Opinion

ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်ပဲ လျှောရတယ်

ကိုဘအေးလည်း တစ်ပတ်နဲ့ တစ်ပတ် ဘာရေးရမယ် စဉ်းစားရတာ ဦးနှောက်ခြောက်လာပြီ။ ကလေးမလေး တွေကလည်း စာမူတောင်းနေပြီ။ ဒီနေ့ ဗုဒ္ဓဟူးနေ့ ရှိနေပြီဆိုတော့လည်း ကိုယ့်စာမူ အခြေအနေ အနည်းအများပေါ် ကြည့်ပြီး အထားအသို လုပ်ရမှာ မဟုတ်လား။ တစ်မျက်နှာ အပြည့်ဆိုရင်တော့ ကိစ္စမရှိဘူး။ တစ်မျက်နှာ ချန်ထားရုံပဲ။ တစ်မျက်နှာ မပြည့်ရင် ဘာဖြည့်ရမလဲ ဆိုတာ စဉ်းစားကြရဦးမှာလေ။

ကိုဘအေးလည်း နားလည်ပါတယ်။ အရင်တုန်းကတော့ ဒီစာလေးတစ်ပုဒ်ပဲ ရေးရတာဆိုတော့ အချိန်ရတယ်။ အချက်အလက်လေးတွေ စဉ်းစား ထားပြီးတော့ စာမူမပို့ခင် တစ်ရက်လောက် အလိုမှာ ထိုင်ရေးလိုက်ရင် ပြီးသွားတာပဲ။ အခုကျတော့ သတင်းလေးတွေလည်း ရှာရေးပေးရတာရယ်၊ ရိုက်ထားတဲ့ စာလေးတွေလည်း စစ်ပေးရတာ ရယ်ကြောင့် ကိုယ့်စာမူဘက်ကို အာရုံမစိုက်နိုင်ဘူး။ ဘာရေးမယ် ဆိုတာကိုတော့ တစ်ပတ်တစ်ပတ် ကြိုကြိုပြီး စဉ်းစားထားနိုင်မှ တော်ကာ ကျတာ။

တကယ်တော့ သင်္ကြန်အကြောင်းက ဒီတစ်ပတ်မှ ရေးရမှ။ ဂျာနယ်က ဧပြီလ ၁ရက်နေ့ ထွက်မှာဆိုတော့လေ။ ဒါပေမယ့် စာမူက လိုနေပြီ ဆိုတော့ စဉ်းစားလို့ ရတာလေ။ အားချင်းရေးပေးလိုက်ရတာ။ အားတော့ မရဘူး။ စိတ်ကူးထားတဲ့ အကြောင်းလေးတွေ တချို့၊ ရေးရင်းနဲ့ ကျန်သွားခဲ့တာလေးတွေ ရှိတယ်။ ကိုယ်မှတ်သားခဲ့ဖူးတဲ့ တန်ခူးလဖွဲ့ ကဗျာလေးတွေပဲ အားပြုပြီး ရေးလိုက ရတယ်။ ဒါနဲ့ပဲ အရင်တစ်ပတ်က “ရာသီတော်ခါ သင်္ကြန်တာဝယ်”ဆိုတဲ့ စာလေး တစ်ပုဒ် ဖြစ်သွားတယ်ပေါ့။

အမှန်က အခုမှ တပေါင်းလပဲ ရှိသေးတာ။ ဆောင်းကျွတ်လုပြီ နွေရာသီလည်း မပီတတ်သေး ဝိုးဝါးထွေးလို့ ရှေးစာဆိုတွေ ဖွဲ့ကြခဲ့တဲ့ အချိန်ကာလပေါ့။ တပေါင်းသာခေါင် လများနောင် ဆိုတဲ့အတိုင်း ဆယ့်နှစ်ရာသီ ထဲမှာ အသာယာဆုံးလ တစ်လအဖြစ် သတ်မှတ်ခဲ့ကြတယ်။ မြန်မာ့ဆယ့်နှစ်လရာသီရဲ့ နောက်ဆုံး လလည်း ဖြစ်ပါတယ်။ ခါနွေဆန်းစ တပေါင်းလရဲ့ သာယာလှပပုံဟာ ချီးကျူးဖွဲ့နွဲ့လို့ မဆုံးခဲ့ကြပါဘူး။

လေခ မြေသက် ဈာန်ဝိတက်သို့ သစ်ရွက်ရော်ယီ ဣန္ဒနီဝယ် သိင်္ဂီတစ်ဝက် ဖက်၍ဆေးစုံ ခြယ်သောပုံသို့ ရဂုံမြိုင်တွင်း တောလုံးလင်းသား…လို့ ရှင်ဥတ္တမကျော် ဖွဲ့ဆိုခဲ့တဲ့ ရွေှစက်တော်သွားတောလားကို ကိုဘအေးတို့ ကျောင်းတုန်းက သင်ခဲ့ရပါတယ်။ စာဆိုရှင်ဟာ တပေါင်းလ အခါသမယမှာ ရွေှစက်တော်ဘုရားဖူးဖို့ သွားရင်း တောလမ်းခရီးရဲ့ သာယာ လှပပုံကို ရေးဖွဲ့ခဲ့တာပါ။

ဗုဒ္ဓဝင်အရဆိုရင်တော့ တပေါင်းလပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာ ပြည်တော်ဝင်တဲ့ အခါတော်နေ့ ဖြစ်ပါတယ်။ ဘုရှားရှင်ဟာ ရာဇဂြိုလ်ပြည် ဝေဋုဝန်ကျောင်းတော်မှာ သီတင်းသုံးပြီး အင်္ဂတိုင်းနဲ့ မာဂဓတိုင်းတို့က ဒါယကာ၊ ဒါယိကာမတွေကို တရားရေအေး တိုက်ကျေွးနေတဲ့ သတင်းကို ကြားသိရတဲ့ ခမည်းတော် သုဒေ္ဓါဒန မင်းကြီးက အမတ်ကြီး ဆယ်ဦးကို ခေါင်းဆောင်စေပြီး နောက်ပါ အခြံအရံ တစ်ထောင်စီနဲ့ ၁၀ကြိမ်ခွဲပြီး ရာဇဂြိုလ်ပြည်ကို ဘုရားပင့်ဖို့ စေလွှတ်ခဲ့တယ်။ သွားတဲ့ အကြိမ်တိုင်းမှာ အမတ်တွေ အားလုံး ဘုရားရှင်ရဲ့ တရားတော်ကို နာကြားရပြီးတော့ ရဟန္တာတွေ ဖြစ်ကုန်ကြတယ်။

နောက်ဆုံး အသုတ်အဖြစ် ကာဋုဒါယီ အမတ်ကြီး ဦးဆောင်ပြီး သွားတဲ့အခါ ထုံးစံအတိုင်း ဘုရားရဲ့ တရားတော်နာရပြီး ရဟန္တာဖြစ်သွားပါတယ်။ ဒါပေမယ့် ကာဋုဒါယီ မထေရ်ဟာ သူ့ရဲ့ တာဝန်ကို မမေ့ဘဲ တပေါင်းလ အခါသမယခရီးရဲ့ သာယာပုံနဲ့ ကပိလဝတ်နေပြည်တော်သို့ ကြွသင့်ကြောင်းကို ဂါထာပေါင်း ၆၄ဂါထာ သီကုံးပြီး ခမည်းတော်ရဲ့ ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိသို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားပါတယ်။ အဲဒီနေ့က မဟာ သက္ကရာဇ် ၁၀၃ခုနှစ် တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ ကာဋုဒါယီ မထေရ် အလျှောက် ကောင်းတဲ့အတွက် မြတ်စွာဘုရားရှင်ဟာ တပေါင်း လပြည့်ကျော် ၁ရက်နေ့မှာ ရာဇဂြိုလ်ပြည်မှ ကပိလဝတ်ပြည်သို့ တစ်ရက်လျှင် တစ်ယူဇနာ ခရီးနဲ့ ရက်ပေါင်း ၆၀ ဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။

မြိုင်ခြေငယ်သင်းပါလို့ အင်ကြင်းငယ် ရွေှဖီဝတ်မှုန်ငယ်စီသည် မြစ်နဒီသောင်တခိုက မောင်မယ်ညိုမြူးပြန်တော့လေး………အင်ကြင်း၊ သရဖီ၊ ပေါက်လဲ၊ ကံ့ကော်၊ စကားဝါ စတဲ့ ပန်းမန်တို့ရဲ့ ရနံ့ဟာ တောလုံးအနှံ့ မွေှးကြူသင့်ပျံ့လို့ နေပါတယ်။ တွန်ကျူးဘာသာ ငှက်တို့မှာလည်း စုကာရုံးလို့ ခြိမ့်အုန်းငယ်ကျူးသီ အမသံညောင်း သိုက်နန်းငယ်အောင်းလို့ သာပေါင်းငယ် ချီနေ ပါတယ်။ မြတ်စွာဘုရား ဒေသစာရီကြွမြန်းရာ လမ်းခရီးတစ်လျှောက်ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် သာယာလှပပုံဟာ ဖွဲ့နွဲ့ညွှန်း ဆိုလို့ မကုန်နိုင်ပါ။

တပေါင်းလဟာ ဘုရားစေတီပုထိုး အတော်များများမှာ ဗုဒ္ဓပူဇနိယပွဲတော်တွေ ကျင်းပကြပါတယ်။ နိုင်ငံတော်မှ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်လှုဒါန်းပြီးတော့ ဆွမ်းဆန်တော် လောင်းလှုကြပါတယ်။ ရပ်ကွက်တိုင်း လမ်းတိုင်းမှာ တရားပွဲတွေ ကျင်းပ နေကြတာ ခြိမ့်ခြိမ့်သဲသဲပါပဲ။ တပေါင်းလဟာ ရာသီသဘာဝအရ သာယာလှပရုံတင်မကဘဲ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကုသိုလ်ထူး ကုသိုလ်မြတ်တွေ ပြုလုပ်ကြတဲ့ အခါသမယလည်း ဖြစ်ပါတယ်။
တပေါင်းရက်ဝယ် ရွက်သစ် လှယ်လို့ ရှစ်နယ်ပြည့်မှိန် သို့သည့်ချိန်ကို ရွေှအိမ်ကျွန်းနေ လွမ်းသူမေတို့ ကြေွကြေွဘနန်း ဘယ်မြေဆည်တံ့နိုင်လိမ့်…..ဆိုတဲ့အတိုင်း၊ အလွမ်းဓာတ်ခံရှိသူတွေအတွက်ကတော့ ဖြေဆည်လို့ မရနိုင်တဲ့ ကာလလေးပေါ့။ မြို့ပြမှာ နေတဲ့သူတွေကတော့ အဲဒီလိုမျိုး ခံစားလို့ ရနိုင်မှာ မဟုတ်ပါဘူး။

ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်း သန္တာညွန့်ငယ်တို့ ဖူးကွန့်ကိုက်စည် ဘမရာရွေှပိတုန်းငယ်တို့ ချေွသုံးကြ ဝတ်ရည်ညွတ်ကြည်ဘွယ့်ဖော်ကွဲ။ ယင်းသည့်နေ့တိုင် ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်ပဲ လျှောရတယ် ရာသီတွင် စာညီပြောပေပ ကြော၍သာမြဲ။
တပေါင်းလဟာ ရာသီတွေထဲမှာ တခြားလတွေထက် အမြဲတမ်း ကြောပြီး သာယာတယ်ဆိုတဲ့ အကြောင်း ရှေးစာဆိုတွေရဲ့ အဖွဲ့ကောင်းလေးတွေနဲ့ တင်ပြရင်း ဒီတစ်ပတ်အတွက် စာမူလေး ဖြည့်စွက်ပေးလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *