Opinion

ကားမောင်းနေရင်း ဖုန်းပြောတတ်သလား

ကားမောင်းနေရင်း ဖုန်းပြောရင် အန္တရာယ် များတယ်ဆိုတာ ပြောနေ၊ ဆိုနေကြ၊ ရေး သားနေကြတာကို ကြားနေ တွေ့နေကြပါ လိမ့်မယ်။ အန္တရာယ်များတယ် ဆိုတာ ဘယ် အတိုင်းအတာ အထိများသလဲ။ သိကြတဲ့ အတိုင်း ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပြီ ဆိုတာနဲ့ အနည်းဆုံး ထိခိုက်ဒဏ်ရာ ရနိုင် တဲ့ အခြေအနေကနေ အဆုံးစွန် အသက် အန္တရာယ် ထိပါးနိုင်တဲ့အထိ ဖြစ် သွားတတ် ကြပါတယ်။ ဖြစ်သွားပြီးတော့မှ အမိကယ် ပါ၊ အဖ ကယ်ပါ၊ ပြောလို့ မရတော့ပါဘူး။ ကိုဘအေးတို့ နိုင်ငံမှာ အခုဆိုရင် မော်တော် ကားတွေများမှ များလို့ ဆိုရအောင် ကိုယ်ပိုင် ကားတွေ၊ အငှားယာဉ်တွေ၊ လိုင်းကား ဘတ်စ်ကားတွေဟာ အထူး သဖြင့် ရန်ကုန် မြို့ပေ့ါဗျာ။ (ရန်ကုန်ကပဲ အရှုပ်ဆုံး လို့ ထင်ပါတယ်) ဟိုတစ်ချိန်က ထက်စာရင် လမ်းတွေပေါ်မှာ ပြည့်ကြပ်နေတာ တွေ့ရမှာ ပါ။ တစ်နေရာကနေ တစ်နေရာသွားဖို့ အချိန်ကြာမှာစိုးလို့ ဘတ်စ်ကား မစီးတော့ ဘဲ Taxi ငှားစီးတော့လည်း မထူးဖူး။ လက်တွေ့က ပိတ်နေတော့ ကြာတာပဲ။ တစ်ခါကဆိုရင် အနော်ရထာလမ်းပေါ်မှာ သိမ်ဖြူလမ်း၊ မီးပွိုင့်ကနေ ဘားလမ်း မှတ်တိုင် ရောက်ဖို့ နာရီဝက် ကြာပါတယ် ဆိုရင် ယုံမလား။ စိတ်မရှည်တဲ့ သူတွေ ကတော့ လမ်းဆင်း လျှောက်ကြတာပေါ့။ အဲဒါကြောင့် ကိုဘအေးက ချမ်းသာရင် ကားဝယ် မစီးတော့ပဲနဲ့ ဟတ်စကီး (ဟယ်လီ ကော်ပတာ)ပဲ ဝယ်စီးတော့ မယ်လို့။ အဲသလို ကားတွေ များလာ သလိုပဲ အခု ဆိုရင် တန်ဖိုးနည်း ဖုန်းတွေကလည်း ချထားပေးနေတော့ နောက်ဆိုရင် ပဲပြုတ် သည်တောင် ဖုန်းကိုင်နို်င်တော့မယ့် အခြေ အနေလို့ ပြောရမလို ဖြစ်နေပါတယ်။

နောင် သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းအထိ ဖုန်းကိုင်နို်င်လိမ့်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပြောကြား ချက်အရလည်း သိရပါတယ်။ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးနေတဲ့ အင်တာနက်တွေနဲ့ အပြိုင် လက်ရှိကိုင်တွယ် အသုံးပြုနေကြတဲ့ လက်ကိုင်ဖုန်းတစ်လုံးရဲ့ သက်ရောက်မှု အတိုင်းအတာကလည်း ဆက်သွယ်မှု ဧရိယာ အတွင်းကနေ တစ်ဦးနဲ့ တစ်ဦး တစ် နေရာနဲ့ တစ်နေရာ အကြောင်းကိစ္စရှိလို့ ပြောစရာ၊ ဆိုစရာ၊ တိုင်ပင်စရာ ရှိရင် အရေး ကြီးသည် ဖြစ်စေ၊ အရေးမကြီးသည် ဖြစ်စေ၊ ဖုန်းကဏန်းလေး တစ်ချက်လောက် နှိပ် လိုက်ရုံနဲ့ အရမ်းကို အဆင်ပြေ ခရီး ရောက် နေတာကတော့ အမှန်ပါပဲ။ ဒီကနေ့ မြန်မာ နိုင်ငံမှာ လက်ကိုင်ဖုန်းတွေကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပြီး နိုင်ငံတော် အစိုးရရဲ့ အစီအမံနဲ့ ကျေးလက် ဒေသအထိ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ဖို့ စီစဉ် ဆောင် ရွက်လျက် ရှိပါတယ်။ ဒီအခါမှာ မော်တော် ယာဉ် စီးနင်း အသုံးပြုတဲ့ မြို့နေ လူတန်းစား များကနေ မော်တော်ဆိုင်ကယ်၊ စက်ဘီးစီး နင်းတဲ့ ကျေးလက်နေ ပြည်သူ များပါ မကျန် လက်ကိုင်ဖုန်းများကို သုံးစွဲနိုင်ကြမှာ ဖြစ်ပါ တယ်။

ဒါပေမယ့် နေရာတကာမှာ အကျိုးနဲ့ အပြစ် ဒွန်တွဲနေတဲ့ သဘာဝအတိုင်း လက် ကိုင်ဖုန်းများဟာ စနစ်တကျ သုံးတတ် ရင် လူနေမှု စနစ်ရဲ့ အရေးအရာ အားလုံးမှာ အကျိုးတရား များစွာ ရရှိနိုင်ပြီး မသုံးတတ် ရင်တော့ အန္တရာယ်ကိုဖိတ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။

အခုဆိုရင်နယ်မြို့တွေကနေ ကျေးရွာ တွေအထိလက်ကိုင်ဖုန်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးစွဲနေကြပြီ ဖြစ်လို့အချို့က မော်တော်ယာဉ်မောင်းနှင်နေစဉ်ဖြစ်ဖြစ်၊ မော်တော်ဆိုင်ကယ်တို့ စက်ဘီးတို့ စီးနင်း နေသည် ဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းများနဲ့ ဖုန်း ပြောဆိုတတ်ကြတဲ့အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီသလို မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နဲ့ စက်ဘီးတို့ကို စီးနင်း မောင်းနှင် နေရင်း လက်ကိုင်ဖုန်းကို သုံးစွဲ ပြောဆိုတာ ဟာ အသက်နဲ့ ရင်းပြီး ပေးဆပ် ရတဲ့ နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်လာလို့ရှိရင် ကိုယ်ပိုင်ကား ဆလွန်းကားနဲ့ ဖြစ်ဖြစ်၊ အငှားယာဉ် Taxiနဲ့ပဲ ဖြစ်ဖြစ်၊ သူတို့က ထိခိုက်မှု ဖြစ်ရင် အများဆုံး၊ ၅ယောက် ၆ယောက်လောက်၊ လိုက်ထရပ်လောက် ဆိုရင် ဆယ့်လေး ငါးယောက်လောက်၊ ဘတ်စ်ကားဆိုရင်တော့ အနည်းဆုံး အစိတ်၊ သုံးဆယ် လောက် ထိခိုက်မှု ဖြစ်လာနိုင် ပါတယ်။ ဘတ်စ်ကား ဒရိုင်ဘာဆိုပြီး အထင် မသေးနဲ့နော်။ ဖုန်း ကိုင်နိုင်တဲ့သူတွေ ရှိ တယ်။ သူတို့ ကား မောင်းရင်း ဖုန်းပြောတာ ကိုတော့ ကိုဘအေး မှာ ကားစီးရင်း အသဲ တယားယား ရင်တ ထိတ်ထိတ်နဲ့၊ ပိုဆိုးတာ က ရှေ့မှာ စစ်ဆေး ရေး ရှိတယ်ဆိုရင် နဂိုက စွပ်ကျယ် နဲ့မို့လို့ ကားမောင်းနေရင်း မထသ အင်္ကီျ ကောက် စွပ်နေတာပါပဲ။

ဒီနေ့လို ခေတ်မီ နည်းစနစ်တွေ တီထွင် သုံးစွဲနေကြတဲ့ ကာလမှာ မော်တော်ယာဉ် များအတွင်းမှာ ခေတ်မီအီလက်ထရောနစ် ပစ္စည်းတွေ ဖြစ်တဲ့ တီဗီ၊ ဗီစီဒီ ကြည့်တာ၊ စီဒီခွေတွေ ဖွင့်ပြီး နားထောင်တာ၊ ယုတ်စွ အဆုံး၊ FM ရေဒီယိုလေး ဖွင့်ပြီး နား ထောင်တာကနေ ဖုန်းကို လက်နဲ့ ကိုင်ပြီး တစ်မျိုး Hand Freeနဲ့ တစ်ဖုံ သုံးစွဲ နေကြတာ ဖြစ်ပြီး၊ တိုးတက်ခေတ်မီလာတဲ့ နည်းပညာတွေနဲ့ မော်တော်ယာဉ် မောင်းနှင် နေရင်း စီးပွားရေး လုပ်ငန်းတွေကို စီမံခန့်ခွဲ တာ၊ သတင်းစကားတွေ ရေးသားပေးပို့တာ တွေကို မိမိကားထဲမှ နေ၍ လုပ်ဆောင်နိုင် ကြပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေကတော့ ကား များမှာ တပ်ဆင်ထားတဲ့ စကားပြော လက် ကိုင်ဖုန်းများနဲ့ အလားတူ ပစ္စည်းများဟာ ကျွနိုပ်တို့ အနေနဲ့ သတိမမူ မိတဲ့အခါ ဘေး အန္တရာယ်ဆီကို တည့်တည့် မတ်မတ် တွန်း ပို့နေကြောင်း၊ သတိပေး စကားပြောကြားခဲ့ ပါတယ်။ အခုဆိုရင် တချို့ကားတွေမှာ စတီ ယာရင်မှာပဲ Built-in တပ်ဆင်ထားတဲ့ ဖုန်း စနစ်နဲ့ စကားပြောနိုင်တာ တွေ့ရပါတယ်။ ဖုန်းနားကြပ်နဲ့ ဖြစ်ဖြစ် Bluetoothနဲ့ ဖြစ်ဖြစ် စကားပြောနိုင်ပါတယ်။ ကိုဘအေးတို့ တီဗီ မှာ ကြည့်ရတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ တွေထဲမှာ ဆိုရင် ကားမောင်းနေရင်း ဖုန်း ပြောချင်ရင် နားကြပ်လေးတွေတပ်ပြီး ပြော တာတွေ့ဖူးပါတယ်။ တစ်ခါတစ်လေ အဲဒီလို ပြောနေရင်း ဒေသထွက်လာတာ၊ ယူကျုံးမရ ဝမ်းနည်းရတာတွေ ဖြစ်လာတဲ့အခါ မောင်း လာတဲ့ ကားကို လမ်းဘေးထိုးရပ်ပြီး စိတ်ပြေ ပျောက်တဲ့အထိ နေလေ့ရှိတာ တွေ့ရပါ တယ်။

ယာဉ်မောင်းနေတုန်း ဖုန်းပြောရာမှာ ဖုန်း ပေါ်မှာ စကားများ ရန်ဖြစ်တာ၊ လုပ်ငန်း ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးပြောကြားတာ၊ ချစ်ရေးချရာ စကားတွေ ပြောဆိုတာ စတာ တွေဟာ ယာဉ်မောင်းရဲ့ စိတ်အာရုံကို ယာဉ်မောင်းနှင် နေရာက အခြားတစ်နေရာ ကို ရောက်ရှိစေပြီး အန္တရာယ်ကို လက်ယက် ခေါ်ရာ ရောက်ပါတယ်။ နိုင်ငံတကာ လေ့ လာသူတွေက ပြောတာမှာ စိတ်မချမ်းမြေ့ ဖွယ် သုံးသပ်ချက်များအရ ယာဉ်မောင်းများ မှာ ယာဉ်တိုက်ခိုက်မှု လေးကြိမ်ဖြစ်တိုင်း၊ တစ်ကြိမ်က ယာဉ်မောင်းနေစဉ် ဖုန်းပြော ခြင်းကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ၊ နယူဘောက်ဝေး ပြည်နယ်၊ Mulwalaမြို့ဟာ ဘရုစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းနေ ရင်း၊ ဖုန်းပြောတယ်၊ Messageတွေ ပို့တယ်။ ဓာတ်ပုံတွေ ပို့တယ်။ သူမ ကုမ္ပဏီ ဝန်ထမ်းတစ်ယောက် ဖြစ်ပြီး၊ သူမရဲ့ ကျောက်ကပ်နဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းဖို့ စိတ်ဝင်တစားနဲ့ အမြဲတမ်း စုံစမ်းနေတဲ့ လူ တစ်ယောက် ဖြစ်တယ်။ တစ်နေ့တော့ သူ့ အမေ Vicki Richardsonဆီကို မိတ်ဆွေ တစ်ယောက်က ဘရုစ်ကားမောင်းနေရင်း ဖုန်းသုံးနေတယ်လို့ သတိပေးလာတယ်။

ဒါကို ဘဝင်မကျတဲ့ သူ့အမေက သမီးရေ ဒါဟာ ဘယ်လောက် အန္တရာယ်များလဲလို့ ပြောလိုက်တော့ ကျွန်မ စိတ်မကောင်းပါဘူး။ မေမေလို့ ပြောပြီး နောင်မလုပ်ဖို့ ကတိ ပေးခဲ့တယ်။ ဘရုခ်ဟာ သမီး အလိမ္မာလေး ဖြစ်ပေမယ့် အကျင့်ဆိုတာ ပျောက်နိုင်ဖို့ ခက်တဲ့အတွက် တစ်နေ့မှာ အလုပ်သွားရင်း ကားမောင်းစဉ် ဖုန်းကို အသုံးပြုနေတာ ကြောင့် အလျင်စလို ကားကွေ့ရာကနေ ကားနဲ့ သစ်ပင်တိုက်ပြီး အသက်ဆုံးခဲ့ရပါ တယ်။ ဗစ်တိုးရီးယားမှာ ရှိတဲ့ ယာဉ်ကြော မတော်တဆမှု ဆိုင်ရာ ကော်မရှင် (Traffic Aecident Commission)က ကားမောင်း နေရင်း ဖုန်းသုံးစွဲမှုအတွက် ဥပဒေကြမ်း ပြုပြင်မယ် ဆိုတော့ ဘရုစ်ရဲ့ အဖြစ်ကို အခြားသူတွေ နမူနာရအောင် ပြည်နယ် ဝန်ကြီးချုပ် တက်ဒ်ဘေလျူ (Ted Baillien)က (Boole’s Law)ဘရုစ်ရဲ့ ဥပဒေအဖြစ် သတ်မှတ်သွားမယ့် အကြောင်း ပြောခဲ့ပါ တယ်။ သူမရဲ့ အမေကတော့ သူ့ရဲ့ သမီးက ကမ္ဘာကို ကောင်းမွန်စွာ ပြောင်းလဲချင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ကြောင်း၊ ဒီဝမ်းနည်းဖွယ် အဖြစ်မှာ အဆိုးထဲက တစ်ခုတည်းသော ကောင်းကွက်ကတော့ သူမျှော်လင့်သလို သူဟာ ကမ္ဘာကို ပြောင်းလဲစေနိုင်ခဲ့တာ ဖြစ် ကြောင်း၊ သူမ သမီးရဲ့ သေဆုံးမှုဟာ ကမ္ဘာမှာ ရှိတဲ့ အခြားသော လူသားပေါင်း များစွာရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ စံနမူနာ ဖြစ်မယ်လို့ ပြင်းထန်စွာ မျှော်လင့် ကြောင်း ပြောပါတယ်။

မော်တော်ယာဉ် မောင်းနှင်စဉ် အန္တရာယ် ကင်းရှင်း စေဖို့အတွက် နိုင်ငံတကာ ကျွမ်း ကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ထားကြောင်း သိရပါတယ်

(က)ယာဉ်မောင်းနှင်နေစဉ် ဖုန်းမခေါ်ပါ နှင့် ဖုန်းမပြောပါနှင့် ။

(ခ) သင်၏ကားပေါ်မှ ဖုန်းခေါ်ဆိုမှု၊ ဖုန်း ပြောကြားမှုများကို ပြုလုပ်ရာတွင် အလုံခြုံ ဆုံး နည်းလမ်းမှာ သင်ခရီး မထွက်မီနှင့် ခရီးပြီးဆုံးချိန်တွင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

(ဂ) ယာဉ်မောင်းနှင်နေစဉ် ဖုန်းနံပါတ်ကို နှိပ်၍ ဖုန်းခေါ်ခြင်းကသာ အဓိက ပြဿနာ ဖြစ်သည်ဟု မယူဆပါနှင့်။

(ဃ) ကားဖုန်းဖြင့် စကားပြောခြင်းသည် ရေဒီယိုနားထောင်ခြင်း၊ တေးသီချင်း၊ နား ထောင်ခြင်းထက် စိတ်အာရုံကို ပျက်ပြား စေပါသည်။ ဒါကြောင့် ကားကြီးမောင်းမောင်း ကားလေး မောင်းမောင်း မော်တော်ယာဉ် မောင်းနှင်ရာမှာ ကားမောင်းသူရဲ့ အချိန် ပြည့် သတိရှိမှုဟာ အထူး လိုအပ် ကြောင်း ပြောလိုပါတယ်။ လက်ကိုင်ဖုန်းနဲ့ စကားတစ် ခွန်း ပြောရုံမျှနဲ့ လမ်းမပေါ် ဂရုစိုက်နေရတာ ကို မလစ်ဟင်းသင့်ပါ။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ခေတ်မီလာကြပြီ ဖြစ်တဲ့ ကိုဘအေးတို့ မြန်မာ တိုင်းရင်းသားတွေဟာလည်း နိုင်ငံ တကာတွေမှာလိုပဲ မော်တော်ယာဉ် မောင်း နှင်စဉ်နဲ့ စီးနင်းစဉ် အချိန်ကာလတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေ လိုက်နာပြီး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေ ကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *