ရိုးသားမှုက အမေရိကန် အိုးအိမ်မဲ့ အမျိုးသားတစ်ဦးကို ငွေရှာပေးခဲ့သည်ဟု သိရသည်။ ၄င်းအတွက် အလှူငွေ ကောက်ခံပေးသော ကြိုးပမ်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ကောက်ခံရရှိငွေမှာ ကြသပတေးနေ့အထိ ဒေါ်လာတစ်သိန်းပြည့်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သည့် ရက်သတ္တပတ် စနေနေ့က ဘော့စတွန်ဈေးရုံတစ်ခုတွင် ဂလင်းဂျိမ်းက ကျောပိုးအိတ်တစ်လုံးကို အမှတ်မထင် တွေ့ရှိခဲ့သည်။ အိတ်ထဲတွင် ငွေသားဒေါ်လာ ၂၄၀၀၊ ခရီးသွား ချက်လက်မှတ်များတွင် ဒေါ်လာ ၄၀၀၀၀ခန့်နှင့် ပတ်စ်ပို့တစ်ခုကို တွေ့ရှိခဲ့သည်။ ၄င်းသည် ချက်ချင်းပင် အာဏာပိုင်များကို အသိပေး အပ်နှံခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဒ်ဒေးဗစ်က အထူးကျေးဇူးတင် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
သို့သော် ဤမျှနှင့် အသက် ၂၇နှစ်အရွယ်ရှိ အီသန်၀စ်တင်တန်အတွက် မလုံလောက်ပါ။ သူက ဂျိမ်းအတွက် အခြေခံ ရရှိစေရန်အတွက် ကူညီရန် အွန်လိုင်းမှ ရန်ပုံငွေကောက်ခံမှုကို စတင်ပြုလုပ်ခဲ့သည်။ gofundme.com ပေါ်မှ ၄င်း၏ကြိုးပမ်းမှုက 1630GMTတွင် ဒေါ်လာ ၁၀၄,၆၂၅အထိ ရရှိခဲ့သည်ဟု သိရသည်။
“အားလုံးငွေထည့်၀င်ပြီး သူ့ဘ၀ကို ပြောင်းလဲသွားအောင် ကူညီကြပါစို့”ဟု ငွေကောက်ခံသည့် ၀က်ဘ်ဆိုက်တွင် ၀စ်တင်တန်က ရေးသားခဲ့သည်။ ကြိုးပမ်းမှုက နေရေးထိုင်ရေးအတွက် ကမ်းလှမ်းသူများပင် ပေါ်ထွက်လာခဲ့သည်ဟု ဆိုသည်။ ၄င်းငွေရေးကြေးရေး ပြန်လည်အဆင်ပြေသည်အထိ နယူးယောက် Greene ရှိ အိပ်ခန်းတစ်ခုပါ တိုက်ခန်းတစ်ခုတွင် ဂျိမ်းလာရောက်နေထိုင်နိုင်ကြောင်း စင်သီယာလတ်စ်ပရိုဂါတာ၏ ကမ်းလှမ်းမှုတစ်ခုလည်း ပါ၀င်သည်။
တွေ့ရှိသည့် ငွေများထဲမှ တစ်ပြားတစ်ချပ်မျှ ယူထားခြင်းမရှိကြောင်း ၂၀၀၅ခုနှစ်ကတည်းက အိုးမဲ့အိမ်မဲ့ တစ်ဦးဖြစ်နေသော အသက် ၅၄နှစ်အရွယ် ဂျိမ်းက ပြောကြားခဲ့သည်။