News

GTA:Vဂိမ်းသစ်ရောင်းရငွေ တစ်ရက်အတွင်း ဒေါ်လာ သန်းရှစ်ရာရရှိ

ကျွန်တော်တို့ ငယ်စဉ်တည်းက ဆော့လာကြတဲ့ နာမည်ကျော် ကားသူခိုးဂိမ်း(Grand Theft Auto)ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ “Grand Theft Auto V”ဟာ ထွက်ရှိပြီး တစ်ရက်အတွင်းမှာတင် အမေရိကန်ဒေါ်လာ သန်းရှစ်ရာခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ သမိုင်းတစ်လျောက် ၀င်ငွေအများဆုံးကို အမြန်ဆုံး ရရှိခဲ့ခြင်းဖြစ်တယ်လို့ အဆိုပါဂိမ်းကို ဖြန့်ချိတဲ့ နယူးယောက်အခြေစိုက် Take-Two Interactiveရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂၊ နို၀င်ဘာလ တုန်းကတော့ Call of Duty: Black Ops 2ဂိမ်းဟာ ၁၅ရက်အတွင်း ဂိမ်းရောင်းရငွေ ဒေါ်လာ သန်းတစ်ထောင်ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့ကာ အခုအခါမှာတော့ GTA ‘V’က တစ်ရက်အတွင်း ဒေါ်လာ သန်းရှစ်ရာနဲ့ စံချိန်ချိုးလိုက် နိုင်ပြီ ဖြစ်ပါတယ်။

ဒီလောက် ၀င်ငွေကောင်းနေတဲ့ GTAဂိမ်းကို ထုတ်လုပ်ခဲ့တုန်းက ငွေကုန်ကြေးကျလည်း အလွန်များခဲ့ပါတယ်။ ဗီဒီယိုဂိမ်း ထုတ်လုပ်မှု သမိုင်းတစ်လျောက်မှာ အမေရိကန်ဒေါ်လာ ၂၆၅သန်းနဲ့ ကုန်ကျစရိတ် အကြီးမားဆုံး ဖြစ်ပါတယ်။ GTAဂိမ်းတွေကို ထုတ်လုပ်တဲ့ Rockstarနဲ့ 2K Gamesတို့ကို ပိုင်ဆိုင်တဲ့ Take-Twoကတော့ GTA Vကို ဒီလိုရောင်းချ နိုင်ခြင်းဟာ ကုမ္ပဏီသမိုင်း တစ်လျောက် အကြီးမားဆုံး ရောင်းချခဲ့ရမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသစ်ထွက် GTA:V ဂိမ်းကို Vesionသုံးမျိုး ခွဲကာ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချနေခြင်း ဖြစ်ပါတယ်။ Standardဗားရှင်း ဆိုရင် ဒေါ်လာ ၆၀၊ Special Editionဆိုရင် ဒေါ်လာ ၈၀နဲ့ Collector’s Editionကို ဒေါ်လာ ၁၅၀အသီးသီး သတ်မှတ်ပြီး သီးခြားစီ ၀ယ်ယူလို့ရပါတယ်။ Take-Twoအနေနဲ့ GTAဂိမ်းခွေတွေ ရောင်းချရမှု ပမာဏကို ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ပြီး ရရှိထားတဲ့ သတင်းတွေအရ Grand Theft Auto Vဂိမ်းဟာ ကော်ပီအခွေ ၁၃သန်းလောက် ရောင်းချရပြီး ဖြစ်တယ်လို့ သိရပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ Versionအဟောင်းတွေ အားလုံးထက် များစွာ အဆင့်မြင့် ပြောင်းလဲထားတဲ့ GTAဂိမ်းသစ်ကို လက်ရှိမှာတော့ Xbox 360နဲ့ PS 3ဂိမ်းစက်တွေမှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *