ရန်ကုန်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့သို့ တစ်ပတ်လျှင် တစ်ကြိမ် အထူးအမြန်ရထားတစ်စင်း ပြေးဆွဲမည်ဖြစ်ပြီး စက်တင်ဘာ ၇ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည်ဌာနမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်သင်းက စက်တင်ဘာ ၃ရက်တွင် ပြောကြားသည်ဟု သိရသည်။
အဆိုပါ ခရီးစဉ်သို့ ပြေးဆွဲမည့် အမြန်ရထားနှစ်စင်းရှိပြီး ကျိုက်ထို ၁နှင့် ၂ဖြစ်သည်။ အမြန်ရထား ကျိုက်ထို ၁သည် အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မှ နံနက် ၆နာရီ ၂၅မိနစ်တွင် စတင်ထွက်ခွာ၍ ပဲခူး၊ ေဝါ၊ သိမ်ဇရပ်ဘူတာများတွင် ရပ်နားမည်ဖြစ်ပြီး ကျိုက်ထိုမြို့သို့ နေလည် ၁၁နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ ကျိုက်ထိုမှ ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထို ၂ အမြန်ရထားမှာ နေ့လည် ၁၂နာရီ အချိန်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ လမ်းတွင် သိမ်ဇရပ်၊ ေဝါ၊ ပဲခူးဘူတာများတွင် ရပ်နားပြီး ရန်ကုန်သို့ ညနေ ၄နာရီ ၃၅မိနစ် အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အထွေထွေမန်နေဂျာ ဦးမောင်မောင်သင်းက “ရထားတွဲတွေမှာ အဲယားကွန်းနဲ့ အဆင့်မြင့်ထိုင်ခုံတွေ တပ်ဆင်ပေးထားပါတယ်။ ၀န်ေဆာင်မှုကိုလည်း အဆင့်မြှင့်ပေးမှာပါ”ဟု ဆိုသည်။ လက်မှတ်ခဈေးနှုန်းသည် ခရီးစဉ်တစ်ကြောင်းအတွက် ၃၅၀၀ကျပ်ဖြစ်ပြီး နိုင်ငံခြားသားခရီးသွားများအတွက် ၁၀ဒေါ်လာ (၁၀၀၀၀ကျပ်နီးပါး) ဖြစ်သည်။ ယင်းကဲ့သို့ လမ်းကြောင်းသစ်များ ပြေးဆွဲခြင်းနှင့် ပတ်သက်၍ Exotissimo Travelမှ မန်နေဂျာ ကိုကျော်ဆန်း၀င်းက “မြန်မာပြည်မှာ ရထားစီးရတာက တောတောင်ရေမြေ သဘာ၀နဲ့ မြင်ကွင်းတွေ ကြည့်ပြီး ရထားစီးရတာ ကောင်းပါတယ်။ အချိန်မမှန်တာတွေ၊ ၀န်ဆောင်မှုကောင်းကောင်း မပေးတာကတော့ မြန်မာ့မီးရထားတွေမှာ အမြဲတွေ့နေရသေးတယ်။ ဒီလိုအားနည်းချက် အားသာချက်တွေ မြန်မာနိုင်ငံက မီးရထားတွေမှာ ရှိနေသေးတယ်”ဟု မှတ်ချက်ချသည်။
ယခုပြေးဆွဲမည့် ရန်ကုန်-ကျိုက်ထို-ရန်ကုန် အမြန်ရထားတွဲတွင် ထိုင်ခုံပေါင်း ၇၂ခုံ ပါရှိပြီး ဂျပန်နိုင်ငံမှ ၂၀၁၂တွင် ထုတ်လုပ်ခဲ့သော RPE အမျိုးအစား မီးရထားဖြစ်သည်။ ယခုပြေးဆွဲသော ရထားလိုင်း အဆင်ပြေအောင်မြင်ပါက ရန်ကုန်-ကျိုက်ထို-မြိိတ်-ကော့သောင်းမြို့များအထိ ပြေးဆွဲရန်ရှိကြောင်း ဦးမောင်မောင်သင်းက ပြောကြားသည်ဟု သိရသည်။