News

Dell and Intel တို့မှ Dell Educational Solution Workshop တစ်ရပ် ပြုလုပ် ကျင်းပခဲ့

dell-workshop

CTT (Computer Technical Team)မှ ကမကထ ပြုလုပ်ပြီး Dellနှင့် Intelတို့ ပူးပေါင်း ကျင်းပမည့် ပညာသင်ကြားရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပွဲ (Dell Educational Solution Workshop)ကို Park Royal Hotel၊ အလံပြဘုရားလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ သင်ကျောင်းများ အပါအဝင် ပညာသင်ကြားရေး နယ်ပယ် အသီးသီးတွင် ကျောင်းသား အခြေပြု ပညာသင်ကြားရေးနှင့် အဆိုပါ သင်ကြားရေးစနစ်တွင် အိုင်တီနှင့် ဒစ်ဂျစ်တယ် နည်းပညာများကို လက်တွေ့ အသုံးချခြင်းဆိုင်ရာ အခြေအနေများကို ပြောင်းလဲလာသော ကမ္ဘာလုံးဆိုင်ရာ ပညာ သင်ကြားရေး စနစ်များဖြင့့် နှိုင်းယှဉ် ဆွေးနွေး တင်ပြ သွားခဲ့ကြောင်း သိရပါသည်။

ဒစ်ဂျစ်တယ် အခြေပြု ပညာသင်ကြားရေးစနစ်၏ အကျိုးပြုနိုင်စွမ်းကို လေ့လာနိုင်ပြီး အနာဂတ် ပညာရေးတွင် နည်းပညာနှင့် နည်းစနစ်များကို မည်ကဲ့သို့ အသုံးချနိုင်ကြောင်း နည်းပညာတွေက တစ်နေ့တစ်ခြား ပြောင်းလဲ တိုးတက်နေကြောင်း၊ ပြောင်းလဲ တိုးတက်လာသည်နှင့် အမျှ လေ့လာသင်ယူရာ နယ်ပယ်က ကျယ်ဝန်းလာပြီး သင်ယူမှု သင်ကြားမှုတွေက ပုံမှန်အတိုင်း သွားနေ၍ မရနိုင်ကြောင်း၊ သင်ယူမှု နယ်ပယ်က ကျယ်ဝန်းလာသလို ဘာသာရပ်တိုင်း၏ အဝန်းအဝိုင်းကလည်း အဆုံးမသတ်နိုင်သော အချက်အလက်များနှင့် ပြည့်နေပြီး မူကြိုကလေးငယ် မှသည် တက္ကသိုလ် ဘွဲ့လွန် ပညာရေးအထိ လေ့လာသင်ကြားရမည့် နယ်ပယ်က ယခင်ကနှင့် မတူတော့ကြောင်း စဉ်ဆက်မပြတ် လေ့လာသင်ကြားမှုသာ အကြောင်းတစ်ခုခုကြောင့် ပြတ်တောက်သွားခဲ့လျှင် သင်ကြားပေးသူရော သင်ကြားသူပါ ပြောင်းလဲ တိုးတက်မှုတွေကြားတွင် တစ်ဝဲလည်လည် ဖြစ်နေမည် ဖြစ်ကြောင်း၊ ယနေ့ ကြုံတွေ့နေရသော ပညာရေးဆိုင်ရာ နိမ့်ကျမှုများ၊ အရည်အသွေး မပြည့်မီမှုများနှင့် အနာဂတ် ပျောက်နေမှုများသည် ထိုအချက်ပေါ်တွင် မူတည်သည်ဟု CTTမှ တာဝန်ရှိသူ တစ်ဦးက တင်ပြ ဆွေးနွေးခဲ့သည်။

ယနေ့ ပညာသင်ကြားရေးစနစ်တွင် ပညာတော်အောင်၊ တတ်အောင် သင်ယူနေ၍ မရတော့။ ပတ်ဝန်းကျင်၏ အပြောင်းအလဲများ အပါအဝင် ဘာသာရပ်တိုင်း၏ လှည့်စားတတ်သော မာယာများကိုပါ သတိထားဖို့ လိုသည်။ ဆရာ၊ ဆရာမများတွင် သာမက အုပ်ချုပ်စီမံသူများ၏ အခန်းကဏ္႑ကလည်း ယခင်ကထက် ပိုပြီး အရေးပါလာသည်။ သင်ရိုး ညွှန်းတမ်းတွေအပြင် သင်ထောက်ကူ အပိုဖတ်စာများကလည်း ခေတ်သစ် ပညာသင်ကြားရေးတွင် မရှိမဖြစ် အရေးပါလာသည်။ ယခင်က သိပ္ပံခေတ်၊ အတတ်ပညာ ခေတ်ဆိုပြီး တောက်လျှောက် ဦးတည်ခဲ့သော်လည်း ယနေ့ခေတ်တွင် နောက်ကြောင်း သမိုင်းများနှင့် ပထဝီဆိုင်ရာ အခြေအနေများ၊ တွေးခေါ် မြော်မြင်မှုဆိုင်ရာ သဘောတရားများဘက်ကို ပြန်လည် ဦးလှည့်လာသည်ကို တွေ့မြင်နေရသည်။

ထိုကဲ့သို့သော ပညာသင်ကြားရေးစနစ်တွင် သင်ကြားမှု၊ သင်ယူမှု အမယ် များလာခြင်းနှင့် သင်ကြားရေးဆိုင်ရာ ရှုပ်ထွေးလာမှုကို မှန်ကန်တည့်မတ်စွာ ထိန်းကျောင်းနိုင်ရေးသည် အရေးကြီးလာသည်။ ဘယ်လို စာမျိုးတွေကို သင်ကြားပေးမလဲ ဆိုသည့် အချက်က သိပ်ရှုပ်ထွေးမှု မရှိ။ သို့သော် ထိုသင်ကြားမည့် စာများကို မည်သည့် အချိန်တွင် မည်သို့မည်ပုံ သင်ကြားပေးမည်နည်း ဆိုသည့် အချက်က အကန့်အသတ် ရှိနေသည်။ ဆရာမှသည် ကျောင်းသား တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် စာလိုက်နိုင်စွမ်း အပေါ် မူတည်ပြီး အပြန်အလှန် (interactive)ဖြစ်အောင် စီမံပေးနိုင်ဖို့ လိုသည်။ မိဘတိုင်းသည် သားသမီးကို မည်သည့် အတန်းတွင် ဖြစ်စေ၊ နောက်တန်း မရောက်စေချင်၊ ဖြစ်လျှင် အမြဲတမ်း နံပါတ်တစ် ဖြစ်စေချင်သည်။ ဆရာများကလည်း ကိုယ့်တပည့် အားလုံးက ထိပ်တန်းမှာ ရှိနေစေချင်သည်။ ကျောင်းတစ်ခုလုံးကို အုပ်ချုပ် စီမံရသော အုပ်ချုပ်ရေး ဝန်ထမ်းများကလည်း မိမိတို့ ကျောင်းသည် ထိပ်ဆုံး တစ်နေရာတွင် ရှိနေစေချင်သည်။ ထိုအချက်များကို ပုံမှန် သမားရိုးကျ လုပ်ငန်းစဉ်များဖြင့် ဖြေရှင်းလျှင် ခရီးက မရောက်နိုင်၊ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတတ်သည်။

ထိုအချက်ကို Dell အိုင်တီ အဖွဲ့အစည်းက အင်တဲလ်ကဲ့သို့သော ကွန်ပျူတာ ပရိုဆက်ဆာ ထုတ်လုပ်သည့် အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပညာရေးဆိုင်ရာ လုပ်ဆောင် နည်းလမ်းစဉ်စနစ် (Dell Educational Solution)တစ်ခုကို တီထွင် အကောင်အထည် ဖော်ခဲ့ပါသည်။ သမားရိုးကျ ပညာသင်ကြားရေး စနစ်တွင် ရိုးရိုး စားပွဲတင် ကွန်ပျူတာများ၊ လက်ပ်တော့ ကွန်ပျူတာများ၊ တက်ဘလက် ကွန်ပျူတာများ၊ မိုဘိုင်းလ် တယ်လီဖုန်းများ၊ ကွန်ပျူတာ နက်ဝပ်များ၊ ပရင်တာများ၊ ပရိုဂျက်တာများ၊ သင်ကြားရေး ဆော့ဖ်ဝဲများ၊ သတင်း အချက်အလက် ဆာဗာများ စသည်တို့ကို ပေါင်းစပ် အသုံးပြုပြီး ကျောင်းသား တစ်ယောက်ချင်းစီအတွက် လိုအပ်ချက်မှသည် တစ်ကျောင်းလုံး၏ လိုအပ်ချက်အထိ စီမံခန့်ခွဲ ပေးနိုင်သည်။ သင်ကြား သင်ယူနိုင်သည်အထိ လုပ်ဆောင်နိုင်သောစနစ် ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို သင်ကြား သင်ယူမှု ပုံစံအမျိုးမျိုးနှင့် ကျောင်းသားကို ချဉ်းကပ် သင်ကြားပေးနိုင်အောင်၊ ကျောင်းသားကလည်း မိမိ အရည်အချင်းကို တစ်ဆင့်ချင်း မြင့်တက်လာအောင် ကိုယ်တိုင် အလေ့အကျင့်၊ လေ့လာမှုများဖြင့် လုပ်ဆောင်၍ ရအောင်၊ ကျောင်းအုပ်ချုပ် စီမံရေး အဖွဲ့များကလည်း ကျောင်းသား တစ်ဦးချင်းစီ၏ အရည်အသွေးကို် တစ်စပ်တည်း စောင့်ကြည့် လေ့လာပြီး အမြဲတမ်း တွန်းအား ပေးနေနိုင် အောင် စီမံခန့်ခွဲနိုင်မည့် စနစ်လည်း ဖြစ်သည်။

ပညာသင်ကြားရေးဆိုင်ရာ လုပ်နည်း ကိုင်နည်း လမ်းစဉ်စနစ် တစ်ခု ( Solution)ကို မည်သို့ မည်ပုံ လုပ်ဆောင် အကောင်အထည်ဖော်၍ ရကြောင်းကို ဖန်တီး တီထွင်ထားသော အိုင်တီဆိုင်ရာ (သို့မဟုတ်) ဒစ်ဂျစ်တယ် ဆိုင်ရာ e-Education Systemတစ်ခုသာ ဖြစ်ပါသည်။ ထိုစနစ်သည် မူကြို ကျောင်းသားအရွယ် သင်ကြားမှုများမှသည် ဘွဲ့လွန် တက္ကသိုလ် ကျောင်းသားများအထိ အသုံးကျစေပါသည်။ အသုံးချ နိုင်စေပါသည်။ အဆိုပါ စနစ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များ၊ အစိုးရ စာသင်ကျောင်းများ၊ ပုဂ္ဂလိက ပညာ သင်ကြားရေး ကျောင်းများ၊ နိုင်ငံတကာ ပညာသင်ကြားရေးကို အခြေစိုက် လုပ်ဆောင်နေကြသော ပညာရေး အဖွဲ့အစည်းများတွင် မည်ကဲ့သို့ လက်တွေ့ အသုံးချနိုင်မည်ဆိုသည့် အကြောင်းနှင့် ရရှိလာမည့် အခွင့်အလမ်းများ အကြောင်းကို ဆွေးနွေး တင်ပြသွားပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေးတွင် ထူးချွန် ထက်မြက်သူ လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် များစွာ အထောက်အကူ ပြုစေလိမ့်မည်ဟု ယုံကြည်ပါသည်။

Dell and Intelမှ အရှေ့တောင် အာရှ ကိုရီးယားနိုင်ငံက Head of Education Practice Ms. Rani Burchmore ကလည်းကောင်း၊ ထိုင်းနိုင်ငံ Enterprises Business Manager, Dell Corporatianမှ Mr.SantiApichairokulမှလည်းကောင်း Solution Architect (ASEAN) Dellမှ Mr. Eric Mahမှ လည်းကောင်း၊ Indochinaမှ Ms. LertlukKunlasutti၊ Regional Directorမှလည်း အထက်ပါ အကြောင်းအရာများကို အသီးသီးမှ တင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *