရဲ့ အဆိုကို ထောက်ခံဖို့ ပြောကြားတယ်လို့ သတင်းတွေထွက်နေပါတယ်။

ရှေ့နေချုပ် Eric Holderနဲ့ FBI Director James Comeyတို့နှစ်ယောက်စလုံးကလည်း ဒုစရိုက်သမားတွေအနေနဲ့ သူတို့ရဲ့ ဆိုးညစ်တဲ့ အပြုအမူတွေကို ဖုံးကာထားနိုင်တဲ့ ဒီနည်းပညာကို ဆန့်ကျင်ဖို့ ပြောကြားနေကြတာ ဖြစ်ပါတယ်။

Encryptionဟာ မကြာမီက Sonyကုမ္ပဏီ ဟက်ခံရမှုနဲ့ နောက်ဆက်တွဲအနေနဲ့ ကုမ္ပဏီရဲ့ စာရွက်စာတမ်းများစွာ လူသိရှင်ကြား ပေါ်ထွက်ခဲ့မှုတွေကြောင့် လုံခြုံရေးနယ်ပယ်မှာ ရေပန်းစားတဲ့ ဝေါဟာရတစ်ခုဖြစ်လာတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။

ကုမ္ပဏီတွေက သူတို့ရဲ့ အရေးကြီးဖိုင်တွေကို လုံခြုံစေဖို့ ပိုမိုကောင်းတဲ့ Encryptionနည်းပညာကို တီထွင်နေကြပြီး မကြာသေးမီလများအတွင်း ဒေါ်လာသန်းပေါင်းများစွာ ပိုက်သွားတဲ့ Encryptionကို အဓိက တီထွင်နေတဲ့ ကုမ္ပဏီငယ် ပေါင်းများစွာ ရှိနေပါပြီ။

Veradocsနဲ့ CipherCloudတို့ကို နို၀င်ဘာလမှာ ဒေါ်လာ ၁၄ သန်းနဲ့ ဒေါ်လာ သန်း ၅၀ အသီးသီးနဲ့ ၀ယ်ယူသွားကြသလို Ionic Securityကိုလည်း ဒီတစ်ပတ်ထဲမှာ ဒေါ်လာ ၄၀.၁ သန်းနဲ့ ၀ယ်ယူသွားပါတယ်။

နိုင်ငံရေးအရ ဖိအားပေးမှုတွေရှိနေပေမယ့်လည်း ဒေတာများစွာ ပေါက်ကြားခိုးယူခံရမှုတွေဟာ အပတ်စဉ်တိုင်းလိုလို ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ကုမ္ပဏီများကတော့ Encryptionနည်းပညာကို အလျှင်အမြန်အသုံးပြုချင်နေကြတာ အသေအချာပါပဲ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *