မြန်မာနိုင်ငံတွင် ပထမဆုံး အင်တာနက်ပေါ်တွင် အရောင်းအ၀ယ် ကြော်ငြာများကို အခမဲ့ ၀န်ဆောင်မှုများပေးသော (eZay) အမည်ရှိ ၀က်ဘ်ဆိုက်တစ်ခု ထွက်ပေါ်လာကြောင်း သိရသည်။ အခမဲ့ Myanmar Online Marketplace တစ်ခုအဖြစ် ဖန်တီးထားသော (eZay) ၀က်ဘ်ဆိုက်အား နိုင်ငံတကာနှင့် ပြည်တွင်း၀က်ဘ်ဆိုက်များ ရေးဆွဲပေးသည့် အင်တာနက် ၀န်ဆောင်မှုပေးသော axiom ကုမ္ပဏီမှ တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၇ရက်က Park Royal Hotelတွင် ကျင်းပသော ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲတွင် သိရသည်။
မည်သူမဆို မိမိရောင်းလို၀ယ်လိုသော ပစ္စည်းကို ကြော်ငြာရန် (eZay) ၀က်ဆိုက်၏ ကြော်ငြာတင်ရန် နေရာတွင် Register ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရောင်းမည့် အိမ်၊ ခြံ၊ မြေ၊ အကျိုးစီးပွား၊ အကျိုးအမြတ်၊ ကိုယ်ရေးကိုယ်တာစသော အမျိုးအစား စုံလင်စွာ ကြော်ငြာရနိုင်မည်ဖြစ်ကြောင်း သိရသည်။
Axiom ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးစိုင်းခမ်းထွန်းအုန်းက “eZayက အားသာချက် သုံးချက်ရှိပါသည်။ မြန်မာတွေအတွက် မြန်မာစာစနစ် အသုံးပြုလို့ရတဲ့အတွက် အဓိက ကွန်ပျူတာကို ကျွမ်းကျင်ဖို့ မလိုအပ်ပါဘူး။ မြန်မာပြည်ဆာဗာကနေ ထိန်းချူပ်ထားတဲ့အတွက် ပိုပြီးတော့ လျင်မြန်စွာ ကြည့်နိုင်ပြီး Errorတွေ ဖြစ်လာရင် အချိန်နဲ့တပြေးညီ ဖြေရှင်းနို်င်ပါတယ်။ နောက်ပြီး အရိုးရှင်းဆုံး ဒီဇိုင်းနဲ့ ဖြေရှင်းထားပါတယ်။ နှစ်သက်သလို အင်္ဂလိပ် မြန်မာနှစ်ဘာသာ အသုံးပြုနိုင်ပါတယ်”ဟု ပြောသည်။
ကြော်ငြာရန်အတွက် Gmail အကောင့်ဖြင့် Register သွင်းရမည်ဖြစ်ပြီး မိမိတင်လိုသော ကြော်ငြာအမျိုးအစားကို ရွေးချယ်ကာ ဓာတ်ပုံနှင့်တကွ ကြော်ငြာနိုင်ပြီး မိမိ၏ ဖေ့ဘွတ်ခ်အကောင့်သို့လည်း Share လုပ်နိုင်ကြောင်း၊ ကြော်ငြာထည့်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀အထိ ၀က်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းက “ရက်ပြည့်သွားပေမယ့်လည်း ထပ်မံပြီး သက်တမ်းတိုးလိုက်ရင် နောက်ထပ် ရက် ၉၀ ကြော်ငြာပြီးသား ဖြစ်သွားမယ်။ ကိုယ့်ကြော်ငြာကို လူဘယ်နှစ်ဦး ကြည့်လဲဆိုတာက အစ သိနိုင်မယ်”ဟု ဆိုသည်။
အဆိုပါ ၀က်ဘ်ဆိုက်တွင် ရောင်း၊ ၀ယ်၊ ငှား၊ ၀န်ဆောင်မှုများအတွက် ကြော်ငြာများကို www.ezay.com.mmတွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး ကြော်ငြာရန်အတွက် အဖိုးအခ တစ်ပြားမျှ ပေးစရာမလိုအပ်ကြောင်း သိရပါသည်။