Education, Lifestyle, News

ဝန်ကြီးဌာန (၈) ခု အရာရှိ (၈၀) ခန့်အား ဗြိတိသျှသံရုံး နှင့် ဗြိတိသျှကောင်စီမှ အင်္ဂလိပ်ဘာသာ သင်တန်းပို့ချ

ဝန်ကြီးဌာန (၈) ခု အရာရှိ (၈၀) ခန့်အား ဗြိတိသျှသံရုံး နှင့် ဗြိတိသျှကောင်စီမှ အင်္ဂလိပ်ဘာသာ သင်တန်းပို့ချ

မြန်မာနိုင်ငံ အစိုးရ ဝန်ကြီးဌာနများမှ အရာရှိများ၏ အင်္ဂလိပ်ဘာသာ အရည်အသွေး မြှင့်တင်ပေးရန်နှင့် နိုင်ငံခြားအဖွဲ့အစည်း များနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် လိုအပ်ချက်များအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဗြိတိသျှသံရုံးမှ ထောက်ပံ့၍ ဗြိတိသျှကောင်စီမှ စီစဉ်ပြုလုပ်သည့် နာရီ (၆၀) ကြာမည့် အင်္ဂလိပ်ဘာသာ အရည်အသွေး မြှင့်တင်ရေး သင်တန်းတစ်ရပ် (English Language Enrichment Programme) ၏ ဖွင့်ပွဲအခန်းအနားကို ၂၀၁၅ ဇန်နဝါရီလ ၉ ရက် သောကြာနေ့ နံနက် ၉:၃၀ တွင် နေပြည်တော်ရှိ အမျိုးသား မော်ကွန်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင် နှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ သင်တန်းသား/သင်တန်းသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ပထမ အတွင်းဝန် Wayne Ives ၊ ဗြိတိသျှကောင်စီမှ အင်္ဂလိပ်ဘာသာဌာန ညွှန်ကြားရေးမှူး Ginny Rowlands နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာန မှ အရာရှိ (၈၀) ခန့် ပါဝင်တက်ရောက်မည့် အဆိုပါ သင်တန်းသည် ရက်သတ္တ (၁၀) ပတ် ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ပထမ အတွင်းဝန် Wayne Ives မှ ယခုအစီအစဉ်ဖြစ်မြောက်စေရန် အကူအညီပေးသော အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်အား ကျေးဇူးတင် ကြောင်း၊ အစိုးရဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးတွင် ယူကေနိုင်ငံမှကူညီခွင့်ရ၍ ဝမ်းမြောက်ကြောင်း ပြောကြား ပါသည်။

ဗြိတိသျှကောင်စီမှ အင်္ဂလိပ်ဘာသာဌာန ညွှန်ကြားရေးမှူး Ginny Rowlands က ဗြိတိသျှကောင်စီမှ နေပြည်တော်တွင် ဝန်ကြီး ဌာနများစွာအတွက် တစ်ချိန်တည်း သင်တန်းပို့ချခြင်းသည် ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ဌာနပေါင်းစုံမှ ဝန်ထမ်းများ တက်ကြွစွာ ပါဝင်သည်ကိုတွေ့ရ၍ အားရမိကြောင်း ပြောကြားသည်။

ဗြိတိသျှကောင်စီမှ English for Education Systems ဌာနတာဝန်ခံ ဒေါက်တာခိုင်ဖြူ ထွဋ်မှ သင်တန်းသူ၊ သင်တန်းသားများ သင်တန်းမစမီနှင့် ပြီးဆုံးချိန်တွင် ဗြိတိသျှကောင်စီ၏ APTIS စာမေးပွဲ ဖြင့် စစ်ဆေးအကဲဖြတ်မည်ဖြစ်မှာ ထူးခြားချက် တစ်ရပ် ဖြစ်ကြောင်း၊ နောင်တွင်လည်းယခုကဲ့သို့ သင်တန်းအစီအစဉ်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းသူ၊ သင်တန်းသားများသည် သင်တန်းမစတင်မီ ဗြိတိသျှကောင်စီမှ ပြုလုပ်သည့် APTIS (အင်္ဂလိပ်ဘာသာ အဆင့်အတန်း စစ်ဆေးသည့် စာမေးပွဲ) ဖြေဆိုခဲ့ပြီး သင်တန်းပြီးဆုံးသောအခါ နောက်ထပ် တစ်ကြိမ် ထပ်မံစစ်ဆေးကာ တိုးတက်မှု အစီရင်ခံစာကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့မည်ဖြစ်ပါသည်။ သင်တန်းတွင် နိုင်ငံတကာနှင့် ဆက်ဆံ ရာတွင် အထောက်အကူပြုစေမည့် လက်တွေ့အသုံးချ အင်္ဂလိပ်ဘာသာသင်ခန်းစာများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။