News

အိန္ဒိယ အယူသီးမှု ပပျောက်ရေး လှုပ်ရှားသူ လုပ်ကြံခံရ

ဂမ္မီရကျင့်စဉ်များ၊ စိတ်စွမ်းအားရှင် ဂုရုကြီးများကြောင့် ကမ္ဘာ့အလယ်၌ ထင်ရှားသော အိန္ဒိယ နိုင်ငံတွင် အယူသီးမှုများ ဖျက်သိမ်းနိုင်ရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် ကြိုးပမ်းလျက်ရှိသည့် အိန္ဒိယဆင်ခြင်တုံတရား အဓိက ဝါဒီတစ်ဦး သြဂုတ်လ ၂၀ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သိရသည်။ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ နာရမ်ဒါဒါဘိုကား အမည်ရှိ ဆရာဝန်သည် ဘာသာရေး ဆန့်ကျင်သူတစ်ဦးအဖြစ် စွပ်စွဲခံနေရသူဖြစ်ကြောင်း၊ အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာ့ရှ်တြပြည်နယ်၊ ပူနေးမြို့၌ နေထိုင်သူ အသက် ၇၁နှစ်အရွယ်ရှိ နာရမ်ဒါဒါဘိုကားသည် နံနက်ခင်း လမ်းလျှောက်ထွက်နေစဉ်အခိုက် မော်တော်ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရကြောင်း အိန္ဒိယသတင်း မီဒီယာများတွင် ဖော်ပြထားသည်။
အိန္ဒိယပြည်သူများအကြား အမြစ်တွယ်လျက်ရှိသော သဘာဝလွန် အယူသီးမှုများကို ပြောင်းလဲစေနိုင်ရန် ဆင်ခြင်တုံတရား အဓိကဝါဒီဒါဘိုကားသည် မျက်ကန်း ယုံကြည်မှုများ တိုက်ဖျက်ရေး ကော်မတီဟူသော အဖွဲ့အစည်း တစ်ရပ်ကို လွန်ခဲ့သည့် နှစ် ၂၀ကျော်ကပင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ဒေါက်တာ ဒါဘိုးကားသည် မဟာရာ့ရှ်တြပြည်နယ်အတွင်း သဘာဝလွန် အယူသီးမှုများနှင့် အောက်လမ်းမှော်ပညာများ ပိတ်ပင်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် နှစ်ပေါင်းများစွာကပင် ပြည်နယ်လွှတ်တော်ကို တွန်းအားပေးခဲ့သူဖြစ်သည်။

ဒေါက်တာဒါဘိုးကား အဆိုပြုသည့် ဥပဒေကြမ်းသည် ဘာသာရေး ဆန့်ကျင်မှု ဥပဒေကြမ်းသာ ဖြစ်ကြောင်း၊ စွပ်စွဲမှုများ ပေါ်ထွက်လာသော်လည်း ဒါဘိုးကား ကိုယ်တိုင်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အခြေခံ ဥပဒေအရ ပြည်သူတိုင်း နှစ်သက်ရာ ဘာသာတရားကို ကိုးကွယ်နိုင်ကြောင်း၊ မိမိ အဆိုပြုသည့် ဥပဒေကြမ်းသည် ဘာသာတရားကို ဆန့်ကျင်သည့် ဥပဒေကြမ်း မဟုတ်ပဲ ပြည်သူလူထုအပေါ် လှည့်ဖြား ခေါင်းပုံဖြတ်ရာတွင် အသုံးချသည့် အလေ့အထများကို ရည်ညွှန်းကြောင်း ဒါဘိုးကားက ပြောကြားခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံသည် တရားဝင်အားဖြင့် လောကီနိုင်ငံတော်အဖြစ် ရပ်တည်နေသော်လည်း သဘာဝလွန် ယုံကြည်မှုများမှာ အိန္ဒိယပြည်သူများ၏ အကြား အမြစ်တွယ်နေဆဲ ဖြစ်သည်။ ယခုကဲ့သို့ ဆင်ခြင်မှု အဓိကဝါဒီ ဒါဘိုးကား လုပ်ကြံခံရမှုကို မဟာရာ့ရှ် ပြည်နယ်ဝန်ကြီးချုပ်က ရှုတ်ချခဲ့ပြီး ကျူးလွန်သူများကို တရားခွင်သို့ ရောက်အောင် တင်ပို့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *