အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT Myanmarသည် ၇ ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၅ ခုနှစ်တွင် ပရိဘောဂ ပြုလုပ်မှု အတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်း ထုတ်လုပ်မှု အတတ်ပညာ သင်တန်းအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို မနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်ရုံး တတိယ ထပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
CVT သင်တန်းကျောင်း၏ ဒီပလိုမာအဆင့်(Junior Professional) ထိ သင်တန်းများမှာ စီးပွားရေးပညာ အထောက်အကူ ပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ် ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းများ ဖြစ်ကြသည်။ သင်တန်းအားလုံး၏ ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် မတ်လ နောက်ဆုံးပတ်တွင် နောက်ဆုံးထား၍ လက်ခံပြီး၊ ဝင်ခွင့်စစ်ဆေးပါသည်။ အတန်း အားလုံး၏ ကျောင်းစတင် ဖွင့်လှစ်ရက်မှာ မေလဆန်းတွင် ဖြစ်ပြီး၊ မြန်မာနှစ်ကူးသင်္ကြန်ပြီးချိန်တွင် လျှောက်ထားသူ သင်တန်း သားများမှ မိမိတို့၏ ဝင်ခွင့်များကို စုံစမ်းသိရှိနိုင်ပါသည်။
ဤဆွေးနွေးပွဲတွင် CVT Myanmar အသက်မွေးမှု သင်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အလုပ်သင် သင်တန်းပုံစံ(Apprenticeship) လုပ်ဆောင်ချက်များကို ဒါရိုက်တာ ဒေါ်ယဉ်ယဉ်အေးမှ ပထမဆုံး ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် သတ္တုအတတ်ပညာ ဘာသာရပ်အကြောင်းကို သတ္တုအတတ်ပညာသင်တန်း၏ ဌာနမှူး ဦးထိန်ဝင်းမှ သင်တန်း အကြောင်းများကို ဆွေးနွေးတင်ပြခဲ့ပြီး ဆက်လက်၍ ပရိဘောဂ ပြုလုပ်မှုအတတ်ပညာသင်တန်းမှ ဌာနမှူး ဦးဇော်မင်းထွဋ် မှလည်းကောင်း၊ လျှပ်စစ်အတတ်ပညာ သင်တန်း၏ ဌာနမှူးဖြစ်သူ ဦးအာနန္ဒာမှ လျှပ်စစ်ပညာရပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ (၁၈ နှစ်မှ ၂၂ နှစ်) အတွင်း လူငယ်များသည် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း CVT Myanmar သင်တန်းကျောင်းတွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် (၃) နှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အသိအမှတ်ပြု ဒီပလိုမာလက်မှတ်များကို ရရှိနိုင် ကြောင်း သိရှိရပါသည်။ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပြီးနောက် စားသောက်ဖွယ်ရာ များနှင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။