Archive, News

Mazda Brand CX-9 2017

ကျွန်တော်တိုပြည်တွင်းလမ်းမတွေပေါ်မှာ Mazda 2, Mazda 3 စတဲ့ကားတွေကို အတော်အတန်တွေ့မြင်နေရတာမို့ ကားပိုင်ရှင်တွေအနေနဲ့ Mazda ကားတွေကိုနှစ်သက် လက်ခံလာတယ်လို့ဆိုနိုင်တယ်။ Mazda 2 ဆိုရင်လည်း DRIVE Magazine ကပြုလုပ်တဲ့ Myanmar Car of the Year Award မှာဆုချိတ်ခဲ့တယ်ဆိုလည်း စာဖတ်ပရိတ်သတ်ကြီး သိပြီးဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် CX-9 ကရော ဘယ်လိုထူးခြားမှုတွေနဲ့ ကားဝါသနာရှင်တွေကိုဆွဲဆောင်မှာလဲ? အပြင်ပန်းဒီဇိုင်းကစလို့ လေ့လာကြည့်လိုက်ရအောင်။ Mazda က CX-9 ရဲ့သွင်ပြင်အတွက် “Soul of Motion” လို့ သညာပြုထားတဲ့ ဒီဇိုင်းအယူအဆနဲ့ ဖန်တီးတည်ဆောက်ပေးထားတယ်။ ပိုပြီးကဗျာဆန်ဆန်ပြောရရင် ခန့်ငြားလှပပြီး အားအင်ပြည့်ဝနေတဲ့ ရုပ်သွင်ဖြစ်လာစေဖို့ သံမဏိကိုယ်ထည်ကို စိတ်ဝိဉာဉ်ထည့်သွင်းဖန်တီးထားတယ်လို့ ဆိုနိုင်ပါတယ်။ ရှေ့မျက်နှာရုပ်ထွက်က လက်ရှိခေတ်စားနေတဲ့ Mazda ဒီဇိုင်းတွေအတိုင်း သပ်ရပ်လှပမှုရှိပြီး ကိုယ်ထည်ဘေးခြမ်းနဲ့ အရှေ့အနောက်အစိတ်အပိုင်းတွေမှာ ခတ်မီတဲ့အသွင်ဖြစ်စေဖို့ Chrome အထိအတွေ့တွေကိုလည်း စနစ်တကျထည့်ပေးထားတယ်။ ၂၀” အရွယ် အလွိုင်းဝှီးတွေက နှစ်လိုဖွယ်ကောင်းပြီး SUV အမျိုးအစားဖြစ်ပါတယ်။

အတွင်းခန်းမှာလည်း အရည်အသွေးမြင့်သားရေကို အသုံးပြုပြီးလက်နဲ့စနစ်တကျ ချုပ်လုပ်ထားတဲ့ စတီယာရင်အစွပ်၊ ရိုးရှင်းသပ်ရပ်မှုရှိရှိ ဒီဇိုင်းချပေးထားတဲ့ Instrument Cluster, ဇိမ်ကျကျ စီးနင်းမှုတွေ ပြုလုပ်နိုင်စေမယ့် သားရေဖုံးထိုင်ခုံ စတာတွေပါဝင်တယ်။ CX-9 မှာ တာဘိုချာဂျာပါဝင်တဲ့ SkyActiv G 2.5T အင်ဂျင်နဲ့ SkyActiv Drive 6-speed Auto Transmission တို့ကို တွဲဖက်တပ်ဆင်ပေးထားတယ်။ SkyActiv ဆိုတာ လောင်စာဆီကိုအကျိုးရှိရှိ အသုံးပြုနိုင်စေရုံသာမက ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းပါးဆုံးဖြစ်အောင် အကျိုးပြုပေးနိုင်တဲ့ နည်းပညာတစ်ခုပါ။ ဒီ SKYACTIV နည်းပညာမှာ SKYACTIV-G Engine၊ SKYACTIV Chassis၊ SKYACTIV Body နဲ့ SKYACTIV RIVE တို့ပါဝင်တယ်။ နောက်ပိုင်းထွက် Mazda ရဲ့ကားတွေအားလုံးကို SkyActiv နည်းပညာနဲ့ ဖန်တီးပေးထားတာဖြစ်ပါတယ်။ Mazda ရဲ့အဆိုအရ Capacity 2.5L သာရှိတဲ့ဒီအင်ဂျင်ဟာ 4.0L V8 အင်ဂျင်တစ်လုံးကပေးစွမ်းနိုင်တဲ့ လိမ်အား (Torque) ကိုထုတ်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ SkyActiv Drive ဂီယာနည်းပညာကချောမွေ့ပြေပြစ်တဲ့ဂီယာအရွှေ့အပြောင်းကိုရစေတယ်။ SkyActiv Body ကိုယ်ထည်နည်းပညာကြောင့် ကားရဲ့အလေးချိန်ပေါ့ပါးသွားရုံသာမက ကြံ့ခိုင်မှုလည်း ပိုကောင်းလာပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့် CX-9 ကိုအကောင်းဆုံးပုံစံတွေနဲ့ ရွေးချယ်မောင်းနှင်အသုံးပြုနိုင်စေဖို့ Mazda ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ i-ACTIV AWD နဲ့ တွဲဖက်ပေးထားတယ်။

ဒီစနစ်ကလမ်းရဲ့အခြေအနေ၊ တာယာတွေရဲ့ကုပ်အား၊ ပြင်ပပတ်ဝန်းကျင်မှာရှိတဲ့အပူချိန် စတာတွေကိုစောင့်ကြည့်ပြီး ဆီစားနှုန်းအသက်သာဆုံး၊ ချောမွေ့မှုရအရှိဆုံး မောင်းနှင်မှုမျိုးဖြစ်စေဖို့ အလိုအလျောက် ချိန်ဆမှုတွေလုပ်ပေးပါတယ်။ ၇” အရွယ် Touch Screen တစ်ခုပါဝင်ပြီး အသံပိုင်းစနစ်အတွက် (စပီကာ ဆယ့်နှစ်လုံးပါဝင်တဲ့) BOSE Premium Sound System ကိုထည့်သွင်းပေးထားတယ်။ ဒါ့အပြင်ခတ်မီ SUV တွေမှာပါဝင်တဲ့ Lane-keep Assist, Electronic Parking Brake, Power Lift Gate, Head Up Display စတဲ့စနစ်တွလည်း အစုံအလင်ပါဝင်သလို Mazda ရဲ့ ကိုယ်ပိုင်နည်းပညာတွေဖြစ်တဲ့ G Vectoring Control, Mazda Commander Control စတာတွေလည်းပါဝင်တယ်။ ဒါ့အပြင် ဝယ်ယူသူတွေအနေနဲ့ CX-9 ကို Soul Red Crystal Metallic, Machine Grey, Snowflake White Pearl, Jet Black, Deep Crystal Blue, Titanium Flash နဲ့ Sonic Silver Metallic ဆိုတဲ့ အရောင်ခုနစ်မျိုးထဲကနေ စိတ်ကြိုက်ဝယ်ယူနိုင်ပါလိမ့်မယ်။ လူခုနစ်ယောက်အထိ စီးနင်းနိုင်တဲ့ Mazda CX-9 2017 ကို အမေရိကန်ဒေါ်လာ ၇၉,၉၉၉ နဲ့ရာင်းချပေးနေပါတယ်။ CX-9 အကြောင်းအသေးစိတ် ထပ်မံသိရှိလိုလျှင်ဖြစ်စေ၊ CX-9 ကိုလေ့လာဝယ်ယူလိုလျှင်ဖြစ်စေ Mazda Showroom (Yangon) (Ph: 01 554 633, 09 260 259 991) နဲ့ Mazda Showroom (Mandalay) (Ph: 09 456 111 104 /05) တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *