Facebook က မကြာမီ က Oculus VR ကို ၀ယ်ယူလိုက်တဲ့သတင်းဟာ ကမ္ဘာ့သတင်းခေါင်းစီးများ မှာ ထိပ်ဆုံး ကနေရာယူခဲ့ပါတယ်။ Ford က Virtual Reality နည်းပညာ ကို ကားတွေတီထွင်ရာမှာ အသုံးပြုနေတာ ကြာပြီဖြစ်ပါတယ်။ Ford ရဲ့ အမေရိကန် Dearbon ရှိ Virtual Reality Immersion Lab မှာ Oculus Rift Headset ကို အသုံးပြုပြီး အပြင်လောကမှာ မထုတ်လုပ်ရသေးတဲ့ ကားတွေ ရဲ့ အတွင်း ၊ အပြင် ဒီဇိုင်းတွေကို ပုံဖော် စမ်းသပ်နေပါတယ်။
Headset ကို ၀တ်ဆင်လိုက်တာနဲ့ အင်ဂျင်နီယာ က တစ်ကယ့်ကားထဲကို ရောက်သွားသလို တွေ့မြင် မောင်းနှင်ရမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှု ကို တိုင်းတာတွက်ချက်နိုင်တဲ့ ကင်မရာတွေက Headset ၀တ်ဆင်သူကို Track လုပ်နေမှာ ဖြစ်ပြီး ဆော့ဝဲတွေရဲ့ အကူအညီ နဲ့ တကယ် မရှိတဲ့ကား ကို စမ်းသပ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Ford ဟာ ကားတွေရဲ့ ဒီဇိုင်း ကို စမ်းသပ်ချင်တဲ့အခါမှာ ကားကို တစ်ကယ် ထုတ်လုပ်စရာမလိုတော့ပါဘူး။ အင်ဂျင်နီယာ တွေက Virtual Reality နည်းပညာ ကို အသုံးပြုပြီး ကားတွေရဲ့ အတွင်း ၊ အပြင် ဒီဇိုင်းတွေကို ရောင်းတန်း၀င် အဆင့်အနေအထား အထိ ရောက်အောင် လေ့လာစမ်းစစ်နိုင်ပါတယ်။
Virtual Reality နည်းပညာ ဟာ ဒီဇိုင်းရေးဆွဲမှု လုပ်ငန်း ကို လျှင်မြန်စေပါတယ် လို့ Ford က ပြောပါတယ်။ ကားတွေ အပေါ်ကို အလင်းရောင် ကျရောက်မှု အနေအထားအမျိုးမျိုးကိုလည်း စမ်းသပ်နိုင်ပါတယ်။ ဥပမာအားဖြင့် တောက်ပတဲ့နေရောင်ခြည်အောက်မှာ ကား ရဲ့ ပုံသဏ္ဍာန် နဲ့ တိမ်ထူတဲ့နေ့မှာ ကား ဟာ ဘယ်လို ပုံသဏ္ဍာန်ရှိလဲ ဆိုတာ ကို စမ်းသပ်နိုင်ပါတယ်။ Dearbon မှာ စမ်းသပ်မှုရလဒ် တွေကို Australia, Brazil, China, Germany, India ရှိ Ford ရဲ့ အင်ဂျင်နီယာ တွေ နဲ့ မျှဝေနိုင်ပါသေးတယ်။
အဲဒီနည်းပညာ ဟာ Ford ရဲ့ အင်ဂျင်နီယာ တွေကို X-ray အမြင် ကို ပေးစွမ်းနိုင်ပါတယ်။ အင်ဂျင်နီယာ တွေ က ကားရဲ့ တည်ဆောက်ပုံတွေကို အတွင်းကျကျ မြင်နိုင်တဲ့အတွက် Mechanical Hardware တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ နဲ့ ဒီဇိုင်းပိုင်း ပြောင်းလဲမှု ပြုလုပ်တဲ့အခါတွေမှာ အထောက်အကူပြုပါတယ်။
Facebook က Oculus ကို ဘာ့ကြောင့် ၀ယ်ယူရလဲဆိုတာ သေချာ မသိရပေမယ့် Ford အတွက်ကတော့ Virtual Reality နည်းပညာ ဟာ အကျိုးကျေးဇူး ကြီးမားနေပါတယ်။
Ford ရဲ့ အင်ဂျင်နီယာ က Virtual Reality Headset ကို ၀တ်ဆင်ပြီး ကားမောင်းနှင်နေတာ ကို အောက် က ဗီဒီယို မှာ ကြည့်နိုင်ပါတယ်။