မြန်မာနိုင်ငံအတွင်း ကုန်းတွင်းပိုင်း အင်တာနက် ဆက်ကြောင်း ပြတ်တောက်မှု အနည်းငယ် ဖြစ်ပေါ်ခဲ့သော ဖျာပုံမြို့အနီးရှိ ၂မိုင် ၆ဖာလုံတွင် အင်တာနက် ဆက်ကြောင်း ပြုပြင်ပြီး ဖြစ်သဖြင့် ယခုအခါ အင်တာနက် မြန်နှုန်းများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ပြင်ပ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ ဦးစိုးမြင့်က ၃၀.၇.၂၀၁၃ရက်နေ့က ပြောကြားပါသည်။
အင်တာနက် ဆက်ကြောင်း ပြတ်တောက်မှုမှာ ဇူလိုင်လ ၂၂ရက်နေ့က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ပြုပြင်ရန် တစ်လဝန်းကျင် ကြာမြင့်မည်ဟု ကြေညာထားသော်လည်း တစ်ပတ်ကျော်အကြာတွင် ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။ လက်ထောက် အင်ဂျင်နီယာ ဦးစိုးမြင့်က “စင်ကာပူနိုင်ငံဘက်က ပြောတာက ရေအောက်ဖိုင်ဘာဆက်ကြောင်း၊ ပြတ်တာ မဟုတ်ဘူးဆိုလို့ ကုန်းတွင်းပိုင်း ဆက်ကြောင်းတွေကို စစ်ဆေးကြည့်တော့ ဖျာပုံမြို့အနီးက Powerကေဘယ်နဲ့ ပတ်သက်ပြီး ချွတ်ယွင်းချက် ဖြစ်နေတာကြောင့် ပြုပြင်ခဲ့တာ ၃၀ရက်နေ့ ညနေ ၅နာရီမှ ပြန်လည်ကောင်းမွန်သွားတာပါ”ဟု ပြောကြားခဲ့သည်။
ကုန်းတွင်းပိုင်း ဖိုင်ဘာဆက်ကြောင်းမှ ပြတ်တောက်မှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသဖြင့် ပြုပြင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ယခု အင်တာနက် ဆက်ကြောင်း ပြတ်တောက်စဉ် မြန်မာနိုင်ငံအတွင်း အင်တာနက် အသုံးပြုနိုင်ရန် တရုတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အင်တာနက် ဆက်ကြောင်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
Ref: ပြည်မြန်မာနေ့စဉ်