မြန်မာနိုင်ငံ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)တို့အကြား အငြင်းပွားနေကြသော သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ နှစ်ဘက်ညှိနှိုင်းခဲ့ရာတွင် သဘောတူညီမှု အတော်များများ ရခဲ့ကြောင်း အစိုးရသတင်းစဉ်မှ ဖော်ပြခဲ့ပြီး သဘောထားကွဲလွဲဆဲ အချက် ၃ချက်ကိုမူ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရဦးမှာ ဖြစ်ကြောင်း သိရပါသည်။
ပြေလည်မှု ရသွားသော အချက် ၁၄ချက်သည် မည်သည့် အချက်ဆိုသည်ကို လည်းကောင်း၊ သဘောထား ကွဲလွဲချက်များကိုလည်းကောင်း နှစ်ဖက်စလုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း၊ သို့ရာတွင် ဘီဘီစီ၏ စုံစမ်းသိရှိချက်အရ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေးကိစ္စ၊ အများပြည်သူ အကျိုးစီးပွားဆိုသော စကားရပ်အပေါ် အဓိပ္ပာယ် ဖွင့်ဆိုပုံ ကွဲလွဲသည့်ကိစ္စ၊ သတင်းမီဒီယာ ဥပဒေသည် သတင်းမီဒီယာ လုပ်ငန်းကြီး တစ်ခုလုံးနှင့် မဆိုင်ပဲ သတင်းမီဒီယာသမားတွေနဲ့သာဆိုင်သည့် ဥပဒေအဖြစ် အစိုးရဘက်က စကားလုံးပြင်စေသည့် ကိစ္စများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့် ထဲထဲဝင်ဝင် သိသူက ပြောပြသည်ဟု ဆိုသည်။
စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့၏ အတွင်းရေးမှုး ဦးကျော်မင်းဆွေကမူ သတင်းမီဒီယာ ဥပဒေကို လွှတ်တော်တွင် အတည်ပြုရန် ဆွေးနွေးကြသည့်အခါ သူတို့ဘက်က အသာရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဘီဘီစီကို ပြောသည်။ အမျိုးသား လွှတ်တော်ကလည်း စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့က မလိုလားသော ဥပဒေကို ဖြုတ်ပစ်သည့်အတွက် သူတို့ဘက်က တင်သည့် ဥပဒေသည် သူတို့ဘက်မှာရှိကြောင်း ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်ဘက်မှ မေးလာရင် သူတို့ရဲ့အမြင်ကို ပြောပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကသာ အရေးကြီးကြောင်း ပြောပါသည်။ အစိုးရအနေဖြင့် စည်းကမ်းမဲ့ ရေးသားချက်များကို ထိန်းချုပ်နိုင်အောင် ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းရန် လိုသည်ဆိုသည့် အမြင်မျိုး ရှိနေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။