Featured, Lifestyle

၂၀၁၅မှာ သင့်ရဲ့ နှစ်သစ်အတွက် ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ဖို့ နည်းလမ်း လေးခု

နှစ်သစ်တစ်ခု ရောက်လာပြီဆိုတော့ လူတော်တော်များများက ၂၀၁၅ ခုနှစ်ကို သူတို့ရဲ့ အကောင်းဆုံးနှစ်တစ်ခု ဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို စာရင်းပြုစုနေကြပါပြီ။ ဘယ်လောက် မြင့်မားတဲ့ ရည်ရွယ်ချက်တွေထားထား လူအများစုကတော့ သူတို့ရဲ့ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေကို တကယ်ဖြစ်မြောက်အောင် မလုပ်နိုင်ကြပါဘူး။

စာရင်းဇယားတွေအရ ဒီလို အပြောင်းအလဲပြုလုပ်မှုတွေဟာ အောင်မြင်လေ့မရှိပါဘူး။ စစ်တမ်းအများစုက ဆုံးဖြတ်ချက် တွေဟာ တစ်ပတ်အကြာမှာ စတင်ကျဆင်းသွားပြီး ရည်မှန်းချက်တွေ တကယ်စွဲကိုင်ထားနိုင်တဲ့ လူဟာ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဖော်ပြပါတယ်။ သင်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ အခက်အခဲတွေ တွေ့နေရပြီဆိုရင် ၂၀၁၅မှာ ကွဲပြားအောင် လုပ်လိုက်ပါ။

သင့်ရဲ့ ရည်မှန်းချက်တွေက ဘာတွေပဲဖြစ်နေဖြစ်နေ အောက်ကအချက်တွေကတော့ အဲဒီရည်မှန်းချက်တွေ အောင်မြင်ဖို့ အဓိက အချက်တွေပါပဲ။

၁။ ပြောင်းလဲဖို့အတွက် သင့်ရဲ့ အဆင်သင့်ဖြစ်မှုကို စစ်ဆေးပါ။

တစ်ခါတစ်လေမှာ နှစ်သစ်အတွက် ရည်မှန်းချက်တွေ ပြုလုပ်ဖို့ ဖိအားဟာ အဆင်သင့်မဖြစ်သေးခင်မှာပဲ ရည်မှန်းချက်တွေကို ရွေးချယ်မိစေတာပါ။ စိတ်ဓါတ်ပိုင်းအရ တက်ကြွနေပေမယ့် ရည်မှန်းချက်တွေအတွက် လုပ်ရမယ့် အလုပ်အားလုံးကို သေချာစွာ မတွေးမိကြပါဘူး။ ကျန်းမာစွာ စားသောက်ဖို့ လေ့ကျင့်ခန်းလုပ်ဖို့ မစဉ်းစားဘဲ နောက်နှစ်ထဲမှာ ကျန်းမာရေးပိုကောင်းအောင် လုပ်မယ်လို့ စဉ်းစားနေကြပါတယ်။

ပြောင်းလဲမှုကို ဖန်တီးတယ်ဆိုတာ အဆင့်ငါးဆင့်ရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး မလွယ်ကူပါဘူး။ အဆင်သင့်မဖြစ်သေးဘဲ ပြက္ခဒိန်ပေါ်က နှစ်သစ်ကို ကြည့်ပြီး သင့်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲတာဟာ ကျရှုံးမှုကိုသာ ဖြစ်စေမှာပါ။

ဇန်နဝါရီလ တစ်ရက်နေ့မှာ စတင်အကောင်အထည်ဖော်စရာမလိုပါဘူး။ ဆေးလိပ်သောက်တာကို ဖြတ်မယ်လို့ ဆုံးဖြတ်တာထက် ဇန်နဝါရီတစ်လလုံး ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းတွေရှာမယ်လို့ ဆုံးဖြတ်သင့်ပါတယ်။ ဒါဟာ သင့်ရဲ့ ဆေးလိပ်ဖြတ်တဲ့ အပေါ်မှာ ပိုမို လှုံ့ဆော်ပေးနိုင်သလို ရည်မှန်းချက်အောင်မြင်အောင် အစီအစဉ်လုပ်ရမယ့် အချိန်ကို တိုးမြှင့်ပေးမှာပါ။

၂။ သင်လုပ်နိုင်တယ်လို့ ယုံကြည်ပါ။

အလုပ်ဖြစ်မှာ မဟုတ်ပါဘူးကွာလို့ ခေါင်းထဲမှာ စဉ်းစားနေစဉ်မှာပဲ ပြောင်းလဲမှုကို ဖန်တီးဖို့ လူတော်တော်များများက ကြိုးစားကြပါတယ်။ အောင်မြင်မှာ မဟုတ်ဘူးလို့ တွေးနေရင်တော့ ကျဆုံးဖို့ အခွင့်အရေးများနေပါတယ်။ ရေရည်ခံမယ့် ပြောင်းလဲမှုမှာ ယုံကြည်မှုလိုပါတယ်။

သင်ဟာ ကိုယ့်ကိုကိုယ် သံသယတွေနဲ့ ရုန်းကန်နေရရင် သင့်ရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်ဖို့ စာရင်းကို ပြုစုပါ။ အနုတ်လက္ခဏာဆောင်တဲ့ အတွေးတွေကို လျှော့ချဖို့နဲ့ စွမ်းအားတွေ တိုးပွားဖို့ အဲဒီစာရင်းကို နေ့စဉ်ဖတ်ပါ။ မိုက်မဲ့တဲ့ အတွေးအခေါ်တွေကို အလုပ်ဖြစ်မယ့် အကူအညီဖြစ်စေမယ့် သံဓိဌာန်တွေနဲ့ အစားထိုးဖို့နဲ့ မှတ်မိဖို့ လေ့လာပါ။

၃။ နောက်ကြောင်းပြန်လှည့်မှုတွေနဲ့ ပတ်သက်ပြီး ကောင်းစွာ တွေးတောပါ။

အပြုအမူ ဆိုင်ရာ ပြောင်းလဲမှုတိုင်းမှာ နောက်ကြောင်းပြန်လှည့်တဲ့ ဖြစ်ရပ် တစ်ခု ဒါမှမဟုတ် နှစ်ခုတော့ အနည်းဆုံး ဖြစ်တတ်ပါတယ်။ ဆေးလိပ်ပြန်သောက်မိတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ပျက်ကွက်တာတို့လို ဖြစ်ရပ်မျိုးတွေကို လူအများစု ပြုလုပ်တတ်ကြပါတယ်။ ဒီလို နောက်ကြောင်းပြန်လှည့်တဲ့ ဖြစ်ရပ်တွေအပေါ် သင့်ရဲ့ တုန့်ပြန်မှုနည်းလမ်းက သင့်ရည်မှန်းချက် တွေကို အောင်မြင်ဖို့ အဓိက အချက်ပါပဲ။

အမှားတစ်ခုပြုလုပ်မိပြီးနောက်မှာ ကျဆုံးပြီလို့ သင့်ကိုယ်သင် မှတ်ယူလိုက်ပြီဆိုရင် သင့်ရဲ့ နှစ်သစ်အတွက် ရည်မှန်းချက် ပန်းတိုင်ကို လက်ပြနှုတ်ဆက်လိုက်ရမှာပါ။ တစ်ခါတစ်လေမှာ လူတွေက အောင်မြင်မှု မရတော့ရင် လုံး၀ကျဆုံးပြီလို့ လွဲမှားစွာ မှတ်ယူထားကြပါတယ်။ တစ်ကြိမ်အမှားလုပ်မိရင် သွားပြီလို့ ပြောတတ်ကြပါတယ်။ နောက်ကြောင်းပြန်လှည့်မှုတွေကို ကြိုတင်တွေးဆထားပြီး ဒါတွေဟာ ခဏတာလို့ မြင်မိရင် သင့်ရဲ့အမှားတွေကနေ ပြန်လည်သင်ယူဖို့ အခွင့်အရေးများကို တိုးမြှင့်ပေးမှာပါ။

၄။ စိတ်ဓါတ်ခွန်အားကို တည်ဆောက်ပါ။

လူတော်တော်များများ အတွက်တော့ နှစ်သစ် ရည်မှန်းချက်တွေက ကိုယ်အလေးချိန်လျှော့တာ၊ အကြွေးဆပ်နိုင်တာ၊ ဆေးလိပ်ဖြတ်တာတို့လို လူရဲ့ အပြုအမူအပေါ် မူတည်ပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်တွေ အောင်မြင်ဖို့ စိတ်ဓါတ်ခွန်အား မရှိဘဲ မရနိုင်ပါဘူး။

သင့်ရဲ့ ရည်မှန်းချက်တွေက ဘာတွေပဲဖြစ်ဖြစ် စိတ်ဓါတ်ခွန်အားကို တည်ဆောက်တာက အောင်မြင်စေမှာပါ။ ကိုယ်ကာယ စွမ်းအားအတွက် လေ့ကျင့်ခန်း စဉ်ဆက်မပြတ်လိုအပ်သလို စိတ်ဓါတ်ခွန်အားအတွက်လည်း လိုအပ်ပါတယ်။ သင့်ရဲ့ စိတ်ဓါတ် ခွန်အားအတွက်လည်း နေ့စဉ်လေ့ကျင့်မှုတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စိတ်ဓါတ်ခွန်အားကို မြှင့်တင်ခြင်းဖြင့် လှုံ့ဆော်မှုတွေ ကျဆင်းနေတယ်ဆိုရင်တောင် သင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်မှာပါ။ လူတော်တော်များများဟာ ဇန်နဝါရီ လလယ် လောက်မှာ လှုံ့ဆော်မှုတွေ ကျဆင်းလာတတ်ပါတယ်။

သင့်ရဲ့ ရည်မှန်းချက်တွေကို ချမှတ်ဖို့ စဉ်းစားနေတာထက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်း တွေကိုလည်း အာရုံစိုက်ပါ။ ၂၀၁၅မှာ သင်ဟာ လူသစ်စိတ်သစ်ဖြစ်ဖို့ ဆုံးဖြတ်ပါ။ တစ်နှစ်တာလုံး သင့်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်စေမယ့်  အစီအစဉ်ကို ရေးဆွဲပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။