ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံများဖြစ်သော လျှပ်စစ်မီးနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကူညီမှုပြုလုပ်ထားပါတယ်။ ကော်ပိုရေးရှင်းအနေနဲ့ သန်း ၄၅၀ကို ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုထားပါတယ်။ ကော်ပိုရေးရှင်း အနေနဲ့ တစ်နှစ်ပတ်လုံး ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်နေပါတယ်။ အမေရိကန်ဒေါ်လာ သန်း၁၇၀ကိုု အစိုးရရဲ့လမ်းညွှန်မှုများနောက်ကနေပြီးတော့ ကျေးလက်ဒေသ ရေရရှိရေးနဲ့ လျှပ်စစ်မီး ရရှိရေးကို လုပ်ဆောင်နေပါတယ်။ အခြေခံ အဆောက်အအုံတွေထဲမှာ ရေရရှိမှုနဲ့ လျှပ်စစ်မီးရရှိရေးဟာ ပိုမိုလိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ JICA ကိုယ်စားလှယ်ချုပ် တာနာကာမာဆာဟီကိုက ပြောကြားခဲ့ပါတယ်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်တွင်းလူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မြန်မာနိုင်ငံရှိ ရေရရှိရန် ခက်ခဲသည့်ဒေသများတွင် ရေရရှိရေးလုပ်ငန်းများကို နိုင်ငံတကာအလှူရှင်များ အကူအညီဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍနှင့် ပတ်သက်၍ “ဒေသတွင်း အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းတွေက များစွာ အရေးပါပါတယ်။ ဗဟိုချုပ်ကိုင်တဲ့ စနစ်တွေကို လျှော့ချဖို့ကလည်း အရေးပါပါတယ်။ ကျွန်တော်တို့တွေ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ဝန်ကြီးဌာနတွေအနေနဲ့ ဆက်လက်ပြီး ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားလိုပါတယ်”ဟု မစ္စတာဆာဟီကိုက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတော် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ထိုဒေသများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူမှုအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးအကြံ ရယူမှုများကို သြဂုတ်လ ၁၇ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ အရပ်ရပ်ရှိ ကျေးရွာများတွင် ရေရရှိရေးနှင့် မီးရရှိရေးတို့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးအချက်များ ဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ယခင်က ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ၍ ပြည်နယ်တိုင်းများသို့ ရန်ပုံငွေ ခွဲဝေချထားပေးရပါသည်။ ထိုရန်ပုံငွေဖြင့် ကျေးလက် ကျောက်ချောလမ်းများ၊ ချောင်းကူးမြောင်းကူး တံတားများလောက်သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရေရရှိရေးနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ အကူအညီဖြင့် ရေပေးရေး စီမံကိန်းများ ဆောင်ရွက်ခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မပြုလုပ်နိုင်ခဲ့ပါ။ လျှပ်စစ်မီးနှင့်ပတ်သက်၍ မြို့နှင့် နီးသော ကျေးရွာများလောက်သာ မီးလင်းနိုင်ခဲ့ပါသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ပြည်လမ်းတို့တွင် ညအချိန်ခရီးသွားခဲ့ဖူးရာ ကျေးရွာများသည် ဘက်ထရီ မီးလေးမှိတ်တုပ် မှိတ်တုပ်ဖြင့်သာနေကြရသည်ကို တွေ့ရှိရသည်။ ရေရရှိရေးအတွက်လည်း လေးငါးမိုင် ကွာဝေးသည့် နေရာများသို့ ရေစည်လှည်းများဖြင့် ရေသွားခပ်ကြရသည်။ ယခုကဲ့သို့ JICA၏ အကူအညီဖြင့် ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးများ ရရှိတော့မည် ဆိုသဖြင့် ဝမ်းမြောက်ဖွယ် သတင်းကောင်းပင် ဖြစ်ပေတော့သည်။