News

ချက်သမ္မတနိုင်ငံတွင် ကျင်းပမည့် လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားမည်

ဒီမိုကရေစီ ရှေ့ဆောင်နှစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်လားမားတို့သည် ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တွင် ရှေ့လ၌ ကျင်းပမည့် လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဟု အဆိုပါ ဆွေးနွေးပွဲ၏ ပြောရေးဆိုခွင့် ရှိသူက သြဂုတ်လ ၂၆ရက်နေ့တွင် ပြောကြားသည်ဟု သိရသည်။
နိုဗယ်လ်ဆုပိုင်ရှင်များ ဖြစ်ကြသော မြန်မာနိုင်ငံ အတိုက်အခံ ခေါင်းဆောင်နှင့် နယ်နှင်ခံထားရသူ တိဗက်ခေါင်းဆောင်နှစ်ဦးတို့သည် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားကြလိမ့်မည်ဟု ဆွေးနွေးပွဲပြောရေးဆိုခွင့်ရှိသူ Filip Sebekက ဆက်လက်ပြောကြားသည်။

၎င်းက သူတို့နှစ်ဦးကြား သီးသန့် ဆွေးနွေးရန်အတွက် တရားဝင် ကြိုတင်စီစဉ်ထားခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံအတွက် ကသိကအောက် ဖြစ်စေမည့် သီးသန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရှိနိုင်ကြောင်း ဆိုပါသည်။ မြန်မာနိုင်ငံ၏ အဓိက မဟာမိတ်နှင့် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဘေဂျင်းသည် ဒလိုင်လားမားကို တရုတ်ဆန့်ကျင်ရေး ခွဲထွက်ရေး သမားတစ်ဦးအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅နှစ်ခန့်ကြာအောင် နေထိုင်ခဲ့ရပြီး အငြင်းပွားဖွယ် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။ ၎င်းသည် ယခုအချိန်တွင် မြန်မာနိုင်ငံ အပြောင်းအလဲ၌ လွှတ်တော်အမတ်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်နေပြီ ဖြစ်သည်။ ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံ အများအပြားသို့ သွားရောက်ခဲ့ပြီး ချက်သမ္မတနိုင်ငံသို့ သွားရောက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။

နှစ်စဉ်ကျင်းပသည့် ယခုလူ့အခွင့်အရေး ညီလာခံသည် ချက်နိုင်ငံ ကတ္တီပါတော်လှန်ရေး၏ ပြယုဂ်တစ်ဦးဖြစ်သူ Voclav Havelနှင့် Elie Wieselတို့ ၁၉၉၇ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်အတွက် “အပြောင်းအလဲများကြားက လူမှုအသိုင်းအဝိုင်းများ”ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ကာ အမေရိကန် အဆိုတော်နှင့် တက်ကြွလှုပ်ရှားသူ Joan Baz၊ တောင်အာဖရိကနောက်ဆုံး လူဖြူ သမ္မတ Frederik Willem de Klerkတို့လည်း တက်ရောက်ကြမည်ဟု သိရသည်။

“ဒီနှစ်ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင် အစိုးရလက်ထက်ကနေ ဒီမိုကရေစီစနစ်ကို အကူးအပြောင်းမှာ ဘာတွေလိုအပ်လည်း ဆိုတာကို ပိုမို နားလည်လာအောင်လို့ပါ။ ထို့အတူပဲ နောက်တစ်ချက်ကတော့ ဒီလို အပြောင်းအလဲတွေကို ရပ်တန့်သွားအောင်၊ လမ်းကြောင်းပျောက်သွားအောင် လုပ်နိုင်တဲ့ အရာတွေအကြောင်းလည်း နားလည်လာနိုင်ဖို့ပါ”ဟု ဆွေးနွေးပွဲ အမှုဆောင် အရာရှိ Jakub Klepalက ထုတ်ပြန်ချက်တွင် ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *