တရုတ်နိုင်ငံ ရေတပ်မှ ကုတင် ၃၀၀ဆံ့ ဆေးရုံသင်္ဘော Peace Arkသည် သြဂုတ်လ ၂၈ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆိုက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူနာများကို တစ်ပတ်တိတိ အခမဲ့ကုသရေး အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သင်္ဘောကြီးပေါ်တွင် သွားရောက် ဆေးကုသ ခံယူလိုသူများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သွားရောက်စာရင်း ပေးသွင်းရမည်ဖြစ်ပြီး သင်္ဘောပေါ်တွင်ပါလာမည့် ဆေးပညာရှင်များမှာ ခေတ်မီဆေးပညာအပြင် တရုတ်ရိုးရာ ဆေးပညာရှင်များလည်း ပါဝင်လာမည်ဖြစ်ကာ ဆေးပညာရပ်နှင့် ယဉ်ကျေးမှုဆိုင်ရာများကို မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးဖလှယ်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သော အဆိုပါ Peace Arkဆေးရုံသင်္ဘောကြီးသည် အကျယ်အဝန်း စတုရန်းပေ ၄၃၀၅၆ရှိပြီး သင်္ဘောပေါ်၌ အထူးကြပ်မတ်ကုသဆောင် ၂၀၊ ခွဲစိတ်ခန်း ရှစ်ခန်း ပါဝင်ကာ တစ်နေ့လျှင် ခွဲစိတ်မှုအကြိမ် ၄၀ပြုလုပ်နိုင်ကြောင်းနှင့် တရုတ်နိုင်ငံရှိ အဆင့်မြင့် ဆေးရုံကြီးများကဲ့သို့ တည်ဆောက်ထားသော အဆင့်မြင့် သင်္ဘောကြီး ဖြစ်သည်ဟု ဆိုသည်။