တပေါင်းလဟာ မြန်မာလများတွင် ၁၂-လမြောက်ဖြစ်ပါတယ်။ တစ်နှစ်တာရဲ့ နောက်ဆုံးလလည်းဖြစ်ပါတယ်။
တပေါင်းလရဲ့ ပထမလ၀က်ဟာ ဆောင်းရာသီမှာ ကျရောက်ပြီး ဒုတိယလ၀က်ကတော့ နွေရာသီမှာ ကျရောက်ပါတယ်။ ဒါကြောင့် ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်ပါတယ်။
တပေါင်းလပြည့်နေ့ ဟာ ကာဠုဒါယီ မထေရ် က ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူပါရန် ဘုရားရှင်အားလျှောက်ထားသည်ကို အကြောင်းပြုပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ ၎င်းလျှောက်ထားချက်အရ မြတ်စွာဘုရားက ရဟန္တာပေါင်းနှစ်သောင်း ခြံရံပြီး မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ်ပြည်သို့ တစ်နေ့လျှင် တစ်ယူဇနာ ခရီးဖြင့်ရက်ပေါင်းခြောက်ဆယ် ဒေသစာရီကြွချီတော်မူခြင်း ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ စတင်ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
ရှေးယခင်က တပါင်းလပွဲတော်ဟာ သဲပုံစေတီပွဲတော် ဖြစ်ပြီး သဲပုံစေတီပွဲတော်ဟာ ပုဂံခေတ်(သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့ကြောင်း အချို့က ဆိုကြပါတယ်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပြီး တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့ပါတယ်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြပါတယ်။
တပေါင်းလမှာ ရာသီဥတု သာယာတာနှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့ပါသေးတယ်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိပါတယ်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြားသိ သောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေခဲ့ပါတယ်။ ဒါကြောင့် အမတ်တယောက်အား အခြွေအရံ တထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်းပါတော့တယ်။ ထိုအမတ်ဟာ ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားခဲ့ပါတယ်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ခဲ့တာကြောင့် မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင်စေလွှတ်ခဲ့ပါတယ်။ သို့သော် အားလုံးရဟန်းပြု၍ နေကြပြန်ပါတယ်။ ဆယ်ကြိမ်မြောက်မှာတော့ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်ခဲ့ပါတယ်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များ နှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်တဲ့အခါမှာတော့ လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့် အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်ခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့် နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့ပါတယ်။ တပေါင်းလပြည့်နေ့ဟာ ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့ပါတယ်။ ဒါ့အပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ဥက္ကလာပမင်းကြီးတပုဿနှင့်ဘလ္လိက ကုန်သည် ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထား ခဲ့သည်ဟု သမိုင်းမှာဆိုထားပါတယ်။
ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖခမည်းတော်{ဖခင်}ကို ကျေးဇူးဆပ်ခဲ့သောနေ့ ၊ မြတ်စွာဘုရားရှင် ပြည်တော် ဝင်ရန် စတင်ကြွလှမ်းသောနေ့ #တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓ ပြည်တော်ဝင်ဥပုသ်နေ့ အခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှင်၏ တရားဓမ္မတို့နှင့် မွေ့ပျော်ပြီး ဒါန သီလ ဘာဝနာ ဥပုသ်သီလဆောက်တည်ခြင်း ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်နိုင်ကြစေဖို့ တိုက်တွန်းနှိုးဆော်အပ်လိုက်ပါတယ်ခင်ဗျာ။
မတ်လ ၂၄ ရက်နေ့တွင် ကျရောက်သော တပေါင်းလ ပြည့်နေ့မှာ မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေလို့ ICT.com.mm မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။