ခေါင်းဆောင်မှုဆိုသည်မှာ အမြဲတမ်း လူကြိုက်များလိမ့်မည် မဟုတ်ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့က စင်ကာပူနိုင်ငံရှိ စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ်တွင် ခေါင်းဆောင်မှုအကြောင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း Channel news Asia ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်ဟု သိရသည်။
ခေါင်းဆောင်များသည် ၄င်း၏ ပြည်သူလူထုကို လေးစားရမည်ဖြစ်ကြောင်း၊ ၄င်းတို့၏ ထောက်ခံအားပေးမှုကို ရရှိရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ၄င်းတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင် ရမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ခေါင်းဆောင်ဆိုသည်မှာ အမြဲတမ်း လူကြိုက်များလိမ့်မည် မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ခေါင်းဆောင်မှုဆိုတာ အမြဲတမ်း လူကြိုက်များလိမ့်မှာ မဟုတ်ပါဘူး။ တချို့ အချိန်တွေမှာ ခေါင်းဆောင်မှုဆိုတာ ကိုယ်လုပ်တဲ့အရာဟာ လူကြိုက်မများတဲ့ အရာဖြစ်နိုင်ပြီး နောက်ရွေးကောက်ပွဲမှာ ရှုံးမယ်ဆိုရင်တောင်မှ လက်ခံနိုင်မှုမျိုးကို ဆိုလိုပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ အရာတစ်ခုဟာ ကိုယ့်နိုင်ငံကောင်းကျိုးအတွက် ဖြစ်တယ်လို့ ကျိန်းသေယုံကြည်တယ်ဆိုရင် နောက်ရွေးကောက်ပွဲမှာ ရှုံးတဲ့ဒဏ်ကို ခံစားရဖို့အတွက် ပြင်ဆင်ထားရလိမ့်မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဒါဟာ တကယ့်ခေါင်းဆောင်မှုအတွက် စမ်းသပ်ခြင်း တစ်မျိုးပါပဲ။ နောက်တစ်ခုကတော့ ခေါင်းဆောင်ဆိုတာ လူတွေကို တကယ် နက်နက်နဲနဲ လေးစားရမယ်။ လေးစားချင်ယောင် ဆောင်နေရုံနဲ့တော့ မရဘူး”ဟု ၄င်းက ဆိုသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လူဦးရေ ၆၀၀ခန့်ရှိသော ကျောင်းသားများ၊ ပညာရှင်များနှင့် စီးပွားရေးခေါင်းဆောင်များက လေးစားစွာ နားထောင်ခဲ့ကြသည်ဟု သိရသည်။
“သူရဲ့ မိန့်ခွန်းကို ကျွန်မအရမ်းနှစ်သက်ပါတယ်။ သူဟာ ခေတ်သစ်မြန်မာနိုင်ငံအတွက် တကယ့်ပဲ့ကိုင်ရှင်ပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း နားထောင်ခဲ့သူ စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Annie Kohက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် ကျောင်းသားလူငယ်များအကြား အကြီးအကျယ် စိတ်ဓာတ်မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို အထင်ကြီးလေးစားဖို့ ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ သူပြောသလိုပဲ ကျွန်တော် အပါအ၀င်ကျန်တဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ အကုန်လုံးကလည်း ကိုယ့်နိုင်ငံအတွက် ပြန်လည်ပေးဆပ်ဖို့ လိုအပ်ပါတယ်”ဟု အဆိုပါ တက္ကသိုလ်တွင် ပညာသင်ကြားနေသူ တစ်ဦးဖြစ်သည့် ကိုအောင်မြတ်ကိုက ဆိုသည်။
အခြားကျောင်းသူတစ်ဦးဖြစ်သည့် မကြည်လဲ့လဲ့ရွှန်းကလည်း “ဒါ ဒေါ်အောင်ဆန်းကြည်ကို လူချင်းပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ တိုင်းပြည်အတွက် သူလုပ်ပေးခဲ့တဲ့ သူလုပ်ပေးနေတဲ့ အရာတွေအတွက် သူ့ကို အထင်ကြီး လေးစားနေတာပါ။ အခုလို တွေ့ဆုံရတာ အရမ်းကို ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်ဆိုတာ၊အရေးကြုံရင်ဦးဆောင်လမ်းပြနိုင်ရမယ်၊နှာစေးပြီးခေါင်းမရှောင်ရဘူး၊
အပြောနဲ့အလုပ် မှန်ကန်ပါစေ၊ ကုလားမကြီးရေ….