Featured, Lifestyle, News

ဗိုက်ပူခြင်းကို လျှော့ချနိုင်ဖို့အတွက် ရှောင်ရှားသင့်တဲ့ အပြုအမူ ငါးခု

ဗိုက်ပူခြင်းကို လျှော့ချနိုင်ဖို့အတွက် ရှောင်ရှားသင့်တဲ့ အပြုအမူ ငါးခု

၀မ်းဗိုက်အရွယ်အစားအကြောင်းပြောမယ်ဆိုရင်တော့ တစ်လက်မဆိုရင် ဆိုသလောက် ဗိုက်ပူတာဟာ သိသာစေပါတယ်။ ဒီလို ဗိုက်ပူတာကို လျှော့ချနိုင်ဖို့အတွက် ရှောင်ရှားရမယ့် အမူအကျင့်တွေရှိပါတယ်။ ဗိုက်ပူတာဟာ အစာခြေစနစ်မှာ လေများစွာ ခိုအောင်းနေလို့ ဖြစ်နိုင်သလို အစားကျူးလို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်စေ ဗိုက်ပူတာကို လျှော့ချနိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အကျိုးကျေးဇူးများ ဖြစ်ပေါ်စေမှာပါ။

အစာလျှင်မြန်စွာ စားခြင်း

ကိစ္စများမြောင် လူတို့ဘောင် ဆိုသလို လူသားတွေမှာ အလုပ်များစွာ ရှိတာကြောင့် တစ်ခါတစ်လေမှာ နေ့စဉ်ပြုလုပ်နေကျ အပြုအမူတစ်ခုကို အချိန်တိုတိုနဲ့ လျှင်မြန်စွာ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အစာစားခြင်းလို အပြုအမူမျိုးကိုတော့ လျှင်မြန်စွာ မပြုလုပ်သင့်ပါဘူး။

အစာလျှင်မြန်စွာ စားခြင်းဟာ ဗိုက်ပူစေတဲ့ ဂတ်စ်တွေကို ထုတ်လုပ်တဲ့ လေတွေကို ဝါးမျိုမိစေပါတယ်။ ဒါဟာ သံသယဖြစ်စရာ မလိုပါဘူး။ လေတွေက သင့်ဗိုက်ကို ပူစေပါတယ်။ နောက်ပြီး အစာလျှင်မြန်စွာ စားခြင်းဟာ အစာချေနှုန်းကို နှေးကွေးစေ ပါတယ်။ Middleberg Nutritionမှ သုတေသနပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ နယူးယောက်မှ Stephanie Middlebergက ဒီဖြစ်ရပ်ကို အခုလိုရှင်းပြပါတယ်။ အစာလျှင်မြန်စွာ စားရင် ကျေညက်စွာ မဝါးမိဘဲ အစာအစိတ်အပိုင်းကြီးတွေဟာ အစာအိမ်ထဲမှာ အစာချေဖျက်ဖို့ကို စောင့်ဆိုင်းနေရပါတယ်။ ဒါဟာ သင် စားသောက်ထားတဲ့ ပမာဏကို တိုင်းတာဖို့ ဆုံးရှုံးစေသလို ရေရှည်မှာလည်း သင်ဟာ လိုတာထက်ပိုပြီး အစာချေနေရပါတယ်။

အဖြေကတော့ အချိန်ယူပြီး အစာကို ဖြေးဖြေးစားပါ။

ဆိုဒါ စွဲလမ်းခြင်း

ဆိုဒါဟာ ချိမြ လန်းဆန်းပြီး ဘ၀ရဲ့ မရှိမဖြစ် အစိတ်အပိုင်းလို့ ထင်နေကြသူတွေရှိပါတယ်။ တကယ်တော့ အမြှပ်တစ်ဆူဆူနဲ့ ဆိုဒါတွေဟာ ဗိုက်ပူစေပါတယ်လို့ Middlebergက ပြောပါတယ်။ Diet Sodaတွေကတော့ အခြားရလဒ်ကို ပေးမယ်လို့ သင်ထင်ပါလိမ့်မယ်။ ဒါဆိုရင် သင်မှားနေပါတယ်။ Diet Sodaတွေက ပိုတောင်ဆိုးပါသေးတယ်။ အဲဒီမှာ အချိုရည်အတုတွေ ပါတဲ့အတွက် အစာချေဖျက်ဖို့ ပိုမိုခက်ခဲပြီး ဗိုက်ပူစေပါတယ်။

အဖြေကတော့ ဆိုဒါသောက်တာကို မရပ်နိုင်ရင် လျှော့သောက်ပါ။ မသောက်ခင် ရေခဲတုံးလေးတွေ စိမ်ပြီး အချိန်ခဏစောင့်ပါ။

ပါကင်ထုပ် အစာများကို စားခြင်း

ဆိုဒီယမ်ကို အလွန်အကျွံစားရင် သင့်ကျန်းမာရေးနဲ့ ဗိုက်အတွက် မကောင်းပါဘူး။ ပါကင်ထုပ်ပိုးထားတဲ့ အစာတွေမှာ ဆိုဒီယမ်များစွာ ပါရှိပါတယ်။ သူဟာ အရန်သင့် အစားအစာများနဲ့ ရေရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာများမှာတော့ အဓိက ပါ၀င်ပစ္စည်းဖြစ်ပါတယ်။ အဲဒီထဲမှာ လူတော်တော်များများ နှစ်သက်ကြတဲ့ အာလူးကြော်ထုပ်တွေလည်း ပါ၀င်ပါတယ်။ ကွေကာအုပ်၊ စွပ်ပြုတ်၊ ဆလတ်ရွက်တို့လို ကျန်းမာရေးအတွက် ကောင်းပါတယ်လို့ ကြေညာထားတဲ့ အစားအစာထုပ်တွေမှာ ဆိုဒီယမ်များစွာ ပါရှိနေပါတယ်။

ဖီလာဒယ်လ်ဖီးယားမှ အစားအစာ အာဟာရပညာရှင် Janet Brillက ပါကင်ထုပ်ထားတဲ့ အစားအစာတိုင်းမှာ ဆိုဒီယမ်တွေ ပါရှိတာက လွဲစရာမရှိပါဘူး။ အဲအထုပ်တွေထဲက ဆားကိုတောင် တို့မစားသင့်ပါဘူးလို့ ပြောပါတယ်။

အဖြေကတော့ အသင့်စား အစားအစာထုပ်တွေကို မစားဘဲ သဘာ၀ထွက် အစာတွေကို စားပါ။ လတ်ဆတ်တဲ့ သစ်သီး၊ ဆန်၊ ဟင်းသီးဟင်းရွက်တွေဟာ သဘာ၀အလျှောက် ဆိုဒီယမ် မပါရှိသလို ပါရှိရင်လည်း အနည်းငယ်ပါပဲ။

အိပ်ယာ၀င်ခါနီးမှာ အစာစားခြင်း

သင်ဟာ လူတော်တော်များများလို အိပ်ယာ၀င်ခါနီး တစ်နာရီ၊ နှစ်နာရီအလိုမှာ ညစာစားတတ်ရင်တော့ အိပ်ယာထချိန်မှာ ဗိုက်ပိုပို ပူလာတာကို စစ်ဆေးသိနိုင်ပါတယ်။ လှဲလျောင်းခြင်းဟာ အစာချေမှုကို အားနည်းစေပါတယ်။ အဲဒီအတွက် အစာစားပြီးပြီးချင်း မအိပ်စက်သင့်ပါဘူး။

Academy of Nutrition and Dieteticsမှ Alissa Rumseyက လှဲလျောင်းခြင်းဟာ အစာလျှင်မြန်စွာ ချေဖျက်ဖို့အတွက် သင့်ခန္ဓာကိုယ်ရဲ့ စွမ်းရည်ကို ယုတ်လျော့စေပါတယ်။ အဲဒါကြောင့်လည်း နိုးထနေချိန်မှာထက် အိပ်နေချိန်မှာ စွမ်းအင် အနည်းငယ်သာ လိုအပ်တယ်ဆိုတာ သဘာ၀ကျပါတယ်။

အဖြေကတော့ မအိပ်ခင် သုံးနာရီ၊ လေးနာရီအလိုမှာ ညစာစားပါ။ အစာစားပြီးနောက် တန်းအိပ်ရတော့မယ်ဆိုရင်လည်း သစ်သီး ၊ ဒိန်ချဉ်တို့ကိုသာ စားသုံးပါ။ မနက်ခင်းမှာ အစားပိုစားပါ။

Food Allergyဖြစ်ခြင်း

Food Allergyကို ပေါ့ပေါ့ဆဆ မတွက်သင့်ပါဘူး။ အဲဒီဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုရင်တောင် အဲဒီအစားအစာကို မသုံးဆောင်သင့်ပါဘူး။ Allergyအချို့ဟာ ဗိုက်ပူတာနဲ့ ဆက်စပ်နေပါတယ်။ Food Allergyဖြစ်ရင် အဲဒီအစာကို ချေဖျက်ရခက်ပြီး ဗိုက်ပူစေနိုင်ပါတယ်။

အဖြေကတော့ ဆရာ၀န်ဆီသွားပြီး Food Allergyအတွက် စစ်ဆေးပါ။ Allergyဖြစ်စေတဲ့ အစားအစာတွေကို သိရှိရင် ရှောင်ရှားပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။