Archive, Education, News

ဗြိတိသျှကောင်စီသည် အရှေ့အာရှမှ ကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ကျော်ကို IELTS ဆုအဖြစ်ချီးမြှင့်

ဗြိတိသျှကောင်စီ IELTS Prize ၂၀၁၇/၁၈ က ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် ပြည်တွင်းတွင်(သို့) ပြည်ပတွင် ဘွဲ့ကြို (သို့) ဘွဲ့လွန်သင်တန်းများတက်ရောက်မည့်ကျောင်းသား/သူများအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၇,၉၈၀ တန်ဖိုးရှိ ပြည်တွင်းဆုသုံးဆု၊ အရှေ့အာရှဒေသအတွင်းရှိ ဒေသဆိုင်ရာမှ ကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၇၃,၁၅၀ တန်ဖိုးရှိဒေသဆိုင်ရာဆုများကို ချီးမြှင့်သွားမည်ဖြစ်ပါသည်။ IELTS Prize အား၂၀၁၁ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး မိမိတို့သွားရောက်ပညာသင်ကြားလိုသည့် နိုင်ငံများဖြစ်သည့် ယူကေ၊ ယူအက်စ်အေ၊ ကနေဒါနှင့် သြစတြေးလျတို့တွင် တက္ကသိုလ်ပညာသင်ကြားနိုင်ရန် ထူးချွန်သည့်ကျောင်းသား ၈၀ ကျော်ကို IELTS Prize ဆုများချီးမြှင့်ခဲ့ပါသည်။ IELTS Prize ရရှိသူများသည် ဆေးပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ အင်ဂျင်နီယာသိပ္ပံ၊ သမိုင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စွမ်းဆောင်ရည် အစရှိသည်တို့အပြင် အခြားဘာသာရပ်များကို လေ့လာဆည်းပူးခဲ့ကြပါသည်။ “ ဗြိတိသျှကောင်စီသည် နိုင်ငံရပ်ခြားတွင် အဆင့်မြင့်ပညာသင်ကြားကာ မိမိတို့၏အိမ်မက်ကို အကောင်အထည်ဖော်လိုသည့်၊ နောက်ခံအမျိုးမျိုးရှိသည့် ထူးချွန်သည့်လူတော်များကို ပံ့ပိုးကူညီပေးရန်၊ နိုင်ငံတကာအပေါ်၎င်းတို့၏ သိနားလည်မှုကိုချဲ့ထွင်ရန်နှင့် မွေးရပ်မြေသို့ အသိပညာသစ်များ၊ တိုးမြင့်လာသည့်ယုံကြည်မှုနှင့် အတွေးအမြင်သစ်များ ယူဆောင်လာနိုင်ရန် ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးလျှက်ရှိပါတယ် ” ဟု အရှေ့အာရှအတွက် ဗြိတိသျှကောင်စီ၏ စာမေးပွဲများဆိုင်ရာ ဒါရိုက်တာ Steve Adams ကဆိုပါသည်။

“ တက္ကသိုလ်၊ အလုပ်ရှင်များနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်း ၁၀,၀၀၀ ကျော်ကအသိအမှတ်ပြုသည့် IELTS သည့် နိုင်ငံတကာအဆင့်မြင့်ပညာရေးနှင့် ရွှေ့ပြောင်းသွားလာမှုအတွက် နိုင်ငံတကာတွင်အရေးပါသည့် အင်္ဂလိပ်စာမေးပွဲအဖြစ် အရေးပါသည့်အခန်းကဏ္ဍတွင် ဆက်လက်တည် ရှိနေမည်ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် IELTS စာမေးပွဲပေါင်း ၃သန်းကျော်ကို တစ်ကမ္ဘာလုံးတွင်ဖြေဆိုခဲ့ကြပြီး ကမ္ဘာ့လူကြိုက်အများဆုံးစာမေးပွဲဖြစ်လာပါသည်။ အဆိုပါလူကြိုက်များမှုနှင့် တစ်ကမ္ဘာလုံး၏ အသိအမှတ်ပြုမှုသည် နိုင်ငံတကာပညာရေး အခွင့်အလမ်းများမှတဆင့် မိမိတို့၏မျှော်လင့်ချက်များကို ဖော်ဆောင်လိုသူများအနေဖြင့် အဓိကထားရွေးချယ်ကြသည့် အင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲ ဖြစ်လာပါသည်။ ” ၂၀၁၆/၁၇ အတွက် ဒေသဆိုင်ရာအထူးဆုရရှိခဲ့ပြီး လက်ရှိတွင် University of Bath တွင် ဗိသုကာပထမနှစ် တက်ရောက်သင်ကြားနေသူ Sue Yen Chong က “ နိုင်ငံရပ်ခြားမှာ ဗိသုကာပညာ လေ့လာသင်ယူခွင့်ရအောင် အဖိုးမဖြတ်နိုင်တဲ့ဒီအခွင့်အရေးကိုပေးခဲ့တဲ့ ဗြိတိသျှကောင်စီနဲ့ IELTS ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါကကျွန်မဘဝတစ်သက်တာ အိပ်မက်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့လုံးဝရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ယဉ်ကျေးမှုတစ်ခု၊ ဗိသုကာသမိုင်းတွေပြည့်နေတဲ့နေရာမှာ လာရောက်နေထိုင်ရင်း အတွေးအမြင်တွေ ကျယ်ပြန့်လာအောင် လုပ်ဆောင်ရတာလောက် ကောင်းတဲ့နည်းလမ်းမရှိပါဘူး။ ဒီဆုကကျွန်မရဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖြေလျော့ပေးနိုင်သလို မျှော်လင့်ချက်တွေနဲ့ လက်တွေ့ကိုချိတ်ဆက်ပေါင်းကူးပေးခဲ့တဲ့အတွက် အရမ်းကိုအဓိပ္ပါယ်ရှိလှပါတယ်။ ကျွန်မလိုကျောင်းသူတွေရဲ့ ပညာရေးကိုပံ့ပိုးကူညီပေးတဲ့ ဗြိတိသျှကောင်စီလို အဖွဲ့အစည်းမျိုးဆီက အထောက်အပံ့အကြီးကြီးရလိုက်တဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။

အရှေ့အာရှဒေသမှာ အမြဲတမ်းနေထိုင်တဲ့ ကျောင်းသား/သူတွေအတွက် ၂၀၁၇/၁၈ IELTS Prize ဆုအတွက် လျှောက်ထားနိုင်ပါပြီ။ ကျောင်းဝင်ခွင့်လိုအပ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် IELTS ကိုလက်ခံပေးတဲ့ ပြည်တွင်း (သို့) ပြည်ပတက္ကသိုလ် တစ်ခုခုတွင် ၂၀၁၈ ခုနှစ်အတွက် ဘွဲ့ကြို (သို့) ဘွဲ့လွန်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ၂၀၁၇ခုနှစ် ဧပြီလအပါအဝင် နောက်ပိုင်းတွင်ကျင်းပသည့် ဗြိတိသျှကောင်စီကပြုလုပ်သည့် IELTS စာမေးပွဲများတွင်ဖြေဆိုပြီး အရေး၊အဖတ်၊အကြား၊အပြော ဟူသည့် စွမ်းရည်လေးခုစလုံးအတွက် တစ်ခုစီတွင် အနည်းဆုံးရမှတ် (band score) ၆ ရှိရပါမည်။ လျှောက်ထားနိုင်သည့် နောက်ဆုံးရက်မှာ၂၀၁၈ခုနှစ် ဧပြီလ ၃၀ ရက်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပြီး လျှောက်ထားလိုပါက https://www.ieltsasia.org/ieltsprize/application သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကျောင်းသားများအတွက် အဆင်ပြေစေရန်အလို့ငှာ ဗြိတိသျှကောင်စီသည် တရားဝင်စာမေးပွဲစစ်ဆေးမှုနေရာအဖြစ် တစ်လလျှင် IELTS စာမေးပွဲ test session ၄ကြိမ်အထိ ဆောင်ရွက်ပေးပါသည်။ IELTS စာမေးပွဲဖြေဆိုရန်ပြင်ဆင်လိုသည့် ကျောင်းသားများအတွက်လည်း ဗြိတိသျှကောင်စီက အပြည့်အဝပံ့ပိုးကူညီပေးပါသည်။ စာမေးပွဲဖြေဆိုရန်စာရင်းသွင်းပြီးသည့် ကျောင်းသားများအတွက် အွန်လိုင်းမှလက်တွေ့တက်ရောက်နိုင်မှုနာရီ ၃၀ အခမဲ့သင်ခန်းစာ (Road to IELTS) နှင့် စာမေးပွဲအတွက်အွန်လိုင်းမှ ပြင်ဆင်နိုင်မည့် အခြားသောအခမဲ့သင်ထောက်ကူ လေ့ကျင့်ခန်းအမျိုးမျိုးလည်း ရရှိနိုင်မည်ဖြစ်သည်။ အသေးစိတ်ကို http://www.ieltsasia.org/mm တွင် ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *