Business, Featured, Mobile, News, Review

တရုတ်နိုင်ငံရဲ့ Appleဖြစ်လာတဲ့ Xiaomi ခေါ် ရှောင်မီ

တရုတ်နိုင်ငံရဲ့ Appleဖြစ်လာတဲ့ Xiaomi ခေါ် ရှောင်မီ

လူသိပ်မသိသေးတဲ့ တရုတ်စမတ်ဖုန်း ကုမ္ပဏီတစ်ခုဟာ Appleကို ခြိမ်းခြောက်လာနေပါပြီ။ အဲဒီ တရုတ် ကုမ္ပဏီကတော့ ရှောင်မီဖြစ်ပြီး Samsungနဲ့ Appleတို့နောက်ကနေ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ အဖြစ် ရပ်တည်နေပါတယ်။ ရှောင်မီက ၂၀၁၄ ခုနှစ်မှာ ယွမ် ၇၄ ဘီလီယမ် (ဒေါ်လာ ၁၂ ဘီလီယမ်) တန်ဖိုး ရောင်းချခဲ့ရပြီး စမတ်ဖုန်း အလုံးရေ ၆၁ သန်းကျော် ရောင်းထွက်ခဲ့တယ်လို့ တနင်္ဂနွေနေ့က တရုတ် လူမှုကွန်ရက် Weiboမှာ ကြေညာလိုက်ပါတယ်။

ဒီကိန်းဂဏန်းတွေအရတော့ Appleကို မယှဉ်နိုင်သေးပါဘူး။ Appleက ၂၀၁၄ ခုနှစ်ရဲ့ ပထမ ကိုးလအတွင်းမှာပဲ iPhone အလုံးရေ ၁၁၈ သန်းရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Appleက ဒီလနောက်ပိုင်းမှာ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံး ကွာတားမှာ ရောင်းချရတဲ့ စာရင်းကို ကြေညာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မထင်မရှား ကုမ္ပဏီငယ်လေး ရှောင်မီက တရုတ်နိုင်ငံမှာတော့ ပြိုင်ဖက် ကုမ္ပဏီကြီးတွေကို ကျော်ဖြတ်နေပါပြီ။ ဒါတောင် ကမ္ဘာအနှံ့ရောင်းချရတဲ့ Mi Phoneတွေ မပါသေးပါဘူး။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ရှောင်မီဟာ India, Indonesia, Mexico, Russia, Thailand နဲ့Turkeyမှာ ဈေးကွက်ချဲ့ထွင်ခဲ့ပြီး ဒီနှစ်ထဲမှာလည်း အခြားနိုင်ငံတွေမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။ ကမ္ဘာ့အလျှင်မြန်ဆုံး ကြီးထွားလာတဲ့ ရှောင်မီက ၂၀၁၅ မှာ မိုဘိုင်းဖုန်း အလုံးရေ သန်းတစ်ရာရောင်းချမယ်လို့ အာရုံထားနေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ရှောင်မီက နည်းပညာနယ်ပယ်မှ အင်အားကြီး ရင်းနှီးမြှပ်နှံသူတွေဆီကနေ ငွေကြေးများရရှိခဲ့တယ်လို့ ကြေညာပါတယ်။ ဒါ့ကြောင့် ရှောင်မီဟာ LG, Motorola, Sonyတို့ထက်တောင် တန်ဖိုးပိုရှိတဲ့ ဒေါ်လာ ၄၅ ဘီလီယမ်တန် ကုမ္ပဏီ ဖြစ်လာပါပြီ။

ရှောင်မီဟာ လက်ရှိမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံး တည်ထောင်ခါစ ကုမ္ပဏီဖြစ်လာပြီး Uber, Airbnb, Pinterest တို့လို တည်ထောင်ခါစ ကုမ္ပဏီတွေထက် ကျော်လွန်လာပါတယ်။

ရှောင်မီရဲ့ ကြီးထွားမှုနဲ့ ရေပန်းစားမှုဟာ Appleနဲ့ နှိုင်းယှဉ်စရာ ဖြစ်လာပါတယ်။ ရှောင်မီဟာ Appleရဲ့ စတိုင်ကို ကော်ပီကူးတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ရှောင်မီက သူ့ရဲ့ ဖုန်းတွေကို Appleလို စွမ်းရည်မြင့်မားအောင် ပြုလုပ်ထားတယ်ဆိုပေမယ့်  Mi Phoneရဲ့ ဖန်ရှင်တွေဟာ iPhoneနဲ့ အလွန်ကွာခြားတယ်လို့ ချေပပါတယ်။

ရှောင်မီဟာ ငြင်းလို့မရတဲ့ လျှင်မြန်စွာ ကြီးထွားလာတဲ့ ကုမ္ပဏီပါ။ သူဟာ ၂၀၁၀ ဧပြီမှာ တံခါးစတင်ဖွင့်လိုက်တာပါ။ အဲဒီ မတိုင်မီ တစ်နှစ်လောက်ကတော့ စမတ်ဖုန်းဈေးကွက်မှာ နှစ်ရာခိုင်နှုန်းသာ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တံခါးဖွင့်လိုက်တာဟာ ကုမ္ပဏီအတွက် ယုံကြည်ချက်တွေ ရှိလာစေပါတယ်။

“ကျွန်တော်တို့ဟာ နည်းပညာ နယ်ပယ်မှာ အရင်က တစ်ခါမှ မမြင်တွေ့သေးတဲ့ ကုမ္ပဏီတစ်ခုပါ။ အခုကစပြီး ကျွန်တော်တို့ လှမ်းမယ့် ခြေလှမ်းတိုင်းဟာ နည်းပညာနယ်ပယ်ရဲ့ သမိုင်းမှာ စာမျက်နှာသစ်တစ်ခု ဖြစ်လာစေမှာပါ။” လို့ ရှောင်မီရဲ့ စီအီးအို Lei Junက Weiboမှာ ရေးသားထားပါတယ်။

ဒါပေမယ့် ၂၀၁၅ဟာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်မယ်ဆိုတာ ရှောင်မီက သိပါတယ်။ တရုတ် စမတ်ဖုန်းဈေးကွက်ဟာ ကြီးထွားမှုနှေးကွေးနေပြီး တရုတ်နိုင်ငံတွင်း ပြိုင်ဖက်တွေ ဖြစ်တဲ့ Huawei, Lenovoတို့ကလည်း အမှီလိုက်နေပါတယ်။ အနောက်နိုင်ငံဈေးကွက်ကို တိုးချဲ့တာကလည်း မသေချာတဲ့ ကံကြမ္မာပါပဲ။

ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ ရှောင်မီက တီထွင်ဆန်းသစ်မှုကို ဆက်လက်ပြုလုပ်မယ်လို့ ပြောပါတယ်။ ရှောင်မီက ဈေးသက်သာတဲ့ ဒေါ်လာ ၁၃၀ တန် Redmiဖုန်းအသစ်ကို တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့် Miဖုန်းအသစ်ကိုတော့ ဇန်နဝါရီ ၁၅ ရက်မှာ ကြေညာမယ်လို့ ရှောင်မီက ပြောပါတယ်။ စွမ်းဆောင်ရည်မြင့် Mi ဖုန်း အမျိုးအစားတွေကို ဒေါ်လာ သုံးရာ ၀န်းကျင်နဲ့ ရောင်းချခဲ့ပြီး iPhoneတွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ခဲ့တာပါ။ ဈေးနှုန်းကတော့ iPhoneရောင်းဈေးရဲ့ တစ်၀က်အောက်သာ ရှိပါတယ်။

ရှောင်မီရဲ့ စမတ်ဖုန်း ဒီဇိုင်းကို ဝေဖန်သုံးသပ်သူတွေနဲ့ စားသုံးသူတွေက နှစ်သက်ကြပါတယ်။

ရှောင်မီဟာ ပြိုင်ဖက်တွေထက် ဈေးသက်သာတဲ့ဖုန်းတွေကို ဈေးကွက်ထဲ လျှင်မြန်စွာ ရောက်ရှိစေဖို့ Hardwareထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း နှစ်ဆယ်နဲ့ ပူးပေါင်း ရင်းနှီးမြှပ်နှံနေပါတယ်။

ရှောင်မီဟာ အခုထက်ထိတော့ Appleမဖြစ်သေးပါဘူး။ ဒါပေမယ့် မကြာမီမှာ ဖြစ်လာတော့မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts