Health, Opinion

ကျွန်တော်နှင့် နှာဆိုးချောင်းစေးသူများ

‘ဟတ်ချိုး ဟတ်ချိုး’ TVကြော်ငြာထဲမှ ဆေးကိုလည်း လူအတော်များများ သောက်ဖူးကြပေလိမ့်မည်။ ကြော်ငြာတစ်ခု၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကုန်ပစ္စည်းအား စားသုံးသူ လူတန်းစားတို့ စွဲသွားစေရန် ကြော်အောင်ညာခြင်းဟု ဆိုကြပေသည်။ ကြော်ငြာ အမျိုးမျိုးရှိသည့် အနက် ဖြူနီပြာဝါ မင်းသမီးလေးများ စူပြ၊ မဲ့ပြ၊ ရယ်ပြ၊ ညုပြပြီး ကြော်ငြာခြင်းများ ရှိသလို ဇတ်လမ်းဇတ်ကွက်နှင့် ကြော်ငြာခြင်းများလည်း ရှိပါသည်။ ထက်မြက်ပြီး အမြော်အမြင်ရှိသော Directorကြီးများသည်ကား ကြော်ငြာလာတိုင်း လွယ်လွယ်လက်မခံဘဲ ကုန်ပစ္စည်း အမှန်တကယ် ကောင်းမကောင်း ပြည်သူများအပေါ်တွင် အကျိုးကောင်းရမရ စဉ်းစားပြီးမှ လက်ခံကြသည်ဟု ဆိုကြပေသည်။

အချို့သော ပညာတတ် Directorကြီးများသည်လည်း ထိုပစ္စည်း၏ သဘာဝ အာနိသင်ကို ထဲထဲဝင်ဝင် လေ့လာပြီးမှ  စိတ်ကူးပုံဖော်ကြသည်ဟု ဆိုကြသည်။ ယခုကြော်ငြာကို ရိုက်ကူးသူ Directorကြီးသည်လည်း တုပ်ကွေး၏ ကူးစက်ပုံ သဘောသဘာဝကို လေ့လာပြီးမှ ရိုက်ကူးဟန်တူသည်။ သာမန် ခါပြ၊ တွန့်ပြ၊ ကော့ပြ၊ လှည့်ပြ၊ ငုံပြ၊ ခုန်ပြသော ကြော်ငြာများထက် စာလျှင် တန်ဖိုးရှိသည်ဟု ချီးကျူးလိုပါသည်။

လူတိုင်း ချောင်းဆိုးနှာမွှန် ဖြစ်ဖူးကြပေလိမ့်မည်။ ထို့အတူ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်မှန်းလည်း သိသူများ ဖြစ်ပေလိမ့်မည်။ ထိုသို့ ကူးစက်ခံရမည်ကို အလွန်တရာမှ ကြောက်အားပိုသူများကိုလည်း တွေ့ဖူးကြပေဦးမည်။ ကိုယ်ခံအား ကောင်းနေသရွေ့ကြောက်စရာမလိုဟု အားဆေးမျိုးစုံသောက်ပြီး ရောဂါကို အံတုသူများရှိသကဲ့သို့ တို့ကတော့ ဆေးကြိုသောက်လိုက်တာပဲ ဟူသော လူများလည်း ရှိပါသည်။ သူ့အနား မကပ်နဲ့၊ သူနဲ့ စကားမပြောနဲ့ စသဖြင့် လူလူချင်း ခွဲခြားဆက်ဆံတတ်ကြသလို တို့ကတော့ မရွံတတ်ပါဘူးးဟူ၍ လက်ပွန်းတစ်တီး နေထိုင်ပြုစုသူများလည်း မနည်း။ ထို့ကြောင့် ဖြစ်ပျက်တရားများဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ကြီးတွင် ကြောက်အားပို၍ မဖြစ်နိုင်သလို ပေပေတေတေ နေ၍လည်း မသင့်တော်။ လုပ်သင့်လုပ်ထိုက်၊ လိုက်နာသင့် လိုက်နာထိုက်သော လွယ်ကူသည့် နည်းလမ်းများ ရှိလျှင်တော့ ဂရုတစိုက် လိုက်နာသင့်သည်။ ဆင်းရဲချမ်းသာမတူ၊ ပညာရည် အယုတ်အလတ်၊ အညံ့မရွေး လိုက်နာနိုင်မည့် တစ်ခုသော တန်ဖိုးကြီး ကာကွယ်နည်းကား “လက်ဆေးခြင်း” ပင်။ လက်များမှ တဆင့် လူအများထံ ရောဂါကူးစက်နိုင်စွမ်းရှိသဖြင့် မည်မျှပင် ချောင်းဆိုးနှာစေးစေကာမူ ကျန်းမာရေးနှင့် ညီညွတ်သော နှာစေးချောင်းဆိုးနည်း၊ လက်ဆေးနည်းတို့ကို သိရမည်။

အဘယ်ကြောင့် ချောင်းဆိုးနှာစေးရသနည်းဟု မေးစရာရှိပါသည်။ Body Defence Mechanismအဖြစ် သဘာဝက ဖန်တီးပေးထားသော လက်ဆောင်တစ်ခုဟု ဆိုရပေမည်။ ကျွနု်တို့၏ ပတ်ဝန်းကျင် လေထုထဲတွင် မျက်စိဖြင့် မမြင်နိုင်သော အမှုန်အမွှားများနှင့် ရောဂါပိုးများ ရှိပေရာ မိမိတို့၏ ခန္ဓာကိုယ်ထဲသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက် ဒုက္ခပေးတတ်ကြပါသည်။ ထိုလမ်းကြောင်းအသွယ်သွယ်တို့တွင် အသက်ရူလမ်းကြောင်းသည်ကား အလွယ်ကူဆုံးသော ဝင်ပေါက်တစ်ခုဖြစ်သည်။ ထိုသို့ မဝင်အောင် မည်သို့ ကာကွယ်မည်နည်း။ နှာခေါင်းပိတ်၊ ပါးစပ်ပိတ်ထားရမည်။ သိုဖြင့် Facial Maskများ ပေါ်ပေါက်လာတော့သည်။ ထိုမျက်နှာဖုံး၊ နှာခေါင်းဖုံးများသည် မိမိထံသို့ ရောဂါပိုး မဝင်ရောက်အောင် ကာကွယ်နိုင်သကဲ့သို့ မိမိထံမှ သူတစ်ပါးထံသို့ မကူးစက်အောင်လည်း ကာကွယ်နိုင်သဖြင့် တန်ဖိုးရှိလှသည်။ သို့သော် လူတိုင်းနေရာတိုင်း၌ အသုံးပြုရန်ကား အခက်အခဲ ရှိပေလိမ့်မည်။ အမှုန်အမွှားတို့ အသက်ရူလမ်းကြောင်းထဲ ဝင်ပြီဆိုက နှာခေါင်းနှင့် အသက်ရူလမ်းကြောင်းထဲမှ အမွေးနုများ၊ ချွဲများက ၎င်းတို့ကို ရှေ့ဆက်မသွားအောင် ဖမ်းထားလိုက်ကြပြီး ၎င်းတို့ လက်မှ လွတ်သွားသူများကို ပြင်ပသို့ လေမှုတ်၍ တွန်းထုတ်သည့် သဘာဝကို နှာချေခြင်း၊ ချောင်းဆိုးခြင်းအဖြစ် ခံစားရခြင်း ဖြစ်ပါသည်။

“ဟတ်ချိုး ဟတ်ချိုး”ဟု အရှိန်နှင့် မှုတ်ထုတ်လိုက်သော ရောဂါပိုးမှုန့်ကလေးများသည် (၆)မီတာ(၁၈)ပေခန့် လေထုထဲသို့ လွင့်သွားနိုင်သည်ဟု ဆိုလျှင် သင်အံ့သြလိမ့်မည်။ သူများကို မစင်ပါဘူးဟု အမှုမဲ့အမှတ်မဲ့ နှာချေချောင်းဆိုးလိုက်မှုကြောင့် ထိုမျှလောက် လေထုထဲသို့ ပျံ့နှံသွားပြီး တစ်ပါးသူကို ကူးစက်သွားနိုင်သဖြင့် အန္တရာယ်ကင်းအောင် ကာကွယ်ကြရမည်။ ထို့ကြောင့် ဘတ်စကားကြပ်သော စာရေးသူတို့ တိုင်းပြည်တွင်ကား တုပ်ကွေးသည် အကူးလွယ်ဆုံး ဖြစ်ရသည်။

လူလေးငါးဆယ်ထဲတွင်မှ ကိုယ်ခံအားနည်းသူများ၊ ကလေးသူငယ် လူမမယ်များနှင့် သက်ကြီးရွယ်အိုများကို ပိုမိုကူးစက်ကြသည်။ လည်ချောင်းယား၊ နှာခေါင်းယားလာလျှင်ကား နှာချေချင်စိတ်၊ ချောင်းဆိုးချင်စိတ်ကို မည်သူမျှ ချုပ်ထိန်း၍မရ။ သို့သော် လက်ကိုင်ပုဝါ၊ တစ်ရူးစဖြင့် နှာခေါင်းပါးစပ်တို့ကို အုပ်၍ ဆိုးမည်ဆိုပါက ရောဂါပျံ့လွင့်မူ လျော့သွားမည်။ တစ်ရူး၊ လက်ကိုင်ပဝါမပါက မိမိလက်ဝါးနှစ်ဖက်ဖြင့် လုံအောင် ပိတ်အုပ်၍သော်လည်းကောင်း၊ မိမိ၏ လက်မောင်အတွင်းပိုင်းဖြင့် အုပ်၍သော်လည်းကောင်း ဆိုးနိုင်သည်။ ထိုသို့ ချောင်းဆိုးနှာချေပြီးပါက သုံးခဲ့သော လက်ကိုင်ပဝါ တစ်ရူးစတို့ကို သူတစ်ပါးတို့ မကိုင်တွယ်မိအောင် ဂရုစိုက်ရမည်။ လျှော်သင့်သည်ကို လျှော်၍ ပစ်သင့်သည်ကို ပစ်ရမည်။
လက်ဖြင့်အုပ်၍ ဆိုးမိသည်ဖြစ်စေ၊ အကာအကွယ်တစ်ခုခုဖြင့် အုပ်၍ ဆိုးမိသည်ဖြစ်စေ၊ လက်ကို စင်ကြယ်အောင် ဆေးကြောခြင်းသည်ကား အရေးအကြီးဆုံး ဖြစ်သည်။ လေထုထဲမှ ကူးစက်ခြင်းပြီးလျှင် လက်မှတစ်ဆင့် ကူးစက်ခြင်းသည်လည်း ကာကွယ်ရန် အရေးကြီးလှသည်။ ထို့ကြောင့် The most powerful measure to prevent infection is hand washingဟု ဆိုကြသလို Thousand tons of antibiotics is not as effective as a gallon of waterဟုလည်း ပြောကြပါသည်။ လက်ဆေးခြင်းသည် မိမိထံမှ တစ်ပါးသူထံသို့ မကူးစက်အောင် ကာကွယ်ခြင်းသာ မဟုတ်ပဲ မိမိထံသို့ မကူးစက်အောင် ကာကွယ်ခြင်းဟုလည်း ဆိုနိုင်သည်။ ထိုလက်ဖြင့် ပစ္စည်းစုံ နေရာစုံကို ကိုယ်တွယ်ထိတွေ့ပြီး မိမိ၏ ခန္တာကိုယ်တစ်နေရာရာနှင့် လူတိုင်း ထိမိကြမြဲသာ။

ထိုကြောင့် တစ်စုံတစ်ခုကို ကိုင်ပြီးတိုင်း လက်ဆေးရန် မမေ့ပါနှင့်။ အထူးသဖြင့် နှာစေးချောင်းဆိုသူနှင့် အတူနေရပါက ပိုသတိထားပါ။ ပိုးမွှားပေနေနိုင်သော ထိုလက်တို့ကို ရေဖြင့်စင်ကြယ်စွာဆေး၍ ဆပ်ပြာသေချာတိုက်သင့်သည်။ နှာခေါင်းပွတ်ခြင်း၊ နှိုက်ခြင်း၊ မျက်စေ့ပွတ်ခြင်းတို့ကြောင့် ရောဂါပျံ့နှံ့ ခံစားရပေမည်။

စာရေးသူတို့၏ ကျေးဇူးရှင် ဆရာကြီးများ၏ အတွေ့အကြုံအရ နိုင်ငံခြားရှိဆေးရုံများ၏ အဝင်အထွက် အကွေ့အချိုးနေရာစုံ၌ Have you washed your hand?ဟူသော စာတန်းများ တွေ့ရသလို လက်ဆေးဆပ်ပြာ၊ Basinနှင့် ပိုးသတ်ဆေးရည် Clohexadine Sprayများ ဖောသီစွာ ထားပေးထားကြောင်း၊ ပျံ့နှံ့ပြီးမှ ပိုးသတ်ဆေးပေါင်းများစွာဖြင့် ကုရမည့်အစား ရောဂါမကူးစက်ခင် လက်ဆေးပြီး ကာကွယ်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

One thought on “ကျွန်တော်နှင့် နှာဆိုးချောင်းစေးသူများ

Leave a Reply

Your email address will not be published. Required fields are marked *