News

အစိုးရသစ်၏ တတိယဘဏ္ဍာရေးနှစ် ပထမခြောက်လ မြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၈၁၀ကျော်ရှိသော်လည်း စိုက်/မွေး ကဏ္ဍတွင် နည်းပါးနေသေး

အစိုးရသစ်လက်ထက် တတိယမြောက် ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လအတွင်း ဗြိတိန်၊ ကနေဒါနိုင်ငံများ အပါအဝင်နိုင်ငံပေါင်း ၁၁နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၈၁၀ကျော်ကို ဆက်တိုက် ဝင်ရောက် မြှုပ်နှံလာကြောင်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက သြဂုတ်လ ၅ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်ဟု သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာန်နှစ်၏ ဧပြီလ ၁ရက်မှ ဇွန်လကုန်အထိ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ထပ်မံ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပေါင်း ၁၁နိုင်ငံမှ စက်မှုကဏ္ဍတွင် လုပ်ငန်းသစ် ၁၃ခုနှစ် ယခင်မြှုပ်နှံထားသည့် လုပ်ငန်းများတွင် ထပ်မံ မြှုပ်နှံသည့် ပမာဏအပါအဝင် အမေရိကန် ဒေါ်လာ ၅၆၉ ဒဿမ ၄၆၆သန်းကို လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် လုပ်ငန်းသစ်တစ်ခုနှင့် ယခင်မြှုပ်နှံပြီး လုပ်ငန်းများတွင် ထပ်မံမြှုပ်နှံသည့် ပမာဏအပါအဝင် အမေရိကန် ဒေါ်လာ ၂၂၁သန်းကိုလည်းကောင်း၊ ဝန်ဆောင်မှု လုပ်ငန်းသစ်တစ်ခုတွင် အမေရိကန်ဒေါ်လာ ၀ဒဿမ ၃သန်းကိုလည်းကောင်း၊ မြှုပ်နှံခဲ့ကြသည့်အပြင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၇ဒဿမ ၁၆၆သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၂ဒဿမ ၆သန်းကိုလည်း မြှုပ်နှံခဲ့ကြောင်း ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၃၂နိုင်ငံမှ လာရောက် မြှုပ်နှံရာ၌ ခွင့်ပြုမိန့်ပေးခဲ့သည့် ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၃ဘီလျံနီးပါးရှိပြီး ဇွန်လကုန်အထိ အမှန်တကယ် မြှုပ်နှံသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃ဘီလျံနီးပါးသာ ရှိသည်ဟု သိရသည်။ ၁၀ဘီလျံကွာဟရခြင်းမှာ ရင်းနှီးမြှုပ်နှံသည့် နှစ်စေ့သည့်အတွက် ပြန်လည်ထွက်ခွာသွားခြင်းနှင့် ခွင့်ပြုမိန့် တောင်းစဉ်က တင်ပြထားသည့် ပမာဏအတိုင်း အပြည့်အဝ မမြှုပ်နှံကြသေးသည့်အတွက် ဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာမှ အများဆုံး မြှုပ်နှံထားသည့် ကဏ္ဍသုံးခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ လျှပ်စစ်စွမ်းအား ကဏ္ဍနှင့် သတ္တုတူးဖော်ရေး ကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားပြီး ၈၈ရာခိုင်နှုန်းကျော်အထိ ရှိကြောင်း၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများကလည်း ထိုသို့ တစ်ဖက်စောင်းနင်း ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ မြှုပ်နှံမှုများထဲတွင် နိုင်ငံ၏ အရင်းအမြစ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် မြှုပ်နှံသည့်ပမာဏမှာ မရှိသလောက် နည်းပါးလျက် ရှိကြောင်း၊ ထိုသို့ နည်းပါးနေသည်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ တာဝန်ရှိသူများအားလုံး သိသော်လည်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍအထွက်တိုးတက်စွာ မြှုပ်နှံစေမည့် လမ်းစဉ်များအား ယခုထိချပြနိုင်မှု မရှိသေးကြောင်း သိရသည်။

၎င်းအပြင် အဆိုးရွားဆုံးအနေဖြင့် အရက်ဘီယာ စီးကရက်များကို လုပ်ကိုင်ခွင့် ချထားပေးသော်လည်း မည်သို့ ထုတ်လုပ်ရောင်းချသည့် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ မည်သို့ ပြုလုပ်နေသည်ကို ကြီးကြပ်နိုင်မှုမှာ အားနည်းသည့် အဆင့်ပင် မဟုတ်ပဲ လုံးဝပင် မရှိသည့် အဆင့်သို့ ရောက်နေသည်ဟု ပြောရမည် ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *