News

အမိုက်မှ ရွှေဖြစ်သွားသော တရုတ် ကြွေကရားအိုးကြီး

ရှေးဟောင်းတရုတ် ကရားအိုးကြီးတစ်လုံးသည် အဟောင်းဈေးဖြင့် ထုတ်ရောင်းချိန်ကျမှ ပေါင်စတာလင်တစ်သိန်းခွဲမျှ တန်ဖိုးရှိနေသည်ကို အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။ ယင်းအိုးကြီး၏ ပိုင်ရှင်သည် မျိုးရိုးစဉ်ဆက် အမွေအဖြစ် လက်ဆင့်ကမ်း ရရှိလာခဲ့သော်လည်း တန်ဖိုးကို နားမလည်ခဲ့ချေ။ အိမ်ပြောင်းရန် အကြောင်းဖန်လာသည့်နောက် ပစ္စည်းဟောင်းများကို ထုတ်ရောင်းသည့် အချိန်ကျမှ လေလံဌာန တာ၀န်ရှိသူများက ရှေးဟောင်း အဖိုးတန်လက်ရာတစ်ခုအဖြစ် သတိပြုမိလာခြင်းဖြစ်သည်။ သို့သော်လည်း လေလံစတင်ရာတွင် ကြမ်းခင်းဈေးကို ပေါင်စတာလင်(၂၀၀၀)မျှသာ သတ်မှတ်ခဲ့သည်။ နောက်ဆုံးတွင်မူ ကြမ်းခင်းဈေးထက် (၂၅)ဆမျှရရှိကာ ပေါင်စတာလင် (၁၅၄၂၅၀)ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

၎င်းအိုးကြီးသည် ရှေးခေတ်က တရုတ်မိသားစု ဧည့်ခန်းများတွင် ရေနွေးထည့်၍ သိုလှောင်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသည်။ ကီယင်လွမ်ဘုရင် အုပ်စိုးစဉ် (၁၈)ရာစုက လက်ရာတစ်ခုဟု သုတေသီများက အကဲခတ် အတည်ပြုခဲ့ပြီးနောက် ရှေးဟောင်းပစ္စည်း စုဆောင်းသူက ငွေအမြောက်အများဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

အဖြူရောင်အောက်ခံတွင် ပန်းရောင်၊ အစိမ်းရောင် အပြာရောင်နှင့် အနီရောင်များ စီခြယ်ထားသည့် ကြွေကရားအိုးကြီးသည် လေလံပွဲသို့ မရောက်မီက ဖုန်အလိမ်းလိမ်းနှင့် ညစ်ထေးနေခဲ့သည့် ပစ္စည်းဟောင်းတစ်ခုသာ ဖြစ်ခဲ့ရသည်။ ၎င်းအိုးကြီးသည် အမြင့်၁၄လက်မရှိပြီး ဗြီတိန်နိုင်ငံ၊ ရှာဘိုနီရှိ Charterhouse လေလံဌာနက တာ၀န်ယူ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *