News

သန်းခေါင်စာရင်းများ ကောက်ယူပြီးလျှင် Digital စနစ်ဖြင့် ထိန်းသိမ်းထားမည်

Omr scanner

မြန်မာနိုင်ငံတွင် နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံး ကောက်ယူမည့် သန်းခေါင်စာရင်းကို ပညာရေးမှ ဆရာ၊ ဆရာမများက အဓိက အရေးပါသော ကဏ္ဍမှနေ၍ ကောက်ယူပြီး ရရှိလာသော နောက်ဆုံးအဆင့် စာရင်းပုံစံပေါင်း သန်းကျော်ကို Digital စနစ်ဖြင့် ထည့်သွင်း ထိန်းသိမ်းထားမည်ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးညီညီက ပြောကြားသည်ဟု သိရသည်။

“နောက်ဆုံး အဆင့်နဲ့ ရောက်လာတဲ့ စာရင်းတွေကို Digital စနစ်နဲ့ ကွန်ပျူတာထဲ ထည့်သွင်းသွားမှာပါ။ ဒီလို ထည့်သွင်းတဲ့အခါမှာလည်း ကွန်ပျူတာတွေထဲကို အချက်အလက်တွေကို လက်နဲ့ ရိုက်သွင်းနေရမယ်ဆိုရင် ဒီစာရင်းတွေကို နှစ်နှစ်ကျော်ကြာမှပြီးမှာလေ။ ဒါကြောင့် OMR စနစ်သုံး Scannerတွေကို ပြည်ပကနေ မှာယူထားပါတယ်”ဟု ၎င်းက ဇူလိုင်လ (၁၉)ရက်နေ့က နေပြည်တော် ဟိုတယ်အမရာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအပြီး သတင်းစာဆရာများ၏ ထပ်မံ မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

OMR စနစ်သုံး Scannerဆိုသည်မှာ သတ်မှတ်ထားသော သင်္ကေတနှင့် အမျိုးအမည်များကို ခွဲခြား ဖတ်ရှုပေးနိုင်ကာ အလိုအလျောက် အုပ်စုခွဲပေးနိုင်သော Scannerဖြစ်ပြီး Optical Mark Recordation Scannerလည်း ဖြစ်သည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။ ကွန်ပျူတာအတွင်း သမားရိုးကျ ရိုက်ထည့်မည်ဆိုပါက သန်းကျော်သော သန်းခေါင်စာရင်း အားလုံးပြီးစီးရန် နှစ်နှစ်ကျော် ကြာမြင့်မည်ဖြစ်သော်လည်း အဆိုပါ OMR Scannerကို အသုံးပြုသောကြောင့် လေးငါးလတာ အချိန်ကာလအတွင်း ပြီးစီးနိုင်ကြောင်း ထပ်မံသိရပါသည်။

၁၉၇၃ခုနှစ်က မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူပြီး အဆိုပါ စာရင်းများကို ပြုစုရာတွင် လူဝင်မှု ကြီးကြပ်ရေးဌာနအောက်၌ “စက်စာရင်းပြု ဌာနခွဲ”ဟူ၍ ဌာနခွဲအသစ် တစ်ခု ဖွင့်လှစ်ပြီး ပရော့ဂျက်တစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါ OMR စနစ်သုံး Scanner အသုံးပြုနိုင်ခြင်း မရှိသဖြင့် ထိုစဉ်က သန်းခေါင်စာရင်း အားလုံးစာရင်းပြုစုပြီးရန် သုံးနှစ်ခန့် ကြာမြင့်ခဲ့ကြောင်း ရန်ကုန်မြို့ ဘားလမ်းနှင့် မဟာဗန္ဓုလလမ်း ဒေါင့်ရှိ ရိုးကုမ္ပဏီ အဆောက်အအုံဟောင်းတွင် ဖွင့်လှစ်ရုံးစိုက်ခဲ့သည့် စက်စာရင်းပြု ဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဝန်ထမ်းဟောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။

Ref: Internet Journal

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *