“သွေးတွေ သွေး သွေး”
အိမ်သာတစ်ခုလုံးလည်းသွေးတွေနဲ့ပါလား
ဟာမူးလာပြီ ငါတော့မရ တော့ ဘူးထင် တယ်
ဦးလွန်းဝေတစ်ယောက် စိုးရိမ်စိတ် ဒီဂရီမိုးထိအောင် တက်သွားသည်။ အမှန်တကယ်ပင် နောက်ဆုံး အချိန်ပဲလား ၊
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
”သားရေအမြန်ပြန်လာခဲ့ပါ မင်းအဖေ သွေးဝမ်းတွေသွားနေလို့”
တုံရည်နေသောအမေ့အသံကိုကြားရသည်မှာ တိုးတက်ထွန်းတစ်ယောက် ခေါင်းကိုမိုးကြိုးပစ် သည့်နှယ် ဒိန်းကနဲ ခံစားလိုက်ရသည်။
လွန်ခဲ့သောလေးငါးနှစ်ကပင် ဦးလေးဦးဉာဏလည်း ထိုကဲ့သို့ သွေး၀မ်းသွားပြီး ဇီဝိန်ချုပ်ခဲ့သည် မဟုတ်လော။ တစ်ခုကွာသည်က အဖေသည်ဦးလေးကဲ့သို အရက်မသောက်ခြင်းတည်း။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တစ်နာရီဆိုသောအချိန်သည် မည်သို့ကုန်သွားသည်ကိုမသိ။
“ ဒီတစ်ခေါက်မင်းအဖေတော့ မရတော့ဘူး ထင်တယ်” ဆိုသောအမေ့ စကားမှအပါးအခြားမမှတ်မိ။ အဖေ့လက်ကိုဆုပ်ကိုင်ရင်း အဖေ ဘာမှမဖြစ်ပါစေနဲ့ ဟုဆုတောင်းကာ အရေးပေါ်ဌာန သို့၀င်ခဲ့သည်။ ဦးလွန်းဝေတစ်ယောက် ကံကောင်းသည်ဟုဆိုရမည်။ ဆေးရုံရောက်သည့်တိုင် သတိမလစ်။ လိုအပ်သော စမ်းသပ်မှုများအပြီး ဆရာ၀န်ကြီးက
“မင်းအဖေမှာ အရင်ကလိပ်ခေါင်းရှိတယ်ကြားဖူးလား”
“ စအိုထဲ ပြောင်းထည့်တာရော လက်နှိုက်စမ်းကြည့်တာကရော လိပ်ခေါင်းနဲ့တူတယ် ”
“အခုအခြေအနေအရတော့ သွေးသွင်းစရာ မလိုသေးဘူး၊ ဒါပေမယ့် နောက်ထပ်များများထပ်ထွက်ရင် သွင်းရနိုင်တော့ ဆေးရုံတက်နေရမယ်”
“ကျွန်တော်တို့ကသွေး၀မ်းသွားပြီဆိုတော့ နောက်ဆုံးအခြေအနေရောက်နေပြီထင်ခဲ့တာ၊ နဂိုကြား ဖူးတာက သေခါနီးလူတွေဆို ငယ်ချေးပါတတ်တယ် တဲ့ အဲဒါဟုတ်ပါသလားဆရာ”
“၀မ်းထဲမှာသွေးပါတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်၊ အကြမ်းဖျဉ်းပြောရရင်တော့ အစာအိမ်နဲ့အူလမ်း ကြောင်း (Gastrointestinal tract-GI tract) တနေရာရာမှာ သွေးယိုလို့ပေါ့”
“တစ်ခါ အစာအိမ်နဲ့အူလမ်းကြောင်းကို နှစ်ပိုင်းထပ်ခွဲရတယ်၊ အပေါ်ပိုင်း Upper GI နဲ့ အောက်ပိုင်း Lower GI ဆိုပြီးပေါ့”
“အကြမ်းဖျဉ်းပြောရရင်၊ အပေါ်ပိုင်း Upper GI(လူပြောများတဲ့အစာအိမ်သွေးကြောပေါက်တာ)ကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက Acid နဲ့တွေ့တော့ ဓာတ်ပြုအရောင်ပြောင်းပြီး ငယ်ချေး(Malena-ကတ်တရာစေး)လို ဖြစ်သွားကြတယ်။ အရောင်မည်းရုံတင်မက စေးကပ်နေတာ”
“အောက်ပိုင်း Lower GI ကထွက်တဲ့သွေးကတော့ အရောင်မပြောင်းဘဲသွေးအရောင်အတိုင်း ထွက်တယ်၊ဒီနေရာမှာလဲအရေးတကြီး နှစ်ခုခွဲရမှာက အူကင်ဆာကထွက်တဲ့သွေးနဲ့လိပ်ခေါင်းကထွက် တဲ့သွေးပဲ”
“လုပ်ပါဦးဆရာ စိတ်ပူလို့ပါ”
“လိပ်ခေါင်းကထွက် တဲ့သွေးက ၀မ်းညစ်ပြီး ၀မ်းတုံးမထွက်ခင်၊ ထွက်တုံး နဲ့၀မ်းထွက်သွားပြီးစအို၀ မှ သွေးစိမ်းရှင်ရှင်ပန်းထွက်ကြတာ၊ အူကင်ဆာကထွက်တဲ့သွေးကြတော့ ၀မ်းလာရာလမ်းခုလတ် ကတည်းက သွေးထွက်တော့ ၀မ်းနဲ့သွေးကအတူတူ Mixed ရောမွှေထားသလို ဆင်းလာတာ”
“အခုမင်းအဖေပြောပုံအရ ၀မ်းသပ်သပ်သွေးသပ်သပ်ပဲ ဒါပေမယ့်နောက်တခါ၀မ်းသွားတာတော့ စောင့်ကြည့်ရမယ်”
“မသေချာရင် အူလမ်းတလျှောက် မှန်ပြောင်းထပ်ကြည့်ရမယ်”
အဖေကတော့အိပ်ပျော်နေချေပြီ၊ စိတ်ရှည်လက်ရှည်ရှင်းပြသော ဆရာကြီးကိုကျေးဇူးတင်မိသည်။ တိုးတက်ထွန်းတစ်ယောက်လည်း စိတ်သက်သာရာရသွားချေပြီ။ တစ်ရက်နှစ်ရက်သုံးရက်မြောက်တော့ ဦးလွန်းဝေဆေးရုံမှဆင်းခွင့်ရသည်။ OPD ပြင်ပလူနာဌာနတွင်ပဲ ပြရတော့မည်။
ဒီတစ်ခါတော့ ဒီတောင်ကျော်နိုင်ပြီ ထင်ရသည်။ ဘယ်အခါ ဘာရောဂါ၀င်ဦးမည်မသိ၊ မမြဲသော ခန္ဓာနှင့် အနတ္တ တရားမဟုတ်ပါလော . . .