စမတ်ဖုန်းများစွာထုတ်လုပ်ရောင်းချနေတဲ့ အထဲကမှ HTC One ရဲ့ မျိုးဆက် စမတ်ဖုန်း သတင်းက အလှုပ်ခတ်ဆုံး ဖြစ်ခဲ့ပါ တယ်။
HTC က ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့တဲ့ HTC one ရဲ့ မျိုးဆက်ကို HTC one M8 လို့ အမည်ပေးမှာ ဖြစ်ပြီး လာမယ့် အင်္ဂါနေ့မှာ နယူးယောက်မြို့တွင် ကြေညာမှာ ဖြစ်ပါတယ်။
HTC ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်က ကုမ္မဏီရဲ့ ကျဆင်းနေတဲ့ ရောင်းအားများကို ပြန်လည်မြင့်တက်လာအောင် ပြုလုပ်ပေး နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ HTC one ဟာ သူ့ရဲ့သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည် ဒီဇိုင်းကြောင့် လူကြိုက်များ ထင်ရှားခဲ့ပါတယ်။ HTC one ဟာ စွမ်းဆောင်ရည်မြင့်မားပြီး လူစိတ်ဝင်စားမှုခြင်းခံရသော်လည်း Samsung Galaxy S4 ရဲ့ အရိပ်လွှမ်းမိုးမှုအောက်မှာပဲ ရောက်ရှိခဲ့ပါတယ်။ HTC က ဒီနှစ်မှာတော့ Samsung Galaxy S5 ရဲ့ လွှမ်းမိုးမှုဒဏ်ကို မခံရအောင် ပြင်ဆင်ထားမှာလည်း ဖြစ်ပါတယ်။
HTC one ရဲ့မျိုးဆက် စမတ်ဖုန်းနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ လများအတွင်းကပင် သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ အဲဒီဖုန်းမှာ 800 သို့မဟုတ် 805 Qualcomm Snapdragon Processor ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ပိုမိုကြီးမားတဲ့ ၅ လက်မ Display ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အလွန်လျင်မြန်စေမယ့် 3GB RAM ကိုလည်းထည့်သွင်းထားမှာ ဖြစ်ပါတယ်။
ကင်မရာကိုလည်း အဆင့်မြှင့် တင်ထားမယ့်ပုံ ပေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ ကင်မရာနှစ်လုံးကို အနောက်ဘက်မှာ တပ်ဆင်ပေး ထားမှာ ဖြစ်ပါတယ်။ HTC က Sense UI Software ကို အဆင့်မြှင့်တင်ပေးထားမှာဖြစ်ပြီး Android နှင့် တွဲဖက်အသုံးပြုမှာ ဖြစ်သလို Motion Gesture Control တွေကိုလည်း အသုံးပြုလို့ ရလာမှာ ဖြစ်ပါတယ်။ ပုံပန်းသွင်ပြင်ကတော့ ရိုးရှင်ပြီးတော့ ပိုမိုပြားတဲ့ Icon တွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။