News

နေပြည်တော်တွင် ဆီးဂိမ်းစ် ကျင်းပမည့် ကွင်းများအား ပြိုင်ပွဲကျင်းပရေး တာဝန်ခံ လာရောက် ကြည့်ရှုစစ်ဆေး

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ တစ်ဦးဖြစ်သည့် ဆန်ဂွမ်းကိုဆာဗင်တာ ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ ၂၅ရက်နေ့က နေပြည်တော်ရှိ အားကစားကွင်း အချို့ကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆန်ဂွမ်းကိုဆာဗင်တာသည် အရှေ့တောင်အာရှမြားပစ် အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်တွင်လည်း ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

၎င်းသည် သြဂုတ်လ ၂၅ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Gold Camp၌ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် Gold Campရှိ Medical Centerတွင် ဆီးဂိမ်းစ် ပြိုင်ပွဲကာလ၌ အားကစားသမားများအတွက် အရေးပေါ်လူနာခန်း ထားရှိမည့် ဆေးမှတ်တမ်းနှင့် ဆေးပေးခန်း ထားရှိမှု၊ အကြောဘက်ဆိုင်ရာ ကုသဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် နိုင်ငံအသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ တည်းခိုနေထိုင်မည့် အားကစားရွာရှိ အဆောက်အအုံများ တည်ဆောက်ထားမှု၊ ရုံးခန်းဖွင့်လှစ်ရန်နှင့် နားနေဆောင်များ ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ဆန်ဂွမ်းကိုဆာဗင်တာနှင့် အဖွဲ့သည် Gold Campရှိ Medical Centerနှင့် အားကစားရွာတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်အားကစားပြိုင်ပွဲ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိ မြားပစ်ကွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဝဏ္ဏသိဒ္ဓိမြားပစ်ကွင်းရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၊ ပွဲကြည့်စင်၊ အစည်းအဝေးခန်းမ၊ ဒိုင်လူကြီးများ နားနေခန်း၊ အားကစားသမားများ နားနေခန်း၊ အားကစားသမားများ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ရန် ပြင်ဆင်ထားရှိမှု၊ ပြိုင်ပွဲကျင်းပရာတွင် အသုံးပြုမည့် အထောက်အကူ ပစ္စည်းများထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၁၃ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၂ရက်အထိ လက်ခံ ကျင်းပမည်ဖြစ်သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *