Featured, News

Richard Bransonရဲ့ Virgin Groupက တစ်ကမ္ဘာလုံး အင်တာနက် အသုံးပြုနိုင်ရေးအတွက် OneWebရဲ့ Satelliteများလွှင့်တင်မှုကို ကူညီမည်

Richard Bransonရဲ့ Virgin Groupက တစ်ကမ္ဘာလုံး အင်တာနက် အသုံးပြုနိုင်ရေးအတွက် OneWebရဲ့ Satelliteများလွှင့်တင်မှုကို ကူညီမည်

OneWebက Richard Bransonရဲ့ Virgin Groupနဲ့ Qualcommတို့မှ ထောက်ပံ့ငွေများဖြင့် Satellite ရာပေါင်းများစွာရဲ့ အကူအညီနဲ့ အင်တာနက် ထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုကို တည်ဆောက်နေပါတယ်။

အရင်က WorldVu Satelliteလို့ ခေါ်တဲ့ OneWebဟာ ဝေးလံခေါင်သီတဲ့ နေရာများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အင်တာနက် အသုံးပြုနိုင်ဖို့ အလိုရှိနေပါတယ်။ Googleကလည်း အဲဒီလို ဆန္ဒရှိပြီး လေထုထဲမှာ အချိန်ကြာမြင့်စွာ သွားလာနိုင်တဲ့ ဘောလုံးများကနေ တစ်ဆင့် ဝေးလံခေါင်သီတဲ့ နေရာများမှာ အင်တာနက် ထုတ်လွှင့်ပေးဖို့အတွက် Project Loonစီမံကိန်းကို ပြုလုပ်နေပါတယ်။ ရေဒီယိုလှိုင်းများကို ထိန်းချုပ်တဲ့ ဘောလုံးများကို အသုံးပြုတဲ့အစား OneWebက အာကာသကို ဦးတည်နေပါတယ်။

OneWebစီစဉ်ထားတဲ့ အင်တာနက် ၀န်ဆောင်မှုကို Satellite ၆၄၈ခုက မောင်းနှင်မှာဖြစ်ပါတယ်။ ဒီလို Satelliteများစွာကို အသုံးပြုတဲ့အတွက် ဝေးလံခေါင်သီတဲ့ နေရာဒေသများမှာသာမက မိုဘိုင်းအော်ပရေတာများကနေ အင်တာနက် ထောက်ပံ့နေရတဲ့ လေကြောင်းလိုင်းများမှာပါ အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Virgin နဲ့ Qualcommတို့က ဘယ်လောက်ငွေကြေး ထောက်ပံ့လဲဆိုတာ OneWebက မပြောပေမယ့် Satelliteအခြေပြု အင်တာနက် ၀န်ဆောင်မှုဟာ ဒေါ်လာ နှစ်ဘီလီ ယမ်လောက် ကုန်ကျမှာ ဖြစ်ပြီး လက်ရှိ Telecom Carrierများကို အခကြွေးငွေပေးပြီး အသုံးပြုနေတဲ့ လူသားများထံသို့ ဒေတာများစွာ ပေးပို့နိုင်မယ်လို့ ပြောပါတယ်။

Bransonနဲ့ Qualcommရဲ့ Executive Chairmanဖြစ်တဲ့ Paul Jacobsတို့က OneWebရဲ့ ဘုတ်အဖွဲ့မှာ ပူးပေါင်းမှာဖြစ်ပါတယ်။ လေကြောင်းလိုင်း၊ မိုဘိုင်း စီးပွားရေးနဲ့ Virgin Galactic အာကာသခရီးသွား ၀န်ဆောင်မှုကိုပါ ပြုလုပ်နေတဲ့ Virgin Groupက သူ့ရဲ့ LauncherOne Programကနေ Satelliteများ လွှင့်တင်မှုကို ကူညီမှာ ဖြစ်ပါတယ်။ Satelliteတစ်ခုဟာ ၂၈၅ ပေါင် အလေးချိန်ရှိပြီး ကမ္ဘာမြေရဲ့ အထက် မိုင် ၇၅၀ ၀န်းကျင်လောက်ဖြစ်တဲ့ နိမ့်တဲ့ ကမ္ဘာပတ်လမ်း ကြောင်းမှာ လှည့်ပတ်နေမှာ ဖြစ်ပါတယ်။

OneWebရဲ့ ပူးတွဲတည်ထောင်သူ Greg Wylerကို အင်တာဗျူးခဲ့တဲ့ The Wall Street Journalအရ အဲဒီ အင်တာနက် ၀န်ဆောင်မှုဟာ ငွေကြေး၊ ဥပဒေစည်းမျဉ်း၊ နည်းပညာစိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ Wylerရဲ့ Satellite ကုမ္ပဏီဟောင်း ဖြစ်တဲ့ 03b Networksဟာ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် ခြောက်နှစ်ကြာမှ Satelliteများ လွှင့်တင်နိုင်ခဲ့တာပါ။ သူဟာ အဲဒီကတည်းက ၂၀၁၅မှာ ၀င်ငွေ သန်းတစ်ရာရမယ်လို့ ရည်ရွယ်ထားတဲ့ ကုမ္ပဏီကို စွန့်ခွာခဲ့ပေမယ့် ရှယ်ယာတွေကိုတော့ ပိုင်ဆိုင်ထားပါသေးတယ်။

Wylerက Assembly-Line Methodကို အသုံးပြုခြင်းဖြင့် OneWebရဲ့ Satelliteတစ်ခုဟာ ဒေါ်လာ ၃၅၀ ၀၀၀ ကုန်ကျမယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ထုတ်လုပ်သူ ပါတနာတွေကို ရရှိဖို့ လိုအပ်နေပြီး စကားပြောဆို နေတယ်လို့ ယူဆရပါတယ်။ အစပိုင်းမှာတော့ Teslaနဲ့ Space Xကို တည်ထောင်ထားတဲ့ Elon Muskက OneWebနဲ့ ပူးပေါင်းမယ်လို့ ထင်ခဲ့ကြပေမယ့် Wylerကတော့ အဲဒီအကြောင်းကို မပြောပါဘူး။

Muskက Space Xဟာ Satelliteများ လွှင့်တင်ဖို့နဲ့ တီထွင်ဖို့အတွက် Seattleမှာ အင်ဂျင်နီယာရုံးခန်းဖွင့်လှစ်မယ်လို့ Bloombergကို ပြောကြားသွားခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *