Korean Airမှ အရာရှိတစ်ဦးဟာ လေယာဉ်ပေါ်မှာ လိုက်ပါလာစဉ်မှာ လေယာဉ်၀န်ထမ်းတစ်ဦးက သူမအတွက် မြေပဲကို ပန်းကန်နဲ့ ထည့်မပေးဘဲ အိတ်နဲ့ ထည့်ပေးတဲ့အတွက် ၀န်ထမ်းကို လေယာဉ်ပေါ်မှ ဆင်းသက်စေဖို့ လေယာဉ်ကို ဂိတ်ကို ပြန်လှည့်မောင်းစေတဲ့အတွက် သူမရဲ့ ရာထူးတွေကနေ နှုတ်ထွက်သွားပါတယ်။
ကိုရီးယား နာမည် Cho Hyun-ahဖြစ်ပြီး Heather Choလို့ အနောက်နိုင်ငံသား နာမည်ခံယူထားတဲ့ သူမဟာ လေကြောင်းလိုင်းရဲ့ လေယာဉ်တွင်း ၀န်ဆောင်မှုနဲ့ ရောင်းချမှု အပါအ၀င် ဟိုတယ် စီးပွားရေးဌာနခွဲများကနေ အင်္ဂါနေ့မှာ နှုတ်ထွက်သွားတယ်လို့ လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောပါတယ်။
ဒါပေမယ့်သူမဟာ လေကြောင်းလိုင်းရဲ့ ဒုတိယဥက္ကဌရာထူးကို ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။
နောက်အဆင့်များအနေနဲ့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မှာလို့ ပြောရေးဆိုခွင့်ရှိသူက CNNကို ပြောပါတယ်။
အဆိုပါ ဖြစ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံ အင်ချီယွန်နိုင်ငံတကာ လေဆိပ်ကို ထွက်ခွာမယ့် နယူးယောက် JFKလေဆိပ်မှ လေယာဉ်တစ်စီးပေါ်မှာ စတင်ခဲ့တာပါ။
Choဟာ ပထမတန်းမှ ပန်းကန်ပြားနဲ့ သူမရဲ့ Macadamiaမြေပဲကို ထည့်ပေးရမယ့်အစား အိတ်နဲ့ ထည့်ပေးခဲ့တဲ့ လေယာဉ်၀န်ထမ်းကို လေယာဉ်ပေါ်မှ ဆင်းသက်စေဖို့အတွက် လေယာဉ်ကို ဂိတ်ကို ပြန်မောင်းစေခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ လေယာဉ်တွင်း ၀န်ဆောင်မှုဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယား သတင်းဌာန ယုံဟပ်ရဲ့ အဆိုအရ Choဟာ Korean Airမှ Chairman ဖြစ်သူ Cho Yang-hoရဲ့ အကြီးဆုံး သမီး ဖြစ်ပါတယ်။
သူဟာ ခရီးသည်တွေကို အဆင်မပြေမှုအတွက် အင်္ဂါနေ့မှာ တောင်းပန်လိုက်ပြီး ဖြစ်ရပ်ကို စုံစမ်းမယ်လို့ ပြောကြောင်း ယုံဟပ်က ရေးသားထားပါတယ်။
Korean Airကလည်း Heather Choကိုယ်စား တောင်းပန်ခဲ့ပြီး သူမက ခွင့်လွှတ်မှုကို တောင်းဆိုခဲ့ကြောင်းနဲ့ ဖြစ်ရပ်အတွက် တာ၀န် အပြည့်ယူပြီး ရာထူးကနေ ဆင်းပေးမှာ ဖြစ်ကြောင်း ပြောတယ်လို့ ယုံဟပ်က ရေးသားထားပါတယ်။
Korean Airက လေယာဉ်ပေါ်ပါသူတွေကို အဆင်မပြေမှုအတွက် တောင်းပန်ခဲ့ပြီး လုံခြုံရေးနဲ့ ပတ်သက်တဲ့ ပြဿနာများ မရှိဘူးလို့ ပြောခဲ့ပါတယ်။ လေယာဉ်ဟာ ဦးတည်ရာသို့ သတ်မှတ်ထားချိန်ထက် ၁၁ မိနစ်သာ နောက်ကျခဲ့တယ်လို့ ယုံဟက်က ပြောပါတယ်။
“ဒါဟာ အရေးပေါ် အခြေအနေမဟုတ်ပေမယ့် ၀န်ထမ်းတစ်ယောက်ကို လေယာဉ်ပေါ်က ဆင်းခိုင်းဖို့ နောက်ပြန်လှည့်ခိုင်းတဲ့ လုပ်ရပ်ဟာ ဖောင်းဖြစ်တဲ့ အပြုအမူပါ။ လေယာဉ်ပေါ်မှာ အဆင့်အတန်းမြင့်မားတဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်ဖို့ ၀န်ထမ်းအားလုံးကို ပြန်လည်လေ့ကျင့် သင်ကြားပေးမှာပါ ” လို့ လေကြောင်းလိုင်းက ပြောပါတယ်။
Korean Airရဲ့ လေယာဉ်မောင်းသူများ အဖွဲ့အစည်းက လေကြောင်းလိုင်းဟာ အပြစ်ကို ၀န်ထမ်းအပေါ်ကို ပုံချဖို့ ကြံရွယ်နေပြီး ဒုတိယ ဥက္ကဌကို ကာကွယ်နေတယ်လို့ ပြစ်တင်နေပါတယ်။
Nanyang Technological University ၀က်ဆိုက်မှ ကိုယ်ရေးအချက်အလက်များအရ Heather Choဟာ ၁၉၉၉ မှာ လေကြောင်းလိုင်းကို အလုပ်စတင်၀င်ရောက်ခဲ့ပြီး အဲဒီအချိန်ကတည်းက Korean Airကို စည်းလုံးတဲ့ ကော်ပိုရေးရှင်း တစ်ခုရဲ့ ဝိသေသ အသစ်တစ်ခု ဖြစ်အောင် တက်တက်ကြွကြွ ကြိုးစားခဲ့တာပါ။
သူမဟာ Cornell University နဲ့ the University of Southern California တို့မှာ ပညာသင်ကြားခဲ့ပါတယ်။