တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာရှိလို့ မြို့ထဲသွားဖို့ ထွက်လာခဲ့တယ်။ ကိုယ်က သာကေတမှာနေ တော့ ရန်ကုန်မြို့ထဲ သွားရင်အများအားဖြင့် (၃၅)လိုင်းကားစီးလေ့ရှိတယ်။ မှတ်တိုင်က ကိုယ်တို့နေတာနဲ့လည်း နီးတယ်။ အပေါ်လမ်း ကား ၊ (၃၄)လည်းစီးလို့ရတယ်။ သူကအောက်လမ်းကား။ ပုဇွန်တောင်ကို ပတ်တယ်။ (၃၅) ကားကတော့ ဗန္ဓုလတံတားဆင်းတာနဲ့ မြို့ထဲရောက်ပြီ။ ကိုယ်ကလည်း ကုန်ဈေးတန်း အပေါ်လမ်းကို သွားမှာ ဆိုတော့ သာကေတ ရုပ်ရှင်ရုံ မှတ်တိုင်ကပဲ (၃၅)ကို စောင့်စီးလိုက်တယ်။
ဒီနေရာမှာ (၃၅)တွေ အကြောင်း နည်းနည်းပြောဦးမယ်။ ဒီလိုင်းက အရင်တုန်းက ကျုံးကြီးလမ်း မော်တင်အထိ သွားတာ။ သီရိ မင်္ဂလာဈေးဟောင်း အထိတောင် ရောက်တယ်ထင်တယ်။ ဟိုတုန်းကတော့ ဒိုင်နာတွေပြေးတာ။ မြင်တော်သာလမ်းတစ်လျှောက် လမ်းတွေက မကောင်း သူတို့ကလည်း အရမ်းမောင်းနဲ့ ခရီးသည်တွေမှာ ဖင်နဲ့ထိုင်ခုံ နဲ့ မထိဘူး။ ကားက ကဆုန်ပေါက်နေတာ။ အခု မီနီဘတ်စ်တွေနဲ့ ကျတော့ရော။ ကားတွေက အစုတ်တွေ များတယ်။ လမ်းကအရင်လောက် မဆိုးပေမယ့် ကားတွေတစ်စီးနဲ့ တစ်စီး ကပ်နေတော့ အလုအယက်မောင်းကြရတာ ခရီးသည် တွေကတော့ ခလောက်ဆန် နေတာပေါ့။
နောက်ပြီးတော့ အခုနောက်ပိုင်းမှာ ကျုံးကြီးလမ်း မော်တင်အထိ မသွားတော့ဘဲနဲ့ လသာကွေ့ဆိုပြီး လသာလမ်းက နေ ပြန်ကွေ့တဲ့ ကားတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေက ဘားလမ်း(ဆူးလေ) လမ်း(၃၀)၊ ကုန်ဈေးတန်း လောက်ပဲ မြို့ထဲကို သွားတာဆိုတော့ လသာကွေ့ကားလည်း အဆင်ပြေသေးတယ်။ ဒါပေမယ့် ခုနောက်ပိုင်း မကြာ သေးဘူး။ ပန်းဆိုးတန်း ကပြန်ကွေ့တဲ့ ကားတွေရှိလာတယ်။ ပန်းဆိုးတန်းသာပြောတာ ပန်းဆိုးတန်းတောင် မရောက်ဘူး။ ဗိုလ်အောင်ကျော်လမ်း ကနေ ပြန်ကွေ့ကြတာ။ ကိုယ်တွေလည်း သုံးလေးခါလောက် မိဖူးတယ်။ ကားပေါ်ရောက်မှ ပန်းဆိုးတန်းပဲ ရောက်မယ်ဆိုတော့ လမ်းခုလတ်မှာ ပြန်းဆင်းရတော့တာပေါ့။ နောက်တော့ မေးပြီးမှ ပဲစီးရတော့တယ်။
ဘာဖြစ်လို့ ပန်းဆိုးတန်း ပြန်ကွေ့တယ်ဆိုတာ မသိဘူး။ ဆီထည့်စရာ ရှိလို့လား ၊ ဂတ်စ်ထည့်ဖို့လား။ နို့မဟုတ် ဘာဖြစ်လို့လဲ။ မြို့ထဲဆက်သွားဖို့က ကားတွေပိတ်လို့လား။ စဉ်းစားကြည့်ရတာပါ။ ဒီတစ်ခါကြုံမှ စပယ်ယာ အခြေအနေ ကြည့်ပြီးစပ်စုကြည့်ရဦးမယ်။
ဆိုပါတော့ ဒီလိုနဲ့ကားမှတ်တိုင်ကနေ ကိုယ်ထွက်လာပြီဆိုတဲ့အကြောင်း သူငယ်ချင်းဆီ ဖုန်းလှမ်းဆက်ပြီး ၃၅ ကားတက်စီး လာခဲ့တယ်။ လမ်း ၅၀ မှတ်တိုင်ရောက်တော့ အောက်လမ်းကားစီးခဲ့လား ၊ အပေါ်လမ်းကား စီးခဲ့လားဆိုပြီး သူငယ်ချင်းက ဖုန်းဆက်မေးတယ်။ ကိုယ်က အပေါ်လမ်းကားစီးခဲ့တာ၊ ခု လမ်း ၅၀ မှာဆိုတော့ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက်ဆိုရင် ရောက်ပြီ ပေါ့။ လက်ပတ်နာရီ ကြည့်လိုက်တော့ ၁၁ နာရီခွဲပြီ။ တကယ်တမ်း ကုန်ဈေးတန်း မှတ်တိုင်ရောက်တော့ ၁၂ နာရီ ၁၅ လောက်ရှိ နေပြီ။ စိတ်မရှည်တော့တဲ့ သူတချို့ မှတ်တိုင်နီးနေပြီ ဖြစ်တဲ့ သူတချို့ကတော့ ဆင်းလျှောက်သွားကြတယ်။ လမ်း ၅၀ ကနေ ကုန်ဈေးတန်းအထိကို ၄၅ မိနစ်လောက် ကြာသွားပါတယ်။ တော်တော်ပဲ စိတ်ပျက်သွားမိတယ်။
တကယ် သေရေးရှင်ရေးဆိုရင် ဘယ်လိုလုပ်ပါ့မလဲ။ ချိန်းထားတဲ့ နေရာကို သူငယ်ချင်းက ၁၅ မိနစ်လောက် စောရောက်နေတော့ ကိုယ့်ကို နာရီဝက်လောက် စောင့်လိုက်ရတယ်ပေါ့။ သူငယ်ချင်းက သူဖုန်းလှမ်းဆက်တာ ကိုယ်အောက်လမ်းကားနဲ့လား အပေါ် လမ်းကားနဲ့လား သိချင်လို့ မေးတာဖြစ်ကြောင်း ၊ အောက်လမ်းကားနဲ့ဆိုရင် လသာလမ်း အောက်ဘလောက်က လဘက်ရည် ဆိုင်မှာ တွေ့ကြမယ်။ အပေါ်လမ်းကားဆိုရင် ၂၈ လမ်းထိပ်က ရွှေထူးမှာ စောင့်နေမယ်ဆိုပြီး ချိန်းရအောင်ဖြစ်ကြောင်း၊ အောက်လမ်းက လမ်းကြောချောင်ပြီး ၊ အပေါ်လမ်းက လမ်းကြောကြပ်ကြောင်း၊ ခုတော့ ကိုယ်ကအပေါ်လမ်းကား စီးလာတော့ ကြာမယ်ဆိုတာ တွက်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ ယာဉ်ကြပ်ပြဿနာဟာ ခုထက်ထိ မပြေလည်နိုင်သေးပါ။ လူတွေမှာ ဖြစ်လေ့ရှိတဲ့ ရကောက်ငသတ်နဲ့ ရင်တဲ့ ရင်ကြပ်ပန်းနာ ရောဂါဟာ အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိဘဲ ဝေဒနာ သက်သာအောင်သာ လုပ်နိုင်သလို ပဲ ရန်ကုန်ရဲ့ ယာဉ်ကြပ်ရောဂါကလည်း နည်းလမ်းပေါင်းစုံ ဆေးဝါးပေါင်းစုံနဲ့ ကုသနေပေမယ့် အခုထိတော့ ဖြေလျှော့နိုင်ခြင်း မရှိသေးပါဘူး။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြည်ပမှ ကားများကို နိုင်ငံသား တိုင်း လွတ်လပ်စွာ တင်သွင်းခွင့် ပြုခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့ မှာ မော်တော်ယာဉ် စီးရေ များပြားမှု ၊ မော်တော်ယာဉ်စီးရေနှင့် လမ်းမမျှတမှု ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း မလိုက်နာမှုတို့နဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုတို့ကြောင့် ဖြစ်ပွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှု များအား တစ်နေ့တခြားသာ ပိုလို့ဆိုးရွားလာခဲ့ပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေ ဖြေလျှော့စေဖို့အတွက် လမ်းများအား တိုးချဲ့ခြင်း ၊ ယာဉ် အသွား အလာများတဲ့ လမ်းမကြီးတွေမှာ ကားပါကင်များ ဆောက်လုပ်ခြင်း ၊ ခုံးကျော်တံတားများ တည်ဆောက် ပေးခြင်း ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အင်အားများ တိုးချဲ့ခြင်း ၊ လမ်းကြောင်းများ သတ်မှတ်ပြီး ခရီးသည်တင်ယာဉ် များနဲ့ ကိုယ်ပိုင်မော်တော်ယာဉ် များအား ပြေးဆွဲမောင်းနှင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ပေမယ့် ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ပြေလည်အောင် ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ပါဘူး။
ဒီလို ယာဉ်ကြောပိတ်ဆို့မှုတွေ ဘာ့ကြောင့် များလာရသလဲမေးရင် အဓိကအားဖြင့် မော်တော်ယာဉ်တွေ များလာလို့ဆို တာလူတိုင်းပြောမှာပဲ။ ဒီတော့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာရဲ့ အခြေခံ ဇစ်မြစ်ဖြစ်တဲ့ မော်တော်ယာဉ် တင်သွင်း မှုဆိုင်ရာ မူဝါဒတွေကို အရင်မထိန်းချုပ်ဘဲနဲ့ လမ်းတွေဘယ်လောက်ပဲ ဖောက်ဖောက် ၊ ခုံးကျော် တံတားတွေ ဘယ်လောက်ပဲ ဆောက်ဆောက် ဒီပြဿနာကတော့ ဖြစ်နေမှာပဲလို့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ အမှန်က မော်တော် ယာဉ် တင်သွင်းဆိုင်ရာ မူဝါဒတွေကို ထိန်းချုပ် ပြီးမှ ပြည်တွင်းမှာ လက်ရှိရှိနေတဲ့ မော်တော်ယာဉ် အချိုးအစား နောက်ထပ် တင်သွင်းလာမယ့် မော်တော်ယာဉ် အချိုးအစား တွေကို တွက်ချက်ပြီး လမ်းဖောက်တာတို့ တံတား ဆောက်တာ တို့ လုပ်ရမှာ ၊ လုပ်သင့်တာ။ အခုကတော့ အဲဒီလိုမဟုတ်တဲ့ အတွက် ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက တော်တော်လေးကို ခက်ခဲသွားမယ့် အနေ အထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၁ နှစ် ဆန်းပိုင်းကစပြီး ဖြစ်ပွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ရာမှာ လမ်းများအား တိုးချဲ့ခြင်း ၊ ခုံးကျော်တံတားများ ဆောက်လုပ်ခြင်း တို့အပြင် ယာဉ်အသွားအလာ များတဲ့ နေရာတွေမှာ လူသွားစင်္ကြံ ပလက်ဖောင်းအချို့အား ဖြိုဖျက်၍ ကားပါကင်များအဖြစ် ဆောက်လုပ်ခြင်း ၊ ယာဉ်မရပ်ရ နေရာများ သတ်မှတ်၍ မလိုက်နာသော ယာဉ်များအား ကရိန်းဖြင့် ဆွဲ၍ ဖယ်ရှား ခြင်းနဲ့ ဒဏ်ရိုက် အရေးယူခြင်းများ ပြုလုပ် လျှက်ရှိပေမယ့် လူသွားစင်္ကြံတွေကို ဖြိုဖျက်ပြီး ကားပါကင်များ ပြုလုပ် လိုက်တဲ့အတွက် လမ်းသွားလမ်းလာတွေ ကားလမ်းပေါ် ဆင်းလျှောက်ရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ယာဉ် ကြောပိတ် ဆို့မှု၊ ကားပါကင် ပြုလုပ်ထားတဲ့ နေရာများမှာ စည်းကမ်းမဲ့ရပ်နားတဲ့ မော်တော်ယာဉ်များ ကားပါကင်နေရာအား မိမိပိုင် မြေနေရာသဖွယ် ပြုလုပ်ပြီး ဈေးရောင်းချနေသူများ ၊ အဝတ်လှမ်းသူများနဲ့ လမ်းမများ အလယ်နီးပါးအထိ ရောက်အောင် ဈေးရောင်းချနေသော လမ်းဘေးဈေးသည်များကြောင့် ဖြစ်ပွားတဲ့ ယာဉ်ကြောပိတ် ဆို့မှုတွေကိုတော့ ဖြေရှင်းဆောင်ရွက်နိုင်တဲ့ အနေအထားမရှိတာ တွေ့ရပါတယ်။
ဒါ့အပြင် မြို့တွင်းရှိ ယာဉ်အသွားအလာများပြီး လူဦးရေထူထပ်တဲ့ လမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက် ယာဉ်လမ်းကြောင်းများ သတ်မှတ်တဲ့အနေနဲ့ နိုင်ငံတကာက ယာဉ်ကြောကြပ်တည်းတဲ့ မြို့ကြီး များမှာပင် အသုံးပြုခြင်း မရှိလို့သိရတဲ့ ဘတ်စ်ကားလမ်းကြောင်းကို ကွန်ကရစ် ဘလောက်တုံးများချကာ ဖြေရှင်း တဲ့ နည်းလမ်းကလည်း လက်တွေ့မှာ ယာဉ်ကြောပိတ်ဆို့မှုကို မပြေလည်စေရုံမျှမက ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြီး ထွားလာ စေရန် ဖန်တီးသလို ဖြစ်နေကြောင်း မြို့ပြ ပညာရှင်များက ပြောကြားတာသိရပါတယ်။ ဟုတ်ပါတယ်။
လက်တွေ့ ဘတ်စ်ကားစီးနေရတဲ့ လူထုအဖို့ အဲဒီသုံးသပ်ချက်ကိုလည်း ထောက်ခံရမှာပါ။ ရှေ့က ဘတ်စ်ကားက ခရီးသည် အတင်အချ လုပ်နေတဲ့အတွက် နောက်ကဘတ်စ်ကားတွေက သူအတင်အချလုပ်ပြီးပေမယ့် ကျော်တက် လို့မရဘဲ တောင့်ခံနေရပါတယ်။ ရှေ့ကဘတ်စ်ကားကလည်း ယာဉ်ကြောပိတ်နေမှာ စိုးတဲ့အတွက် လူအတင်အချကို လည်း ခပ်သွက်သွက်ပဲ လုပ်ရပါတယ်။ အဲဒီတော့ ခရီးသည်တွေလည်း အတက်အဆင်းကို ကသုတ်ကရက်လုပ်ကြ ရတာပေါ့။ ပြီးတော့ နောက်ဘတ်စ်ကားတွေကလည်း ယာဉ်ကြောတောင့်နေတော့ မှတ်တိုင်မရောက်သေးဘဲ ခရီး သည်တွေချပါတယ်။ စီးမယ့်ခရီးသည်ကလည်း ဘတ်စ်ကားဆီကို အပြေးအလွှား သွားစီးကြရပါတယ်။ ဘတ်စ်ကားတွေက မှတ်တိုင်ရောက်ရင် ရပ်ချင်မှ ရပ်တော့မှာမို့လို့ပါ။
ဘာပဲဖြစ်ဖြစ် ခုလို ကွန်ကရစ်တုံးတွေ ချမထားဘူးဆိုရင် ရှေ့ကကား မထွက်သေးရင်လည်း နောက်ကားက ကျော်တက်ပြီး ထွက်လို့ရတဲ့အတွက် ခုလောက်ပိတ်ဆို့မှု မဖြစ်ဘူးလို့ ထင်ပါတယ်။ အမှန်တော့ ဘတ်စ်ကားတွေ ကလည်း သူ့ထက်ငါ ကျော်တက် ပြီး စည်းကမ်းမဲ့စွာနဲ့ အပြိုင်မောင်းကြတဲ့အတွက်လည်း ဒီလိုကွန်ကရစ်တုံးတွေ ချထားရတဲ့အဖြစ်မျိုးကို ရောက်ရတာပါ။
နောက်တစ်ခုက မြို့ထဲမှာ မီးပွိုင်တွေ လွှတ်တာလည်း အရမ်းကြာတယ်လို့ ထင်ပါတယ်။ မီးပွိုင့်တွေကို တစ်ဖက်နဲ့ တစ်ဖက် အကြာကြီး ပိတ်မထားဘဲ မြန်မြန်လွှတ်ပေးရင် ခုလိုယာဉ်ကြောတွေ တောင့်မနေဘဲ မော်တော်ယာဉ်တွေ သွားရတာ အဆင်ပြေ သွားမယ်လို့ ထင်ပါတယ်။ မီးပွိုင့်လမ်းဆုံမှာလည်း တစ်ဖက်ကို ဖြတ်ရမယ့် ယာဉ်ကြောပိတ် မနေအောင် ရှင်းပေးဖို့လိုပါတယ်။
အဲဒါကတော့ ယာဉ်ထိန်းရဲရဲ့ တာဝန်ဖြစ်လာပါပြီ။ မီးပွိုင့်ရှိတယ်ဆိုပြီး လွှတ်ထားလို့မရပါဘူး။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ဖြေရှင်းဖို့အတွက် ယာဉ်ထိန်းအင်အား တိုးချဲ့ ထားတယ်ဆိုပေမယ့် လက်တွေ့မှာ ယာဉ်အသွားအလာများ ပြီး ယာဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေမှာ ယာဉ်ထိန်းအင်အား နည်းပါးခြင်းနဲ့ ယာဉ်ထိန်းရဲများ ရှိမနေတာ။ မီးပွိုင့်များမှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် အချို့အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေတဲ့ အချိန်များ မှာ လာရောက်ကူညီ ဖြေရှင်းမှုနည်းပါးတာ ၊ ညပိုင်းအချိန် ယာဉ်အသွားအလာ များတဲ့နေရာတွေနဲ့ ယာဉ်ကြောရှုပ် ထွေးတဲ့ နေရာတွေမှာ ယာဉ်ထိန်းရဲများ ရှိမနေခြင်းစတဲ့ အခြေ အနေတွေကလည်း ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့ မှု အခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိတဲ့ အကြောင်းတရားများ ဖြစ်တယ်လို့ သိရပါတယ်။
အဓိကကတော့ ယာဉ်ကြော ရှုပ်ထွေးမှုများတဲ့ နေရာတွေမှာ ယာဉ်ထိန်းအင်အား လုံလောက်မှု မရှိတာနဲ့ လုံးဝမရှိတဲ့ အခြေအနေ တွေက ယာဉ်ကြောပိတ်ဆို့မှုတွေကို ပိုမိုများစေတာပဲ ဖြစ်ပါတယ်။ အခုဖြစ်နေတာက ဖမ်းဖီးအရေးယူတဲ့ အပိုင်းမှာပဲ ယာဉ်ထိန်းရဲ အင်အားများနေတာ တွေ့ရပြီး ယာဉ်ကြောကြပ်တဲ့ နေရာတွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ကို ဖြေရှင်းဖို့အတွက်ကျတော့ ယာဉ်ထိန်းက မရှိသလောက် ဖြစ်နေတယ်။ ဘယ်လောက်ပဲ ယာဉ်ကြော ရှုပ်ထွေးတဲ့ နေရာဖြစ်ဖြစ် ယာဉ်ထိန်းရဲနှစ်ယောက် ၊ သုံးယောက်လောက်သာ ရှိနေမယ်ဆိုရင် အဟန့်ဖြစ်သလို ယာဉ်ကြောပိတ် ဆို့မှုကိုလည်း မဖြစ်အောင် လုပ်နိုင်မယ် ထင်ပါတယ်။
တချို့မီးပွိုင့်တွေမှာ တာဝန်ကျ ယာဉ်ထိန်းရဲ နှစ်ဦးတည်းနဲ့ မိုးလင်းမိုးချုပ် ပြဿနာတွေ ဖြေရှင်းနေရတဲ့အတွက် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် အင်အားကို အခုထက်ပိုမို တိုးချဲ့ဖို့ လိုအပ်ကြောင်း သိရပါတယ်။ ဟိုတစ်နေ့က ဘတ်စ်ကား မှတ်တိုင်တွေနားမှာ တက္ကစီတွေအတွက် ကားပါကင်လုပ်ပေးမယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ကွန်ကရစ်တုံးတွေ ချထားပြီး ဘတ်စ်ကားလမ်းကြောင်း သတ်မှတ်ပေးထားတဲ့ မြို့ထဲက ကားမှတ်တိုင်တွေမှာတော့ အဲဒီလို တက္ကစီကားပါကင်တွေ လုပ်ပေးဖို့ မလွယ်ပေမယ့် ကျန်တဲ့နေရာတွေမှာ လုပ်ပေးနိုင်ရင်တော့ ကောင်းပါ တယ်။
ဥပမာဆိုရင် သန်လျင်ဘက်ကလာတဲ့ ကားတွေရပ်တဲ့ သာကေတ ကျောက်တိုင် မှတ်တိုင်မှာဆိုရင် တက္ကစီကားတွေ ရပ်ထားလို့ ဘတ်စ်ကားရပ်ဖို့ နေရာမရှိပါဘူး။ ဘတ်စ်ကားစီးမယ့် ခရီးသည်တွေက တက္ကစီကားတွေကို ရှောင်ကွင်း သွားပြီးတော့ ဘတ်စ်ကားဆီ သွားစီးရပါတယ်။ ဒီမှတ်တိုင်က သန်လျင်ကျောက်တန်း ၊ ခရမ်းသုံးခွက လာတဲ့ကား တွေ ရပ်တာဆိုတော့ ခရီးသည်ရလိုရငြား တက္ကစီတွေက အလုအယက် ပါကင်ထိုးကြတာပါ။ အဲဒီနားမှာလည်း လဘက်ရည်ဆိုင်ကြီး တစ်ဆိုင်ကလည်း ရှိပါတယ်။
အခုနလို တက္ကစီကားပါကင် လုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ နောက်တစ်ခုက တက္ကစီတွေက ခရီးသည်က တားလို့ ရှိရင် လမ်းဘေးချမရပ်ဘဲ လမ်းလယ်ကောင်မှာပဲ ရပ်ပြီး ဈေးစကား ပြောဆိုနေကြတာကလည်း ယာဉ်ကြောပိတ်ဆို့မှုရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ရန်ကုန်မြို့တော် စည်ပင်လက်ထက်က စီးတီးတက္ကစီ မှတ်ပုံတင်ထားတဲ့ တက္ကစီစီးရေ ၅၅၁၃၁ စီး ရှိတယ်လို့ သိရပြီး မှတ်ပုံမတင်တဲ့ တက္ကစီတွေလည်း အများကြီးရှိပါတယ်။ ဒီအရေအတွက်ကလည်း ရန်ကုန်မြို့မှာ ယာဉ်ကြော ပိတ်ဆို့မှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဆိုရပါမယ်။
ကားသမားတွေကတော့ တက္ကစီသမားတွေတင် မဟုတ်ပါဘူး။ ကိုယ်ပိုင်ကားတွေ ၊ လုပ်ငန်းသုံးကားတွေမောင်းတဲ့ သူတွေကလည်း စည်းမဲ့ကမ်းမဲ့ မောင်းချင်သလို မောင်းနေကြတာ။ အထူးသဖြင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ အချိန်တွေ ၊ ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်နေတဲ့ အချိန်တွေမှာဆိုရင် တစ်ဖက်လူတွေကို မကြည့်ဘဲ အတင်းကျော်တက် တာတွေ။ လမ်းပြောင်း ပြန်မောင်းနေတာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာသင့်ဘဲ ပိုကြာရတာတွေ တွေ့ရ တယ်။ လူနာတင်ကားတို့ ၊ မီးသတ်ကားတို့ လာရင်လည်း လမ်းဘေးကပ်ရပ်ပေးရမှန်း မသိဘဲ ကိုယ်သွားရရေးအ တွက်ပဲ ကြည့်တဲ့တစ်ကိုယ်ကောင်းစိတ် များတဲ့ ကားသမားတွေလည်း ရှိပါတယ်။ ကားမောင်းတဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်ဓါတ်တွေ ကောင်းမွန်ပြီး စည်းကမ်းတကျ သွားလာမောင်းနှင်မှုတွေ ပြုလုပ်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုတွေ အထိုက်အလျောက် လျော့နည်းသွားနိုင်မယ်လို့ ထင်ပါတယ်။
အချုပ်အားဖြင့်တော့ သက်ဆိုင်ရာတွေရဲ့ ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒတွေနဲ့ ထိန်းချုပ်မယ် (ကားပါကင် ရှိမှ ကားတင်သွင်း ခွင့်ရှိမယ်ဆိုတာမျိုး ၊ ကားတစ်စီးထက်ပိုရင် အခွန်ဆောင်ရတာမျိုး စသဖြင့်ပေါ့။ ကားဝယ်စီးနိုင်တဲ့ သူတွေကိုတော့ မုဒိတာ ပွားပါတယ်။) တာဝန်ရှိသူတွေကလည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဆေးမီးတိုကုထုံး တွေနဲ့ မဟုတ်ဘဲ ရေရှည်အစီအမံ များကို စနစ်တကျချမှတ်ကာ လုပ်ဆောင်သင့်ပြီး (နိုင်ငံခြားမှာလို မိုးပျံ လမ်းတွေ ဆောက်နိုင်ရင်တော့ ပိုကောင်းတာပေါ့) လူတွေ ကလည်း လူစည်းကမ်း ၊ ကားတွေကလည်း ကားစည်းကမ်းနဲ့အညီ လိုက်နာကျင့်ကြံကြမယ် ဆိုရင်တော့ အခုလိုရန်ကုန်မြို့ကြီးရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ (ယာဉ်ကြပ်ရောဂါ) ကို အထိုက်အလျောက် ကုစားနိုင်လိမ့်မယ်လို့ ထင်မြင်မိပါကြောင်းခင်ဗျား။