Opinion

နှစ်သင်္ကြန်ကူး၊ နွေဦးဂိမှာန်

” ပုရစ်တံမြရည်သွေးငယ်နှင့်
 နှစ်သင်္ကြန်လမည်ပေးမယ်လို့
 လှကြည်ဆေးငယ်ကတင်လိုက်တာ၊
(စာတော်ဘတ်ဦးကြော့) နောက်လဧပြီဆိုရင် သင်္ကြန်ရောက် ပြန်ဦးတော့မယ်။ ကလေး ဘဝတုန်းကတော့ သင်္ကြန်ကျတော့မယ် ဆိုရင်ပျော် ကြတယ်။ ရေပက်ဖို့ နို့ဆီခွက် ရှာကြရတာလည်း အမော။ နို့ဆီခွက် ရပြီဆိုရင် နို့ဆီခွက်ဖင်မှာ စက်ဘီး ကျွတ်သား ရေပတ်နဲ့ချည်ပြီး လက်ထည့်လို့ရအောင် လုပ်ရသေးတယ်။ ဒါမှ ခွက်စောင်း ခုတ်တဲ့အခါ ခွက်ကမလွတ် သွားမှာ။ ငယ်သေးတဲ့ အရွယ်ဆိုတော့ မသိတတ်သေးဘူး။ သူများအသား နာသွားတာကို သဘောကျတယ်။ အများအားဖြင့် ရေပက်ခံ ကားပေါ်က လူတွေကို ခွက်စောင်းခုတ်ကြတာ။

လမ်းလျှောက်သွားတဲ့ လူကြီးတွေကိုတော့ မပက်ရဲဘူး။ ရွယ်တူတွေ ဆိုရင်တော့ အချင်းချင်း သူပက်ကိုယ်ပက်ပေါ့။ ဒါက လည်း အလယ်တန်း အရွယ်လောက် အထိပါပဲ။ ကိုးတန်းဆယ်တန်း ရောက်တဲ့အချိန်၊ကောလိပ်တက်နေတဲ့ အချိန်မှာတော့ နွေကျောင်းပိတ်ရင် ရန်ကုန်တက်လာ တာများတယ်။ ရန်ကုန်မှာ ညီအကိုတွေ ကားနဲ့လည် တဲ့အခါလည်တယ်။ ဒီအတိုင်းပဲ မဏ္ဍပ်တွေလျှောက် ကြည့်တဲ့ အခါကြည့်ကြတယ်။ သင်္ကြန်မှာ ရန်ကုန်မြို့ ကြီးကတော့ အစည်ကားဆုံးပါ။

ကိုဘအေးက မွေးရပ်မြေမှာ နေရမဲ့ဇာတာ မပါပါဘူး။ ကိုယ့်ဇာတိမှာ ပျော်လည်းမပျော်ဘူး။ နွေကျောင်းပိတ်ရက်ဆို ရင်ရန်ကုန် တက်လာတတ်ပြီး ၁၉၇၂ ခုနှစ် နောက်ဆုံးနှစ် စာမေးပွဲ ပြီးတာနဲ့ ရန်ကုန်ကို အပြီးပြောင်းခဲ့ပါတယ်။   ရန်ကုန်မှာပဲ အလုပ်ရှာပြီး ၁၉၇၃ ခုနှစ်မှာ အလုပ်ဝင်ပါတယ်။ အလုပ်ထဲရောက်တဲ့ အခါကျတော့ ပြောင်းပြန်ဖြစ် သွားတယ်။ သင်္ကြန်ရုံးပိတ်ရက်မှာ အမေရှိတဲ့ပုသိမ်ကို ပြန်ပါတယ်။ အဲဒီတုန်းက အခုလိုကားလမ်း မပေါက်သေးဘူး။ သင်္ဘောနဲ့ပြန်ရင်ပြန်၊ ရထားနဲ့ပြန်ရင်ပြန်။ ရထားလမ်းက တိုက်ရိုက်မရောက်ဘူး။ သာရဝေါကနေမှ ဟင်္သာတဘက် ကမ်းကို ကူးတို့နဲ့ကူးရတယ်။ ဟင်္သာတက ပုသိမ်ကို ရထားဆက်စီးရတယ်။ ဒါ့ကြောင့် ကိုဘအေးက ပုသိမ်ကိုပြန်ရင် ရထားစီးခဲတယ်။ မှတ်မှတ်ရရ သူငယ်ချင်း ကိုအောင်စိုးနဲ့မီးမီးတို့  သမီးရည်းစားစုံတွဲနဲ့  မီးမီးတို့အမျိုးတွေရှိတဲ့ ပုသိမ်ကို သွားလည်တော့ ကိုဘအေးလဲ ရထားနဲ့လိုက်ပြန်ဘူးတယ်။ အဲဒီတစ်ခေါက်ပဲ။

သင်္ကြန်ပိတ်ရက်ဆိုတော့ သင်္ဘောနဲ့လည်း ပြန်တဲ့လူများတယ်။ သင်္ဘောလက်မှတ်ကို ကြိုဝယ်ရပြီး မော်တင်က သင်္ဘောဆိပ် လက်မှတ်ရုံမှာ စောစော သွားတန်းစီ ရပါတယ်။ ရန်ကုန်-ပုသိမ် အမြန်သင်္ဘောတွေက ဗန္ဓက၊ ဗန္ဓုလနဲ့ ဘုရင့်နောင် နှစ်ထပ်သင်္ဘော အဖြူကြီးတွေပါ။ ရန်ကုန်က  ညနေ ၅ နာရီမှာ ထွက်ပြီးလမ်းမှာ မအူပင်၊ ဝါးခယ်မ၊ မြောင်းမြတို့ကိုပဲ ကပ်ပါတယ်။ ပုသိမ်ကို နောက်တစ်နေ့မနက် ကိုးနာရီမှာ ဆိုက်ပါတယ်။ ပုသိမ်ကနေလည်း ဒီအတိုင်းပဲ ညနေ ၅ နာရီမှာ ထွက်ပြီး ခုနကကြား မြို့သုံးမြို့ကိုဝင်ကာ ရန်ကုန်ကို မနက်ကိုး နာရီလောက်ဆိုက်ပါ တယ်။ တစ်ညအိပ်ခရီးပေါ့။ ရက်မှန် သင်္ဘောဆိုတာလဲရှိတယ်။ နှစ်ထပ်သင်္ဘောအမည်းတွေ။ သူတို့က ညနေသုံးနာရီ မှာထွက်ပြီး စာပို့ရထားလိုပဲ ရွာစဉ်ကပ်တယ်။ ရက်မှန်သင်္ဘောကိုတော့ ကိုဘအေး တစ်ခါမှမစီးဘူးဘူး။

အခုတော့ လည်းသင်္ဘောနဲ့ သိပ်မသွား ကြတော့ဘူး။ ကုန်ပါတဲ့ သူလောက်ပဲ သင်္ဘောစီး သွားကြတယ်။ ကားနဲ့ပဲသွား ကြတော့တယ်။ ရန်ကုန်မှာအလုပ် လာလုပ်ကြတဲ့သူတွေ၊ တခြားနယ်မှာ အလုပ်လုပ် ကြတဲ့သူတွေ ကလည်း ရန်ကုန်ကမှ တစ်ဆင့် သင်္ကြန်အလုပ် ပိတ်ရက် ပြန်ကြတဲ့ သူတွေများတော့ အဲဒီရက်မှာ ကားလက်မှတ်ကတော့ ခက်တယ်။ ဘယ်နေရာပဲ ရောက်နေ ရောက်နေကြပါစေ၊ ဒီလိုသင်္ကြန်ပိတ်ရက်တွေမှာ ကိုယ့်မွေးရပ်မြေကို အရောက်ပြန်ကြလေ့ ရှိပါတယ်။ ပြန်ချင်တတ်ကြပါတယ်။ ဒီလို ပြန်ကြသွားကြတဲ့အခါ ခွင်မိတာကတော့ အဝေးပြေးကားတွေပါပဲ။ ဒီလိုအချိန်မှာ လက်မှတ်ခတွေက ဈေးတက်သွားပြီ၊ booking လည်းလုပ်လို့မရပါ။ go show ဝယ်ရပါတယ်။

ဂိတ်မှာတော့ မူလဈေးအတိုင်း ရောင်းပေးပြီး ကားပေါ်ရောက်မှ ငွေထပ်တောင်းတာမျိုးနဲ့လည်း ကြုံဖူးပါတယ်။ ဒီနှစ်တော့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိမ်းသိန်းရေး ကော်မတီ(အဝေးပြေး)က အဝေးပြေး ယာဉ်စီးခများ ပိုမိုတောင်းခံလာပါက တိုင်တန်းနှိုင်ပြီး သင်္ကြန်ကာလအတွင်း ဖွဲ့စည်းထားတဲ့ လက်မှတ် ရောင်းချမှု စိစစ်ရေးအဖွဲ့က ပိုငွေကိုပြန် ထုတ်ပေးမယ်လို့ သိရပါတယ်။ ပြန်ထုတ်ပေးဖို့လည်း ငွေပမာဏ အပြည့်အဝ ထားရှိသွားမယ်လို့ဆိုပါတယ်။ အဆိုပါအဖွဲ့က စိုက်ထုတ်ပေးထားတဲ့ ငွေများကို ယာဉ်လိုင်းပိုင်ရှင်က ပြန်လည်ပေး သွင်းရမှာဖြစ်ပြီး မပေးသွင်းပါက ထိရောက်တဲ့ နည်းလမ်းနဲ့ အရေးယူဖို့ စီမံထားရှိတယ်လို့လည်း သိရပါတယ်။

အဝေးပြေး ယာဉ်စီးခနှုန်းကို ဂိတ်တွေက ပိုမိုကောက်ခံနေတဲ့ အပေါ်စောင့်ကြည့် အရေးယူမှုတွေ ပိုမိုပြုလုပ်သွားမယ့် အပြင် ခရီးသည်တွေ ကုန်ကျငွေ ဆုံးရှုံးမှု မရှိစေရေးကို ကူညီဆောင်ရွက် ပေးသွားမယ်လို့ ပြောပါတယ်။ ယာဉ်လိုင်း ပိုင်ရှင်တွေဟာ ပိုမိုတောင်းယူထားတဲ့ငွေကို ပြန်ပေးရမယ့်အပြင် ယာဉ်စီးခပို ယူထားတဲ့ လက်မှတ်တစ်စောင်အတွက် ဒါဏ်ကြေးငွေ ကျပ်ငါးသောင်း ပေးဆောင်ရမှာဖြစ်ပြီး အခြားသတ်မှတ် စည်းမျဉ်းစည်းကမ်းများနဲ့လည်း အရေးယူ သွားမယ်လို့ ကြေညာချက် ထုတ်ထားတာ ဖြစ်ပါတယ်။ သင်္ကြန်ကာလအတွင်း ယင်းသို့ယာဉ်စီးခ တိုးမြှင့်ကောက်ယူ တာနဲ့ပတ်သက်ပြီး မနှစ်ကလည်း ယာဉ်လိုင်း၁၄လိုင်းကို ဖေါ်ထုတ်အရေးယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် သင်္ကြန်ကာလ ခရီးသွားမယ့် သူတွေအတွက် ဒီဟာက သတင်းကောင်း တစ်ခုဖြစ်လို့ ကြိုဆိုရမှာပါ။ ကိုဘအေးဆိုရင် သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ သွားရေးလာရေးတွေ ခက်ခဲခဲ့လို့ ပုသိမ်ကိုနှစ်တိုင်း မပြန်ဖြစ်ခဲ့ပါ။ သမီးလေး ၄ လအရွယ်မှာ တစ်ခေါက်၊ တစ်နှစ်နဲ့ ၄လအရွယ်မှာ တစ်ခေါက် နောက်ဆုံးသွားခဲ့ပြီး မရောက်ဖြစ်တော့ ပါ။ မေမေကတော့ အဆင်မပြေရင် မလာကြနဲ့လို့တော့မှာပါတယ်။ ကိုဘအေးတို့လည်း သန်လျင်က နဝရတ်အိမ်ယာ ကိုပြောင်းပြီးကတည်းက ပုသိမ်ကိုမပြန်ဖြစ်ခဲ့တာ နေပြည်တော်ကို ပြောင်းရပြီးတော့ ပိုဆိုးသွားတာပေါ့။ကိုဘအေး တို့နေပြည်တော်မှာ ရှိနေတုန်းပဲ မေမေဆုံးတော့ ကိုဘအေးတစ်ယောက်ထဲပဲ ပြန်ဖြစ်ခဲ့ပါတယ်။

နေပြည်တော်က ပင်စင်ယူပြီး ရန်ကုန်ကို ပြန်ပြောင်းလာပြီးတော့ သမီးလေး ခုနှစ်တန်း ဖြေပြီးတဲ့နှစ်က တစ်ခေါက် သွားခဲ့ပါတယ်။ မနှစ်ကတော့မသွားဖြစ်ပါ။ အခုလို အဝေးပြေးယာဉ်စီးခ လက်မှတ်တွေ ထိန်းချုပ်မယ်ဆိုတော့ ဒီနှစ် သင်္ကြန်တော့ ပြန်ဖြစ်မယ် ထင်ပါတယ်။ ” သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ၊ လောင်းကာ ပက်ကာ မောင်ရင်းနှမပမာ ခင်မင်စွာ အိုး ရေကစားတာ ရေကစားတာ ညိုမြတော့အခေါ်မခံနိုင်ဘူးကွာ…” သင်္ကြန်မှာ ပျော်ဖို့ပါးဖို့ တာစူတဲ့သူတွေကတော့ တာစူနေကြပါပြီ။ ဖျော်ဖြေရေးမဏ္ဍပ်တွေ ရေကစားမဏ္ဍပ်တွေ  ဆောက်နေတဲ့ သူတွေကဆောက်နေကြပါတယ်။ ရေပက်ခံထွက်ဖို့ ကားငှားတဲ့ သူတွေကလည်း ငှားနေကြပါပြီ။ ရေပက်ကစားစရာ ပစ္စည်းတွေကလည်း လမ်းဘေးဈေးဆိုင်တွေကအစ စူပါမားကက်ကြီးတွေအထိ အမျိုးအစားအစုံ အရွယ်အစားအစုံ ရောင်းချလို့နေကြပါတယ်။ ယမကာရောင်း ချတဲ့ဆိုင်တွေ စားသောက်ဆိုင်တွေကလည်း ပစ္စည်းပြတ်လပ်မှု မရှိ ရအောင် ကြိုးစားဖြည့်တင်းနေလေရဲ့။ စားကြ သောက်ကြ ပျော်ကြပါးကြမဲ့ သူတွေအားခဲထားကြပေရော့။

ပြီးခဲ့တဲ့အပါတ်က ဟိုဘက်လမ်းမှာ ဗုဒ္ဓပူဇနိယပွဲနဲ့ နှစ်ဦးအထူးတရားပွဲ ကျင်းပတာမှာ ဘုန်းဘုန်းကြီး တစ်ပါးဟော သွားတဲ့တရားထဲက သင်္ကြန်နဲ့ပါတ်သတ်တာလေး တစ်ခုပါတယ်။ ဘုန်းဘုန်းက သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းလို့ အဓိပ္ပါယ်ရကြောင်း၊ နှစ်တစ်နှစ်ကနေ တစ်နှစ်ကို ပြောင်းခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကို ကူးပြောင်းတာ ဆိုပြီးပျော်ကြ ပါးကြကြောင်း၊ တကယ်တမ်းက နှစ်တစ်နှစ် ပြောင်းတယ်ဆိုတာ ကိုယ်တစ်နှစ် အိုလာပြီဆိုတဲ့ သဘောဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် သေဖို့တစ်နှစ်နီး လာတာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပျော်ကြပါးကြမယ့်အစား ကုသိုလ်ကောင်းမှုတွေ ပိုမိုပြုလုပ်ကြရန် ဖြစ်ကြောင်း ပြောသွားတာ ဖြစ်ပါတယ်။ ဘုန်းဘုန်းကတော့ လောကုတ္တရာ အမြင်နဲ့ပြောသွားတာ ပေါ့နော်။ ကုသိုလ်ကောင်းမှု လုပ်တဲ့သူတွေလဲ မရှိမဟုတ် ရှိကြပါတယ်။ ဥပုသ်သီတင်း သီလစောင့်တဲ့သူစောင့်၊ ရွှေရင်အေးတို့ မုန်လုပ်ဆောင်း၊ မုန့်လုံးရေပေါ်လုပ်ပြီး ဝေတဲ့သူလှူတဲ့ သူကလှူ၊ သက်ကြီးရွယ်အိုတွေကိုလက် သည်းညှပ်ပေး ခေါင်းလျှော်ပေးတဲ့သူ၊ အသက်လွတ် ဘေးမဲ့လွှတ်တဲ့ သူကလွှတ်နဲ့ကုသိုလ်ကောင်းမှု လုပ်တဲ့သူတွေ လည်းရှိကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ကုသိုလ်ဆိုတာ နောင်ခါလာ နောင်ခါဈေး သင်္ကြန်မှာ အခွင့်ရေးရတုန်း ပျော်ကြပါးကြမယ် စားကြသောက်ကြမယ် ဆိုတဲ့လူမျိုးက များတယ်။ ပျော်နိုင်ပါတယ်။

ကိုယ်တို့လည်း တစ်ချိန်တုန်းကပျော်ခဲ့တာပဲ၊ အခုတော့ အသက်အရွယ်အရ သင်္ကြန်ဖီလင် သိပ်မရှိတော့ပါ။ လုံးဝမရှိ ဘူးလို့တော့ မပြောပါ။ အပျော်ဆိုတာ ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ သူများပျော်လို့မပျော်နိုင် ရည်းစားပျောက် လို့မှိုင်နေတာ မဖြစ်စေပဲ၊ ပျော်နိုင်တဲ့အရွယ်မှာ ပျော်ကြတာ ကိုဘအေး အပြစ်မပြောလိုပါ။ စည်းနဲ့ကမ်းနဲ့ ပျော်ကြဖို့ သာလိုပါတယ်။
တန်ခူးလနဲ့ ပတ်သက်ပြီး စာဆိုတော် ဦးကြင်ဥ စပ်ဆိုခဲ့တဲ့ တန်ခူးလဖွဲ့တွေရှိသလို၊ စာတော်ဘတ် ဦးကြော့က လည်း“ခါသင်္ကြန်”ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။ ဒီစာစုရဲ့အစမှာ တစ်ပိုဒ်စ ထားပြီးဖြစ်လို့ ကျန်တဲ့အပိုင်းကို ဆက်လက် ဖေါ်ပြပေးလိုက်ပါတယ်။

အသွင်မြတ်ပါဘိ၊ ရင်ခတ်ကယ်ရွှေမာလာတို့၊

ဗွေချာမှာရနံ့သင်းလို့ရယ်၊ ဟေမဝါစုံမြိုင်တွင်းမှာ၊

ဆင်းဖန့်ဖန့်ဝါ၊ နွေဦးဂိမှာန် မိဿစန်းဟာမို့၊

ဝေထိန်လျှံစိတြဆန်းပြန်တော့၊ နန်းမေရုဗွေအာကာ၊

တာရာ ကရောင်စုံမြူး၊ နှစ်သင်္ကြန်ကူးခေတ်ဆော်စီမံ၍၊

လှူဒါနံ ညောင်ရေပန်းတွေနှင့်၊ ရေဖျန်းကိုယ်စီခံကြ၊

စဲမညံပွဲတော်တွင်းပေမို့၊ လဲ့လဲ့ဝင်းမေကညာဖြူတို့နှင့်၊

ပဏ္ဏာတူအချစ်စမ်းချိန်မို့၊ ငွေသိင်္ဂါရဝေနန်းဆီသို့၊ လွမ်းစိတ်နဲ့ရူး ” သင်္ကြန်မှာမြူးနိုင်၊ ရူးနိုင်၊ပျော်နိုင်ကြပါစေ။

 

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *