ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု သိရသည်။
သြဂုတ် ၃၀ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပွားနေသော ဘာသာရေးအသွင် အဆောင်ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိမရှိ မေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၄င်းက ယင်းသို့ ပြန်လည်ဖြေကြားသွားခြင်း ဖြစ်သည်။ “အခုကတော့ ၂၀၁၃ မကုန်သေးဘူး။ ၂၀၁၅ရောက်ဖို့ တစ်နှစ်ကျော်ကျော် ကျန်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံအပြောင်းအလဲတွေ ဖြစ်နိုင်တယ်”ဟု ၄င်းကဆိုသည်။
သို့သော် မည်သို့သော အပြောင်းအလဲ ဖြစ်နိုင်သည်ဟု ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ရွေးကောက်ပွဲများ ရှိခြင်း၊ မရှိခြင်းကို မစဉ်းစားပဲ အမြန်ဆုံး ပြန်လည်ဖြေရှင်းသင့်ကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် နိုင်ငံရး မတည်ငြိမ်မှုကို ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသော စွပ်စွဲ ပြောဆိုချက်များသည် အထောက်အထား ခိုင်လုံမှုမရှိသဖြင့် မှန်ကန်သည်ဟုဆို၍ မရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ယခုဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကို ဘာသာရေး ခေါင်းဆောင်များက နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးသင့်ကြောင်း ၄င်းက ဆက်လက်အကြံပြုသည်။ ပဋိပက္ခများ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၀င် အင်အား၊ အထောက်အကူပြု ပစ္စည်းနှင့် ပဋိပက္ခထိန်းချူပ်နိုင်သော စွမ်းရည်များ လိုအပ်နေသေးကြောင်း၊ အစိုးရက အမြန်ဆုံး ဖြည့်ဆည်းပေးရန် တာ၀န်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအသွင် ကူးပြောင်းမှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန် အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးကော်မရှင်က သြဂုတ် ၂၅ရက်နေ့က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။