Opinion

၀န်ထမ်းမြဲမှ တိုင်းပြည်တိုးတက်မည်

ရင်းနှီးမြှပ်နှံမှုတွေ ပြည်ပမှ စီး၀င် လာသည့်အချိန်၊ မြန်မာလူမျိုး လုပ်ငန်းရှင်များ၏ လက်မထောင်ပြီး၊ လုပ်ငန်းများ တိုးချဲ့ နိုင်သော အချိန် တစ်ခုသို့ ရောက်ရှိ နေကြပြီ မဟုတ်လော။ လုပ်ငန်း တစ်ခု တည်ထောင် ကြသည့် အခါ၀ယ် အလုပ်ရှင်နှင့် ၀န်ထမ်း၊ ခေါင်းဆောင်နှင့် တပည့် ရှိကြမှသာ ကုမ္ပဏီ၊ အဖွဲ့အစည်း တစ်ခုအဖြစ် လည်ပတ် နိုင်ကြမှာပါ။ တစ်ဦး တစ်ယောက် တည်းသာ တော်သည်။ တတ်သည်၊ ဆိုသည့် အခါမျိုး၊ အဖွဲ့တစ်ခုနှင့် အတူတူ လုပ်ကိုင်၍ မရသည့် အခါမျိုး၌ Professional တစ်ယောက် အဖြစ်သာ ရပ်တည် နိုင်ကြလိမ့်မည်။ ဥပမာ- Freelance Designer, Visiting Doctor စသည်ဖြင့်ပေါ့့။ တစ်ယောက်တည်းသော အင်အားဖြင့် သစ်ပင်တစ်ပင် စိုက်နိုင်လျှင်၊ အယောက် ၁၀၀ အင်အားဖြင့် အပင် ၁၀၀ စိုက်နိုင်မည်မှာ အမှန်ပါ။ လူဦးရေ သန်း ၆၀ ၀န်းကျင် ရှိသည့် နိုင်ငံအတွက်မူကား ယနေ့လို စီးပွားရေး လမ်းစများ ပွင့်လင်း လာသည့် အချိန်အခါ၌ ကိစ္စပေါင်း သန်း ၆၀ လုပ်ကိုင်နိုင်သင့်သည်ပေါ့။
သို့ပေမယ့်… ပစ္စုပ္ပန်၌ အကြောင်းအမျိုးမျိုးကြောင့် ကိစ္စပေါင်း သန်း ၆၀ ပြီးမြောက် ရမည့် အစား ကိစ္စတစ်ခုကို သန်းပေါင်း ၆၀မှ လုပ်နေကြသည့်ဟန် သက်ရောက် နေသလားဟု သုံးသပ်မိသည်။ ဥပမာ – ကားအရောင်းပြခန်းတွေ ကွမ်းယာဆိုင် နီးပါး များပြားနေသည်ကို ရန်ကုန်မြို့နေသူများ အားလုံး သတိပြုမိ ကြပေမည်။

  • ပညာရှင်များ၏ အဆိုအရ – အခြေခံပညာ ဘာသာရပ်တွေထဲမှာ ဘယ်လို တွေးခေါ်ရမည်ဆိုသည့် critical thinkingဆိုတာ လိုအပ်ကြောင်း၊ ကြီးပြင်းလာသည့် ပတ်၀န်းကျင် တစ်ခုအရလည်း စိတ်ဓာတ်ကို ဘယ်လို ထားသင့်သည်ဆိုတာ သင်ယူသင့်ကြောင်း ဆိုနေရသည်ကို အားလုံးကြားဖူးကြမှာပါ။
  • အတွေးအခေါ် – စီးပွားရေးတစ်ခု အောင်မြင်ဖို့ဆိုတာ အတွေးအခေါ် မသစ်ဆန်းရင်တောင် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဥပမာ – လုပ်ငန်း တူပေမယ့် ၀န်ဆောင်မှု မတူတာမျိုးပေါ့။ ဒါပေမယ့် အတွေးအခေါ် အသစ်တစ်ခုနှင့် မည်သူမှ မလုပ်ရသေးသည့် စီးပွားရေးတစ်ခု စလုပ်မည်ဆိုရင်တော့ အကောင်းဆုံးပေါ့။ Pioneer ပေါ့။ အလွန်ရှားပါး ပါသေးသည်။
  • စိတ်ဓာတ် – လုပ်ငန်းရှင်အချို့၏ အဆိုကို ကြားဖူးပါသည်။ ‘‘မင်းတို့ သူများ လုပ်နိုင်သလောက် အရင် လုပ်နိုင်အောင်၊ မှီအောင်၊ ကြိုးစားကြည့်ရင်ဖြင့် လူတော် ဖြစ်ပြီတဲ့။” စိတ်ဓာတ်ဆိုတဲ့ အပိုင်းရောက်ပြီပေါ့။ ကောင်းပါတယ်။ ကြိုးစားချင်စိတ် ရှိအောင် မြှင့်တင် ပေးလိုက်သည်ပေါ့။ လုပ်ငန်းရှင်တိုင်း တွေ့ဖူးကြမည့် ဥပမာ တစ်ခုပါ။ ၀န်ထမ်းအသစ်ကို အင်တာဗျူး သည့်အခါတိုင်း ၉၀ ရာခိုင်နှုန်းသော အလုပ် လျောက်လွှာတွေနှင့်အတူ ပူးတွဲပါလာမှာကတော့ နာမည်တူ သင်တန်းမှ ဘွဲ့လက်မှတ်တွေကိုပါ။ ဟိုတစ်ယောက်လည်း အဲဒီသင်တန်းက ဒီတစ်ယောက်လည်း အတူတူပဲ။ အလုပ် လာလျှောက်သမျှ အယောက် ၁၀၀ လုံး သင်တန်းကျောင်း တစ်ကျောင်းထဲမှ ထွက်သည်ဆိုရင်တော့ ဤသင်တန်းဖွင့်ထားသူ (သင်တန်း ပိုင်ရှင်) အားလုံး ဖြစ်ချင်ကြမှာပါ။ ၀န်ထမ်းတွေ ပြောကြတာလည်း ကြားဖူးမှာပါ။ ‘‘ကျပ်ငွေ တစ်သိန်းခွဲ စုရဦးမယ်။ ဟိုသင်တန်းလေး ၃လခွဲ တက်ရမည်တဲ့။” အစရှိသည်ဖြင့်ပေါ့။ သင်တန်း မတက်နိုင်သည့် ၀န်ထမ်းများနှင့်တကွ ကိုယ်ကျိုးရှာသော သင်တန်းများ များပြားလာခြင်းကြောင့် လုပ်ငန်းတစ်ခုသည် တက္ကသိုလ် ကျောင်းတော်တစ်ခု ဖြစ်လာတာ များ၏။ လုပ်ငန်းရှင်က ၀န်ထမ်းကို ဖြစ်စေချင်သည့်၊ လိုချင်သည့်အတိုင်း ညွန်ကြားပေးကြ၏။ လိုအပ်သည့် စက်ကိရိယာ အထောက်အပံ့ အ၀၀ကိုလည်း ပေးကြ၏။ အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် အတွေးအခေါ် သင်ပေး၏။ အလုပ်ရှင် ကိုယ်တိုင်မှလည်း အထွေထွေ မန်နေဂျာ တစ်ယောက်သဖွယ်၊ နည်းပြ ပါမောက္ခသဖွယ် ဖြစ်လာ၏။ ၀န်ထမ်းအတွက်လည်း သင်တန်း တက်စရာ မလိုပဲ အလုပ် အတွေ့အကြုံနှင့်တကွ ထောက်ပံ့ထားသည့် အလုံးစုံကို ခံစားဖူးသည့်အပြင် ပညာ အတွေးအခေါ် ရ၏။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အောင်မြင်သည်ဟု သတ်မှတ်ရပေမည်။

အားလုံးကို ချူံကြည့်ရအောင်…

(၁) စီးပွားရေး လုပ်ငန်းရှင်များက မတူညီသည့် အတွေးအခေါ်နှင့် လုပ်ငန်းသစ်များကို တည်ထောင်ကြမည်။

(၂) သင်တန်းအောင်မြင်ပြီး အလုပ်မှာ ၃လ အတွေ့အကြုံ ယူရုံဖြင့် ၀န်ထမ်းအားလုံး စိတ်ဓာတ် မြင့်မားစွာဖြင့် ကိုယ့်အလုပ် ကိုယ် ပြီးအောင် လုပ်ကြမည်။

ဟူး… ရေး…
ထိုနှစ်ချက်လောက်ဖြင့်ပင် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းများစွာဖြင့် ခေတ်သစ်၏ ပန်းတိုင်သို့ လွယ်ကူစွာ အရောက်လှမ်းနိုင်ပေလိမ့်မည်။
မဟုတ်သေးပါ…

ဖြစ်ပျက်နေပုံကတော့…

(၁) စီးပွားရေး လုပ်ငန်းများမှာ လုပ်ငန်းသစ် ထူထောင်ဖို့ အတွေးအခေါ် အားနည်းသည့်အပြင် တူညီသည့် ၀န်ဆောင်မှုများနှင့် လုပ်ငန်းအတူတူ လုပ်နေကြသည် များပါ၏။ (ဥပမာ – တစ်ယောက်လုပ်လို့ အောင်မြင်ရင်၊ နောက်တစ်ယောက်က နားမလည်လဲ အခြားအလုပ်မှ ၀န်ထမ်းတွေကို လစာ နှစ်ဆပေးပြီး လုပ်ငန်းတူ ထောင်တာမျိုးပေါ့။ ပိုက်ဆံရှိ ပိုက်ဆံထပ်ရှာတာပေါ့။)

(၂) ၀န်ထမ်းများမှလည်း ပိုက်ဆံကုန်၊ လူပန်း၊ သင်တန်းတက်ပြီး အလုပ် မရသဖြင့် စိတ်ညစ်ကြ၏။ ရပြန်သော်လည်း သင်တန်း လက်မှတ် တကားကားနှင့် လက်တွေ့ ဘာမှ လုပ်ငန်းရှင်ကို သက်သေ မပြနိုင်သဖြင့် စိတ်ဓာတ်မြင့်မြင့် မထားနိုင်ဖြစ်ရ၏။

ထိုအချိန်အခါသမ၌ အခြားနိုင်ငံ ရပ်ခြားမှ ပြည်တော်ပြန်များ၏ အဆိုအရ…. ‘‘အလုပ်တစ်ခု ရဖို့ မနည်း ကြိုးစားရသည်။ အလုပ်ပြုတ်မှာလည်း အရမ်းကြောက်သည်’’ဟု နိုင်ငံခြားပြန် မြန်မာလူမျိုး အများစုမှ ပြောကြသည်။ နိုင်ငံခြားမှာ စီးပွားရေး ထူထောင်ဖူးသူများမှလည်း ‘‘Talent Pool’’ ဆိုသည့် စကားလုံးကို ပြောကြသည်။ ‘‘၀န်ထမ်းများကို မကြိုက်ရင် ဖြုတ်ပစ်လိုက်၊ အလုပ်လိုချင်သည့်လူ အများကြီး ပညာတတ် တစ်ပုံကြီး’’ဟူ၍ ဖြစ်သည်။

ပြည်တွင်း၌…
၀န်ထမ်းအများစုမှာတော့ မျက်နှာငယ်လေးဖြင့် ပညာရအောင် ယူကြသည်။ ဘယ်လို ပြောပြော အပြုံးမပြတ်။
ကိုယ့်ကို ကိုယ် တော်သည်၊ တတ်သည် ထင်ကြသည့်အချိန်မှာတော့… အပြုံးပြတ်ဖို့ အကြောင်းအရာ ပေါ်လာသည်နှင့် အလုပ်ဖြုတ်စရာမလို…
နောက်တစ်ရက် မပေါ်လာတော့ပါ။ဟု ဆိုလျှင် စီးပွားရေး လုပ်ငန်းရှင်အများစု လက်ခံကြပေလိမ့်မည်။

‘‘ငပိနှင့် ထမင်းမြိန်သည်။
ဘုန်းကြီးကျောင်း၌ အလှူ တက်စားလို့ ရသည်။
မိဘအိမ်မှာ ကပ်စားလို့လည်း ပတ်၀န်းကျင်မှ ရယ်မောသံကြားရမည် မဟုတ်’’

ထို့ကြောင့် အလုပ်ရှင်သည် မိမိ ပညာ သင်ပေးထားသည့် ၀န်ထမ်းကို ပြန် ကြောက်ရသည်။

၀န်ထမ်းကောင်းမှ တိုင်းပြည် တိုးတက်မည်ထက်၊ ၀န်းထမ်းမြဲမှ တိုင်းပြည်တိုးတက်မည်ဟု ဆိုချင်သည်။

ယနေ့လို အချိန်အခါမျိုးမှာ… တိုင်းပြည်အတွက် လုပ်ငန်းပေါင်းများစွာ ဖန်တီးပေးချင်သော၊ တက္ကသိုလ် ကျောင်းတော်ကြီးများအဖြစ် ဖွင့်လှစ်သင်ကြားပေးချင်သော လုပ်ငန်းရှင် များစွာ ရှိနေကြသော်လည်း ၀န်ထမ်း မမြဲခြင်း၊ ၀န်ထမ်းများမှ ကျေးဇူး သစ္စာ မစောင့်သိနိုင်တော့ခြင်း အစရှိသည်တို့ကြောင့် နောက်ဆုံး နှေးကွေးစေမည်မှာ အလုပ်ရှင်၏ လုပ်ငန်းခွင် မဟုတ်ပဲ တိုင်းပြည်၏ တိုးတက်မှုသာ ဖြစ်ပေလိမ့်မည််။
ပညာမဲ့ လုပ်ငန်းရှင်များမှလည်း ၀န်ထမ်းလစာ နှစ်ဆ တိုးပေးပြီး အလုပ်ခန့်သည့် စနစ်တွေကို လျော့ချသင့်ပြီး ပြည်တွင်း (သို့) ပြည်ပမှ ပညာရှင်တစ်ယောက် ဌားရမ်းကာ နိုင်ငံအတွက် ကျေးဇူးသိ သစ္စာရှိမည့် ၀န်ထမ်းကောင်း များများ မွေးထုတ်ပေးသင့်ကြောင်းလည်း တင်ပြလိုက်ရပါသည်။
ကျောင်းတော်ကြီးကတော့ လည်ပတ်စမြဲပေါ့…

အဓိကက
တိုင်းပြည်အတွက်
ဘယ်လို စံနှုန်း…
ဘယ်လို စိတ်ဓာတ်
ထားသင့်သည် ဆိုတာပါ…

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *