Archive, News

ကမ္ဘာကျော် အီတာလျံကားကုမ္ပဏီ Lamborghini ရဲ့ သမိုင်းကြောင်း

ကမ္ဘာကျော်အီတာလျံကားကုမ္ပဏီ Lamborghini ရဲ့ သမိုင်းကြောင်း Lamborghini ဆိုတာကမ္ဘာတစ်လွှားမှာရှိတဲ့ ကားချစ်သူတွေရဲ့  ချစ်ခင်နှစ်သက်မှုကိုရရှိထားတဲ့ အီတာလျံအမှတ်တံဆိပ် တစ်ခုဆိုတာ Motors.com.mm ရဲ့ စာဖတ်ပရိသတ်ကြီး သိရှိပြီးဖြစ်ပါလိမ့်မယ်။ Lamborghini ကားတွေက ဒီဇိုင်းအပိုင်းမှာအံ့မခန်းဖြစ်သလို စွမ်းဆောင်ရည်အပိုင်းမှာလည်း ပြီးပြည့်စုံမှုရှိတယ်။ ဒီကားတွေက သူတို့ရဲ့ကျော်ကြားမှုကို အလွယ်တကူ ရလာခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ Lamborghini အမှတ်တံဆိပ်ရဲ့နောက်ကွယ်မှာ ထူးခြားဆန်းပြားတဲ့ သမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ Motors.com.mm ရဲ့စာဖတ်ပရိသတ်ကြီးအတွက် ဒီတစ်ပတ်မှာနာမည်ကျော် Lamborghini ရဲ့အကြောင်း တင်ဆက်ပေးပါရစေ။ Lamborghini ကုမ္ပဏီကို Ferrucio Lamborghini ဆိုတဲ့ပုဂ္ဂိုလ်ကြီးက ၁၉၆၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူကစစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဘယ်အရာကိုမဆို လိုအပ်တဲ့ကိရိယာတွေ၊ အပိုပစ္စည်းတွေမရှိဘဲနဲ့ပင် ဆင်နိုင်စွမ်းရှိတဲ့ပါရမီရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ မော်တော်ကားနဲ့ ဆိုင်ကယ်တွေပြုပြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ခဲ့ပေမယ့် သူနေထိုင်ရာဒေသမှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာကြာင့် ၅၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ ‘ Lamborghini Trattori S.p.A ’ ဆိုတဲ့ ထရက်တာ (လယ်ထွန်စက်) ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့ထရက်တာကုမ္ပဏီက ကျော်ကြားလာခဲ့ပြီး ၆၀ ခုနှစ်ရောက်တဲ့အခါတစ်လကို ထရက်တာအစီးရေလေးရာကျော် ထုတ်လုပ်ရောင်းချနိုင်တဲ့ အဆင့်အထိဖြစ်လာခဲ့တယ်။ Ferrucio Lamborghini ရဲ့ ကြွယ်ဝမှုက တစ်စတစ်စတိုးပွားလာပြီး ဈေးကြီးတဲ့ကားတွေကို ဝယ်ယူစုဆောင်းလာနိုင်ခဲ့တယ်။ တကယ်တမ်းပြောရရင် ၅၀ ခုနှစ်တွေတုန်းကတည်းက အဲ့ဒီ့ခေတ်အချိန်အခါမှာ နာမည်ကျော်ကားတွေဖြစ်တဲ့ Lancia, Alfa Romeo စတာတွေအပြင် Maserati 3500 GTနှစ်စီး၊ Mercedes-Benz 200SL, Jaguar E-Type Coupe စတဲ့ကားတွေကိုပိုင်ဆိုင်ခဲ့ပြီး ရက်သတ္တပါတ်တစ်ခုလုံး ကားမထပ်အောင်စီးနိုင်တဲ့သူလည်းဖြစ်ခဲ့တယ်။

၁၉၅၈ ခုနှစ်မှာ Ferrari 250 GT ကိုဝယ်ယူဖို့ Enzo Ferrari (Ferrari ကုမ္ပဏီကိုတည်ထောင်ခဲ့သူ) နဲ့တွေ့ဆုံခဲ့ပြီး ဒီနေ့ခေတ်မှာနာမည်ကျော်နေတဲ့ Lamborghini ကားတွေဖြစ်လာမယ့် အကြံဉာဏ်တွေအတွက် လမ်းစရခဲ့ပါတယ်။ အဲ့ဒီ့အချိန်က Ferrari ကားတွေမှာအတွင်းခန်းညံ့တာကို Ferrucio Lamborghini ကသတိပြုမိခဲ့ပြီး ဒီ့ထက်သာတဲ့ဇိမ်ခံကားကောင်းတွေ ထုတ်ဖို့အတွေးပေါက်ခဲ့တယ်။ ဒီအတွေးကမကြာခင်မှာ အကောင်အထည်ပေါ်လာပြီး AutomobiliLamborghini S.p.A ဆိုတဲ့ ကုမ္ပဏီကိုတည်ထောင်လို့ အကောင်းဆုံးဆိုတဲ့ Grand Tourer ကားတွေကိုစတင်ဖန်တီးပါတော့တယ်။ ကုမ္ပဏီတည်ထောင်ပြီး လေးလအကြာမှာတော့ ပရိုဖက်ရှင်နယ် ဒီဇိုင်နာတွေ၊ Ferrari ကအင်ဂျင်နီယာတွေရဲ့  ကြိုးပမ်းအားထုတ်မှုနဲ့ Lamborghini ရဲ့ ပထမဆုံးကားမော်ဒယ်လ်ဖြစ်တဲ့ Lamborghini 350GTV ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ Lamborghini ရဲ့ အစောပိုင်းကာလများ Lamborghini 350GTV က လူတွေရဲ့ စိတ်ဝင်စားမှုကိုရခဲ့တာတောင် Ferruccio Lamborghini ကထုတ်လုပ်မှုအတွက် ဒီကားကိုမွမ်းမံမှုတွေ ထပ်လုပ်ခဲ့ပါတယ်။ အသွင်သစ်နဲ့ဖန်တီးထားတဲ့ 350GTV ကို ၁၉၆၄ ခုနှစ် ဂျီနီဗာမော်တာရှိုးမှာ ဖော်ထုတ်ပြသခဲ့ပြီး ကားဝါသနာရှင်တွေနဲ့ မီဒီယာတွေရဲ့အပြုသဘောဆောင် အကောင်းမြင်တဲ့ဝေဖန်မှုတွေ၊ သုံးသပ်ချက်တွေရခဲ့တယ်။ တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ 350GT ကို အခြေခံတည်ဆောက်ထားပြီး ကိုယ်ထည်ပိုကြီးသလို အင်ဂျင်ပါဝါလည်း ပိုကောင်းတဲ့ 400GT ကိုမိတ်ဆက်ခဲ့ပါတယ်။ ၁၉၆၆ မှာတော့ လူလေးယောက်အထိစီးနိုင်ပြီး မိသားစုသုံးကားအဖြစ်လည်းအသုံးပြုနိုင်တဲ့ 400GT မော်ဒယ်လ်ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကရောင်းအားကောင်းလှတာကြောင့် ကုမ္ပဏီရဲ့ ဝန်ထမ်းဦးရေက ၁၇၀ အထိဖြစ်သွားတယ်။ ၁၉၆၇ ခုနှစ်မှာ Ferruccio က 400 နဲ့ 350GT မော်ဒယ်လ်တွေရဲ့ နောက်ထပ်မူကွဲကို မိတ်ဆက်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး ဘဝင်မကျလို့ ဒီကိစ္စကိုလုပ်ခဲ့ပါဘူး။ အဲဒီ့အစားကမ္ဘာကျော်ကားမော်ဒယ်လ်တစ်ခုဖြစ်တဲ့ Miura ကိုဖန်တီးခဲ့ပြီးဒီကားက Lamborghini ရဲ့ရောင်းအားအကောင်းဆုံး ကားတွေထဲမှာ တစ်စီးအပါအဝင်ဖြစ်ခဲ့တယ်။ ၁၉၇၃ ခုနှစ်အထိ ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။

၁၉၆၉ ခုနှစ်မှာ Lamborghini ကနာမည်ကျော် Espada မော်ဒယ်လ်ကိုထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီမှာပထမဆုံးသာအစီးရေ 1,200 ကျော်အထိ ထုတ်လုပ်ခဲ့ရတဲ့မော်ဒယ်လ်ဖြစ်ခဲ့တယ်။ နှစ်အနည်းငယ်အကြာမှာ ကိုယ်ထည်တိုပြီး Sport ဆန်တဲ့ Jarama ကိုထုတ်ခဲ့တယ်။ ၁၉၇၃ ခုနှစ်မှာတော့ Countach အမည်ရကားမော်ဒယ်လ်သစ်ကို မိတ်ဆက်ခဲ့ပြီး ဒီကားကလည်းရောင်းအကောင်းဆုံး စာရင်းဝင်ခဲ့ပါတယ်။ ကုမ္ပဏီစတင်တည်ထောင်ပြီး ၇၀ ခုနှစ်တွေ အဆုံးရောက်တဲ့အထိ ထုတ်သမျှကားတွေက နာမည်ကျော်ပြီးရောင်းကောင်းခဲ့ပေမယ့် ရောင်းရတဲ့အရေအတွက်က သိသာထင်ရှားထဲ့ ပမာဏမျိုးမဟုတ်ပါဘူး။ ဒီနေ့ခေတ် နာမည်ကျော်ကားတွေလို အစီးရေသန်းချီရောင်းရတာမျိုး မဟုတ်ဘဲအများဆုံး ထောင်ဂဏန်းလောက်ပဲရောင်းခဲ့ရတာပါ။ ဒါကြောင့် ၇၀ ခုနှစ် အဆုံးပိုင်းကိုရောက်လာတဲ့အခါ Lamborghini အနေနဲ့အရှုံးတွေကိုရင်ဆိုင်ခဲ့ရပြီး ကုမ္ပဏီကဒေဝါလီခံခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီကို အစားအသောက်နဲ့ပတ်သက်လို့  နာမည်ကျော်စွန့်ဦးတီထွင်သူတွေဖြစ်တဲ့ Patrick Mimran နဲ့ Jean-Claude တို့ကလက်လွှဲယူခဲ့ပါတယ်။ ၈၀ ခုနှစ်နောက်ပိုင်း Lamborghini ပိုင်ရှင်သစ်၊ ဦးဆောင်မှုသစ်ရဲ့အောက်မှာတော့ ဒီကုမ္ပဏီက Silhouette မော်ဒယ်လ်ကို ဒီဇိုင်းပြန်လည်ပြင်ဆင်ထားတဲ့ Jalpa မော်ဒယ်လ်ကို ပထမဆုံးမိတ်ဆက်ခဲ့တယ်။ ၁၉၈၄ ခုနှစ်မှာ SUV (Sport UtilityVehicle) အမျိုးအစားဖြစ်တဲ့ LM002 ကိုထုတ်လုပ်ခဲ့ပါတယ်။ ဦးဆောင်မှုအသစ်ရဲ့ ကြိုးစားအားထုတ်မှုနောက်မှာတော့ ကုမ္ပဏီကသူ့ခြေ ထောက်ပေါ်သူ ပြန်လည်ရပ်တည်လာနိုင်ခဲ့တယ်။ Lamborghini ကိုအသက်ဆက်ရှင်သန်နိုင်စေဖို့ Mimran ညီအစ်ကိုတွေက ပမာဏများများ၊ တည်တည်ငြိမ်ငြိမ် ထောက်ပံ့မှုတွေလုပ်နိုင်တဲ့ ပါတာနာတွေကိုရှာဖွေခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်ရာက်တဲ့အခါ ChryslerCorporation က ကန်ဒါ်လာ ၂၅.၂ သန်းနဲ့ Lamborghini ကိုရယူခဲ့တယ်။ ကုမ္ပဏီဆက်လက် ရပ်တည်နိုင်စေဖို့ ပိုင်ရှင်ဟောင်းတွေက Chrysler ကို ကန်ဒေါ်လာ သန်း ၅၀ ချေးငွေထုတ်ပေးခဲ့ရပါတယ်။ ၉၀ ခုနှစ်တွေဆီရာက်တဲ့အခါ Lamborghini Diablo ကို ထုတ်လုပ်နိုင်ခဲ့ပြီးဈေးကွက်ထဲမှာ အမြန်ဆုံးကားအဖြစ် နာမည်ကျော်ခဲ့တယ်။ ၁၉၉၁ ခုနှစ်အထိ Diablo မော်ဒယ်လ်ကအောင်မြင်မှုတွေရခဲ့ပေမယ့် တစ်နှစ်လောက်ကြာတဲ့အခါ ရောင်းအားကျလာပြီး Chrysler ကလည်း Lamborghini ကို လက်လွှဲပေးဖို့ ပိုင်ရှင်သစ်ထပ်ရှာရပြန်ပါတယ်။

၁၉၉၄ ခုနှစ်မှာ Lamborghini ကို MegaTech ကုမ္ပဏီဆီ ကန်ဒေါ်လာသန်း ၄၀ နဲ့ရာင်းချခဲ့ရတယ်။ MegaTech ကလည်း Lamborghini ရဲ့ ဘဏ္ဍာရေးအခြေအနေကို ထိန်းမထားနိုင်တာကြောင့် Fiar S.P.A ရဲ့ အမှုဆောင်အရာရှိကို ငှားခဲ့ပါတယ်။ မကြာခင်မှာ ကုမ္ပဏီကနာလန်ပြန်ထူလာပြီး ၁၉၉၈ ခုနှစ်ရာက်တဲ့အချိန်မှာ Audi AG က Lamborghini ကို ကန်ဒါ်လာသန်းပေါင်း ၁၁၀ နဲ့ဝယ်ယူခဲ့ပြန်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ Lamborghini Murcielago ကို မိတ်ဆက်ခဲ့ပြီး ဒီမော်ဒယ်လ်ကတော့ မြောက်အမေရိကတစ်လွှားမှာ နာမည်ကောင်းရခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ Lamborghini Gallardo ကိုထုတ်လုပ်ခဲ့ပြီး အစင်းရေ ၁၄,၀၀၀ကျာ် ထုတ်ခဲ့ရတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါ Muercielago ရဲ့ ဆက်ခံသူဖြစ်တဲ့ Aventador မော်ဒယ်လ်ကိုမိတ်ဆက်ခဲ့တယ်။ ယနေ့ခေတ် Lamborghini ဒီနေ့ခေတ်အချိန်အခါမှာတော့ Lamborghini က Audi AG ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီးကမ္ဘာ့အကာင်းဆုံး Luxury Sport Type ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ Lamborghini ရဲ့ ပြိုင်ဖက်တွေက Ferrari, Porsche နဲ့ Mercedes တို့ဖြစ်ပြီး ၂၀၁၂ ခုနှစ်စစ်တမ်းတွေအရ ဒီကုမ္ပဏီအနေနဲ့ တစ်နှစ်ကိုမော်တော်ယာဉ်အစင်းရေ  ၂,၁၉၇ ထုတ်လုပ်နိုင်ပြီး ဝန်ထမ်းပေါင်းရှစ်ရာကျော် ရှိတယ်လို့သိရပါတယ်။ Lamborghini နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေက Murcielago R-GT ဟာကမ္ဘာ့အမြန်ဆုံး Lamborghini ဖြစ်ပြီးအမြန်နှုန်းအမြင့်ဆုံး 370 Km/h နဲ့မောင်းနှင်နိုင်တယ်။ ဈေးအကြီးဆုံး Lamborghini မော်ဒယ်လ်က Reventon ဖြစ်ပြီး ကန်ဒေါ်လာ ၁,၆၀၀,၀၀၀ နဲ့
ရာင်းချခဲ့ပါတယ်။ ကုမ္ပဏီကထုတ်ခဲ့တဲ့ ကားမော်ဒယ်လ်တွေရဲ့ အမည်ကိုထင်ရှားကျော်ကြားတဲ့ စပိန်သမိုင်းဝင်ဖြစ်ရပ်တွေပေါ် အခြေခံထားတယ်။ Aventador ရဲ့ ဒီဇိုင်းအတွက် အင်းဆက်တစ်ကောင်ကို တုပဖန်တီးထားတယ် လို့လည်း သိရပါတယ်။ ဒီလောက်ဆိုရင် Lamborghini ရဲ့ သမိုင်းကြောင်းက အတော်လေးစုံလင်သွားပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *