တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စက်တင်ဘာလ ၂၅ရက်မှ ၂၈ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ရွှေကြက်ဖ ပန်းတစ်ရာ ရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှ ကယန်းအလှ ရုပ်ရှင်ဇာတ်ကား သွားရောက် ပြသရန် စီစဉ်ထားသည်ဟု သိရသည်။
“ကယန်းအလှ ဇာတ်ကားကို ပြသနိုင်ဖို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေက ကမ်းလှမ်းထားတာတွေ ရှိပါတယ်။ လတ်တလောတော့ စက်တင်ဘာလထဲမှာ လုပ်မယ့် ရွှေကြက်ဖပန်းတစ်ရာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ပေးပို့ထားပါတယ်။ အဲဒီရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖြစ် မဖြစ်ကတော့ သေချာ မသိသေးပါဘူး။ တခြား ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ပွဲတော်တွေလည်း ရှိပါသေးတယ်။ သွားဖြစ်ရင် ထုတ်ပြန်သွားမှာပါ။ နိုင်ငံတကာမှာ ရုံတင်ပြသနိုင်ဖို့ လာရောက် ညှိနှိုင်းနေတာတွေလည်း ရှိပါတယ်”ဟု ကယန်းအလှ ဇာတ်ကား၏ ဒါရိုက်တာ အောင်ကိုလတ်က ရှင်းပြခဲ့ပါသည်။
ရွှေကြက်ဖ ပန်းတစ်ရာ ရုပ်ရှင်ပွဲတော်ကို China Film Associationနှင့် China Federation of Literacy and Art Circlesတို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ နှစ်စဉ်ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ ကိုယ်စားပြု အနုပညာရှင်များလည်း တက်ရောက်ရန် စီစဉ်လျက်ရှိပြီး တက်ရောက်မည့် အနုပညာရှင် စာရင်းကိုမူ ထပ်မံ အသိပေးကြေညာသွားမည်ဟု သိရပါသည်။
ကယန်းအလှရုပ်ရှင် ဇာတ်ကားသည် အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံရုပ်ရှင်ပွဲတော်သို့ သွားရောက်ပြသခဲ့ရာတွင် အကဲဖြတ်ဒိုင်လူကြီးများ ရွေးချယ်သည့်ဆုကို ရရှိခဲ့သည်ဟု သိရသည်။