မြန်မာ-ထိုင်း နယ်စပ်မှ တရားဝင် ကုန်သွယ်မှု ပြုလုပ်ထားသည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၂၉သန်းကျော် ရှိပြီး မော်တော်ဆိုင်ကယ်နှင့် ဘိလပ်မြေတို့ အများဆုံး တင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းပမာဏမှာ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်နှင့် မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇူလိုင်လကုန်အထိ ကုန်သွယ်မှု ပြုလုပ်ထားသည့် ပမာဏဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာ မြဝတီ နယ်စပ် ကုန်သွယ်ရေး ဇုန်မှ အများဆုံး ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး လေးလအတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၂၀ကျော်၊ သွင်းကုန်ဒေါ်လာ ၈၂သန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။
ဒုတိယကုန်သွယ်မှု အများဆုံး ပြုလုပ်ခဲ့သည့် နယ်စပ်မှာ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၄သန်းကျော်၊ တာချီလိတ် နယ်စပ်မှ ဒေါ်လာ ၂၂သန်းကျော်နှင့် နဘုလယ်နှင့် မောတောင် နယ်စပ်တို့မှ အမေရိကန် ဒေါ်လာ ၁၆သန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားသည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်များ အနေဖြင့် ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ ကျွန်းသစ်မျိုးစုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် သစ်သီးများ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ သွင်းကုန်အနေဖြင့် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ဆောက်လုပ်ရေးသုံး ပစ္စည်း၊ မော်တော်ဆိုင်ကယ်နှင့် လယ်ထွန်စက်များ အများဆုံး တင်သွင်းမှု ပြုလုပ်ကြောင်း သိရပါသည်။