News, Opinion, Policy & Law

မြို့ကြီးစည်ပင်ဖွံ့ဖြိုးဖို့ ဆန္ဒမဲများပေးကြစို့

TZO

မြို့ကြီးစည်ပင်ဖွံ့ဖြိုးဖို့ ဆန္ဒမဲများပေးကြစို့။Let’s go to vote for developing city – အောက်တိုဘာလအတွက် ပင်စင်ထုတ်ပြီးအပြန်မှာ ရွှေဘုံသာလမ်းက မိတ်ဆွေအမျိုးသမီး တစ်ယောက်ဆီကို ကိစ္စလေးတစ်ခုရှိတာနဲ့ ခဏဝင်ပါတယ်။ သူမအိမ်မှာလာရင်းကိစ္စ ပြောနေတုန်းပဲ ဖုန်းတစ်callဝင်လာတာနဲ့ သူမကထပြောပါတယ်။သူမမိတ်ဆွေနဲ့ အပြန်အလှန် ပြောနေသံကြားရတာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ခရိုင်အဆင့် ကိုယ်စားလှယ်ဝင်ရွေးဖို့ သူမမိတ်ဆွေက တိုက်တွန်းနေပုံရပါတယ်။သူမကလည်း သူ့အလုပ်နဲ့သူ မအားတဲ့အတွက် မလုပ်လိုကြောင်းနဲ့ သူ့မိတ်ဆွေလုပ်မယ်ဆိုရင်တော့ သူမမဲထည့်ပါမယ်ဆိုတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။ သူမဖုန်းပြောပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက ဘယ်လိုအဆင့်ရှိလဲ မေးလာတာနဲ့ လက်ရှိအချိန်မှာတော့ ဒီရာထူးတွေက ခန့်အပ်တဲ့ရာထူးတွေပါ။

ခရိုင်အုပ်ချုပ်ရေးမှူးက ဒုညွှန်ကြားရေးမှူး အဆင့်လောက်ရှိတယ်လို့ ပြောလိုက်ပါတယ်။ကိုဘအေးရဲ့ မိတ်ဆွေ အမျိုးသမီးဟာ ဘွဲ့ရပညာတတ်ဖြစ်ပြီး ဥပဒေစာမေးပွဲတွေလည်း အောင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။အသက်ကလည်း ၆၀ မကျော်သေးတဲ့အတွက် ခရိုင်အဆင့် ကော်မတီဝင်လျှောက်ဖို့ သူမမိတ်ဆွေက တိုက်တွန်း တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူမက ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီး သူမဝတ်ပြုတဲ့ ဘုရား ရှိခိုးကျောင်း ရဲ့သင်တန်းတာဝန်ခံနဲ့ ဝေယျာဝစ္စအဖွဲ့ဝင် တစ်ယောက်ဖြစ်လို့ အလုပ်အလွန်များပါတယ်။ လူမှုရေး ကိစ္စလည်း များတဲ့သူတစ်ယောက်ပဲ။ တွေ့ချင်ရင်တောင် ဖုန်းနဲ့ ကြိုချိန်းရပါတယ်။အဲဒီလောက် အလုပ်များတာ။ နောက်ပြီးတော့ စည်ပင်သာယာလုပ်ဖို့ဆိုရင် တိုက်အောက်ပလက်ဖောင်း ဈေးသည်တွေနဲ့တင် ဦးနှောက် ခြောက်လွန်းလို့ လို့ပြောပါတယ်။ ဟုတ်ပါတယ်။ ရန်ကုန်မှာကတော့ စည်ပင်သာယာနဲ့ လမ်းဘေးဈေးသည် တွေက လုံးလည်ချာလည်လိုက်နေတာပါ။ ခုတလောမှာရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။ဟိုတုန်းကလိုဆိုရင်တော့ မြူ နီစပါယ် လူကြီးရွေးကောက်ပွဲပေါ့။ ဒီလိုရွေးကောက်ပွဲမလုပ်တာ နှစ်ပေါင်း ၆၀ လောက်ရှိပါပြီ။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုဘအေးတို့ ငယ်ငယ်က ဘကြီးတစ်ယောက် ပုသိမ်မြူ နီစပါယ်လူကြီး နေရာဝင်ရွေးဖူးတဲ့ အကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးဖူးပါတယ်။ကိုဘအေးက (၅၁)ခုဖွားပါ။အဲဒီတုန်းကအကြောင်းတွေ ခပ်ရေးရေးလောက် မှတ်မိတယ်ဆိုတော့ သူငယ်တန်းအရွယ်လောက်တော့ရှိပြီ။ ကိုဘအေးက ကျန်းမာရေးချူ ချာလို့ (၆)နှစ်ရောက်မှ သူငယ်တန်းစနေတာပါ။ ဒါ့ကြောင့်လည်း ပိုတဲ့ဆန္ဒမဲပြားတွေကို ဆော့ရတဲ့အကြောင်း မှတ်မိနေတာပေါ့။ ခုတော့လည်း မြူ နီစပါယ် လူကြီးရွေးကောက်ပွဲ ဒါမှမဟုတ် စည်ပင်သာယာကော်မတီဝင် ကိုယ်စားလှယ် ရွေးချယ်ပွဲက သံသရာတစ်ပတ် လည်လာပြန်တာပေါ့နော်။

ဒါနဲ့ပဲ ကိုဘအေးလည်း စည်ပင်သာယာကော်မတီဝင် အဆင့်ဆင့်ကို ဘယ်လိုရွေးချယ်မလဲ ဘယ်လိုသတ်မှတ် ချက်တွေ ရှိလဲဆိုတာ လေ့လာကြည့်မိပါတယ်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လေးယောက် ၊ ခရိုင်လေးခရိုင်မှ တစ်ခရိုင်လျှင် (၃)ဦးစီ နှင့် စုစုပေါင်းကိုယ်စားလှယ်(၁၂)ယောက် ၊ မြို့နယ် (၃၃)မြို့နယ် (အကြမ်းဖျဉ်းသတ်မှတ်တုန်း က ဆိပ်ကမ်းမြို့နယ်မပါ (၃၂) မြို့နယ်ဖြစ်ပြီး တကယ်လုပ်တော့ ဆိပ်ကမ်းမြို့နယ် ပါထည့်လိုက်တာပါ) တစ်မြို့နယ်လျှင် သုံးဦးစီနဲ့ မြို့နယ်ကိုယ်စားပြု  ကိုယ်စားလှယ်ပေါင်း (၉၉)ယောက် အဆင့်အားလုံးပေါင်း ပြည်သူများ ကရွေးချယ်တင်မြှောက်ပေးရမှာ ကိုယ်စားလှယ်ပေါင်း (၁၁၅) ယောက် ရှိမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း ဟာ (က) နိုင်ငံသားမိဘနှစ်ပါးကမွေးဖွားတဲ့ မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။ (ခ) အမည်စာရင်းတင်သွင်းတဲ့ နေ့ရက်မှာ အသက် (၄၅)နှစ်ထက်မငယ် ၊ အသက်(၆၅)နှစ်ထက်မကြီးသူ ဖြစ်ရပါမယ်။ (ဂ) မြို့တော်နယ်နမိတ် အတွင်းရှိ သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်းအနည်းဆုံး (၁၀)နှစ် နေထိုင်လျှက်ရှိပြီး လက်ရှိကိုယ်စားလှယ်အဖြစ် တင်သွင်းချိန်တွင် အိမ်ထောင်စုစာရင်းအရ အမှန်တကယ်နေထိုင်သူဖြစ်ရပါမယ်။(ဃ) မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်တွေကို သိရှိနားလည်ဆောင်ရွက်နိုင်တဲ့ ဗဟုသုတ အရည်အချင်းရှိသူဖြစ်ရပါမယ်။ (င) ဤနည်းဥပဒေများ နည်းဥပဒေ(၃၄)ပါ ပြဋ္ဌာန်းချက်များနဲ့ ငြိစွန်းခြင်းမရှိသူ ဖြစ်ရပါမယ်။ (စ) နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရပါမယ်။

ခရိုင်စည်ပင်သာယာရေး ကော်မတီမှာ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ (က) နိုင်ငံသားမိဘနှစ်ပါး ကမွေးဖွားတဲ့ မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။ (ခ) အမည်စာရင်းတင်သွင်းတဲ့နေ့မှာ အသက်(၄၀)နှစ်ထက်မငယ် (၆၀)နှစ်ထက်မကြီးသူ ဖြစ်ရပါမယ်။ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှာ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်ဟာ (က) နိုင်ငံသားမိဘနှစ်ပါးကမွေးဖွားတဲ့ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ (ခ) အမည်စာရင်း တင်သွင်းတဲ့နေ့မှာ အသက် (၃၅)နှစ်ထက်မငယ် ၊ အသက်(၅၅)နှစ်ထက်မကြီးသူဖြစ်ရပါမည်။ရွေးချယ်ယှဉ်ပြိုင် လိုတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အောက်တိုဘာလ (၇)ရက်ကနေ (၂၄)ရက်အထိ အမည်စာရင်း တင်သွင်းနိုင်ပြီး သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ နိုဝင်ဘာ (၃)ရက်နေ့မှာ ထုတ်ပြန်ကြေညာ ပေးသွားမယ်လို့ဆိုပါတယ်။ မြို့နယ် ၊ ခရိုင်ကော်မရှင်တွေကလျှောက်တဲ့ သူတွေများပြီး နေရာတွေ ပြည့်ကုန်ပြီလို့ သိရပါတယ်။ အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့အတွက် ပါတီစုံရွေးကောက်ပွဲလို အသက်(၁၈)နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရမှာမဟုတ်ဘဲ အိမ်ထောင်စုတစ်စုတွင် အိမ်ထောင်ဦးစီး (သို့မဟုတ်) အိမ်ထောင်စုကိုကိုယ်စားပြုတဲ့ အသက်(၁၈)နှစ်ပြည့်ပြီးတဲ့ အိမ်ထောင်စုဝင် တစ်ဦးသာ မဲပေးခွင့် ရှိတယ်လို့သိရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ၃၃ မြို့နယ်က ပြည်သူအားလုံးကို မဲပေးခွင့်ပြုမယ်ဆိုပါက ဘဏ္ဍာရေးအခြေအနေအရ ၊ အချိန်ကာလအရ မလုံလောက်တဲ့အတွက်ကြောင့် အိမ်ထောင်စုတစ်စုမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ဆန္ဒမဲပေးပိုင်ခွင့် တစ်ဦးသာ ပြုထားတာလို့ ဆိုပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကိုဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မဲပေးတဲ့ ပြည်သူများအနေနဲ့ မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လျှို့ဝှက်မဲပေးစနစ်နဲ့ လွတ်လပ်စွာမဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဟာ ဆန္ဒမဲ ပေးနိုင်ခွင့်ရှိသူများ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲပေးချိန်အတွင်း မဲဆန္ဒရှင်များ အားလုံးမဲပေးနိုင်ရေးနဲ့ လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကို ရှေးရှုပြီး မဲရုံတစ်ရုံစီမှာ ဆန္ဒမဲပေးရမယ့် ဦးရေနဲ့ မဲရုံအရေအတွက်ကို နည်းဥပဒေအရ လိုအပ်သလို သတ်မှတ်နိုင်ပါတယ်။ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံကိုနံနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ထားရှိမှာဖြစ်ပြီး ညနေ ၄ နာရီမတိုင်မီ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံကိုပိတ်မှာ ဖြစ်ပါတယ်။မဲရုံမှာ မဲပုံးခုနစ်ပုံး ထားရှိသွားမှာဖြစ်ကာ (၁) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အတွက် မဲပုံးတစ်ပုံး။ (၂) ခရိုင်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (ရပ်မိရပ်ဖ)အတွက် မဲပုံးတစ်ပုံး။ (၃) ခရိုင်စည်ပင်သာယာရေးကော်မတီဝင် (အတတ်ပညာရှင် အသိပညာရှင်)အတွက် မဲပုံးတစ်ပုံး ။ (၄) ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (လူမှုအဖွဲ့အစည်း)အတွက် မဲပုံးတစ်ပုံး ။ (၅) မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ) အတွက် မဲပုံးတစ်ပုံး ။ (၆) မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင် ၊ အသိပညာရှင်)အတွက် မဲပုံးတစ်ပုံး ။ (၇) မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် (လူမှုအဖွဲ့အစည်း) အတွက် မဲပုံးတစ်ပုံးဖြစ်ပါတယ်။အဲဒီနေ့မှာ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေကို ၄၈ နာရီအတွင်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။ ဒီရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးရန်ကုန် မြို့နေ လူထုအတွင်း တော်တော်များများက မသိကြပါဘူး။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူလူထုက သိရှိစိတ်ဝင်စားလာအောင် ကိုယ့်မြို့ ၊ ကိုယ့်ရွာ ၊ ကိုယ့်ရပ်ကွက် စည်ပင်ဖွံ့ဖြိုးလာအောင် အမှန်တကယ် အားကြိုးမာန်တက် လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မယ့် သူကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သင့်ပါတယ်။အခုဟာက နီးစပ်ရာ အသိုင်းအဝိုင်းလောက်ပဲ သိကြတဲ့သဘောဖြစ်နေပါတယ်။ ဒီရွေးကောက်ပွဲကိစ္စကို ပြည်သူတွေ ကြားမှာ ပြောသံဆိုသံသိပ်မကြားမိပါ။ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အားခဲထားကြသူတွေ ကြားဖြတ်မလုပ်ဖြစ်တော့လို့ ရွေးကောက်ပွဲဆို စိတ်ပျက်သွားကြပြီလား။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တာဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရပါ။ ကိုယ့်တိုင်းပြည် ၊ ကိုယ့်နိုင်ငံ၊ကိုယ့်ပြည်နယ်တိုင်း ၊ ကိုယ့်ရပ်ရွာကိုယ့်ဒေသ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးနိုင်တဲ့သူ (ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ရတဲ့သူ၊ဒါကလည်းလက်တွေ့ကျမှ ကြည့်ရမှာလေ) ကိုရွေးချယ်ပေးရမှာလေ။

အခုလည်းရန်ကုန်မြို့တော် ကြီးရဲ့ စည်ပင်သာယာဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ၊ အစွမ်းဆောင်နိုင်ဆုံး လုပ်ပေးမယ့် သူကိုရွေးချယ် ပေးရမယ့်ပွဲကြီးဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ကြီးမှာ အမှိုက်တွေပုံနေတာ ၊ လမ်းတွေ ပျက်နေတာ ၊ လမ်းမကြီးတွေ ပလက်ဖောင်းမရှိတာ ၊ ရေမြောင်းတွေမရှိတာ ၊ ရေမြောင်းတွေ ပိတ်နေတာ ၊ ယာဉ်ကြောတွေ ကြပ်နေတာအခုလက်ရှိမြို့တော်စည်ပင်ဟာ နိုင်နင်းအောင် မလုပ်နိုင်ပါဘူး။ မြို့တော်စည်ပင်ဟာ အမှိုက်တစ်ခုတည်းကိုပဲ နိုင်အောင်မသိမ်းနိုင်ပါဘူး။ ကြုံသလိုအမှိုက်ပစ်နေရတဲ့ ကိုဘအေးတို့ သာကေတမှာ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ပေးတဲ့ အမှိုက် တွန်းလှည်းကို တစ်အိမ်ကိုတစ်လ ၅၀ဝ ကျပ်နဲ့ အမှိုက်ပစ်ရပါတယ်။အရင်တုန်းကတော့ မြောင်းတွေ လာဖော်ပေးတယ်လို့ သိရပါတယ်။ အခုဆိုမြောင်းတွေပိတ်ပြီး ခြင်တွေပေါက်ဖွားတဲ့ အတွက် သာကေတဟာ ခြင်အရမ်းကိုက်ပါတယ်။ မြောင်းဖော်တယ်ဆိုတာလည်းကိုယ့်ရပ်ကွက် ၊ ကိုယ့်လမ်းအစီအစဉ်နဲ့တင် လုပ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ရေဆိုးတွေက တစ်ဆက်တစ်စပ်တည်း စီးဆင်းသွားဖို့လိုပါတယ်။အဲဒီတော့ ဆက်စပ်မှုရှိတဲ့ မြို့နယ်အလိုက် ခရိုင်အလိုက် လူထုလှုပ်ရှားမှုအသွင်နဲ့လုပ်သွားနိုင်ရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေကလည်း မြို့နယ်စည်ပင်ရဲ့ တာဝန်တွေပါပဲ။ လမ်းတွေတောင် ကိုယ်ထူ ကိုယ်ထခင်းနေကြရတာပါ။ဘတ်ဂျက်မရှိလို့ ဝန်ထမ်းအင်အား မလုံလောက်လို့ ဆိုတာနဲ့ပဲ ပြည်သူလူထုက အမှိုက်ပုံတွေကြားမှာ ရေပြည့်နေတဲ့ ရေမြောင်းတွေဘေးမှာ ခြင်တွေယင်တွေ ကြွက်တွေကို အဖော်လုပ် နေရတာပါ။ ပြည်သူလူထုစည်းကမ်းမဲ့တာတွေလည်းရှိပါတယ်။

ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူနိုင်ရင်တော့ စည်းကမ်းမဲ့မှုတွေ ပျောက်သွားနိုင် ပါတယ်။ နိုင်ငံတကာသွားနေတဲ့သူတွေ အပြောအရလည်း နိုင်ငံခြားမှာ စည်းကမ်းရှိတာတွေကို သိနေရ ပါတယ်။ ဒီတော့ ခုရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက ကိုယ့်မြို့ကိုယ့်ရွာရဲ့ အခုပြောပြတဲ့ လိုအပ်ချက် တွေကိုဘယ်လိုလုပ်ပေးနိုင်မလဲ ၊ ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာ ကြည့်ရဦးမှာပေါ့နော်။ ရွေးကောက်ပွဲဝင်မယ့် သူတစ်ဦးကတော့ “လုပ်ပိုင်ခွင့်တွေက ဘယ်လိုရလာမလဲ ဆိုတာတော့ မသိသေးပါဘူး” ပြည်သူကရွေးကောက်ထားတဲ့ သူဖြစ်မှာဆိုတော့ တာဝန်ကတော့ လက်ရှိရှိနေသူတွေထက် ပိုတာဝန်ကြီး မှာပေါ့။ နိုင်ခဲ့ရင် ကိုယ်ပြု ပြင်နိုင်သလောက် ပြုပြင်ပေးဖို့ ၊ ပြောခွင့်ရသလောက် ပြောပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ခဲ့တာပါ”လို့ ပြောတာတွေ့ရပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အစိုးရက ပြည်သူတွေဝင်ရောက်နိုင်ဖို့ နေရာလွတ်တွေ ဖန်တီးပေးခြင်းများရှိပြီး ၊ ယင်းနေရာလွတ်များကို ပြည်သူများ ၊ နိုင်ငံရေးပါတီများ ၊ ပညာရှင်များကဝင်ရောက် နေရာယူခြင်းမျိုး နည်းပါးနေသေးတာကို တွေ့ရကြောင်းနဲ့ ယခုကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲကို ပြည်သူတွေ ယခုထက်ပိုပြီး စိတ်ဝင်တစား ဝင်ရောက် ယှဉ်ပြိုင်သင့်တယ်လို့ အင်္ဂလန်နိုင်ငံမှာ နိုင်ငံရေးသိပ္ပံပညာရှင် ဒီပလိုမာတက်ရောက်နေတဲ့ သူတစ်ဦးပြောတာကိုတွေ့ရပါတယ်။ “အဓိကကနေရာလွတ်တွေ ရလာတာကို လုပ်ပိုင်ခွင့်ရတာမရတာထက် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ လိုပါတယ်။ဘာလို့လဲဆိုတော့ အခုမြန်မာ့နိုင်ငံရေးကိုလေ့လာကြည့်ရင် အရင်က ထင်သလိုလုပ်တာတွေ ခွင့်မပြုတော့တာတွေ့ရပါတယ်။ဒီတော့ ဝင်ပြိုင်ကြပါ။ နိုင်ခဲ့ရင် ကိုယ့်ကိုမဲပေးတဲ့ ပြည်သူတွေ လိုအပ်ချက်တွေကို ကိုယ်တတ်နိုင်သလောက် လုပ်ပေးပါ။ ကိုယ့်ဝန်းကျင်က လူတွေမဟုတ်တာ မလုပ်နိုင်ဖို့ စောင့်ကြည့်ပါ။ ဘာမှမထူးပါဘူးဆိုပြီး ဝင်မပြိုင်ရင်တော့ ဘာမှမထူးဘူး ဖြစ်မှာပေါ့” လို့ ၄င်းကပြောပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။အသက်(၃၅)နှစ်နဲ့ အထက် သတ်မှတ်ထားတဲ့အတွက် လူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်မှု မရှိတဲ့အပေါ်မှာရယ် ၊ နိုင်ငံရေးပါတီဝင်ဖြစ်တဲ့သူတွေ ဝင်ရောက်ယှဉ်ပြိုင် ခွင့်မရဘူးဆိုတဲ့ အပေါ်မှာရယ် ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်လို့တော့ သိရပါတယ်။

ကိုဘအေးတောင် ခရိုင်အဆင့်လောက်တော့ ဝင်အရွေးခံဦးမလို့ပါ။ အသက်က over sixty ဖြစ်နေလို့ စိတ်လျှော့လိုက်ရတာ။ ကိုယ့်မြို့နယ်ကကိုယ်စားလှယ်လောင်းတွေပဲမဲပေးဖို့ရှိတော့တာပေါ့။ ကဲ … ဒီတော့ ကိုဘအေးတို့ရဲ့ ကျေးရွာတွေ ၊ ရပ်ကွက်တွေ မြို့နယ်တွေမှာအမှိုက်တွေ ပုံမနေအောင် ၊ လမ်းတွေကောင်း နေအောင် ၊ ရေမြောင်းတွေလည်း တသွင်သွင်စီးဆင်းနေအောင် လုပ်ဆောင်ပေးမယ့် ကိုယ်စားလှယ်လောင်း ကြီးတွေကို ရွေးချယ်ပေးဖို့အတွက် ဒီဇင်ဘာ (၂၇)ရက်နေ့မှာနံနက် ၆ နာရီကနေညနေ (၄)နာရီမဲရုံမပိတ်ခင် အလျင်အမြန်ပြေးလို့ ဆန္ဒမဲတွေ ပေးလိုက်ကြရအောင်နော်။

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *