News

ပုဇွန်တောင် ချောင်းအတွင်း အရှည် ၁၁ပေခန့်ရှိ မိကျောင်း ဖမ်းဆီးရမိ

ရန်ကုန်မြို့၊ ပုဇွန်တောင် ချောင်းအတွင်း အမှတ် (၃၆) ရေတပ် တန် ၄၀၀ လွန်းကျင်းအနီးတွင် အရှည် ၁၀ပေ ၅လက်မ၊ လုံးပတ် ၄ပေ ၃လက်မခန့်ရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၂၅ရက်နေ့ နံနက် ၉နာရီက ရေလုပ်သားဖြစ်သူ ကိုမျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိပြီး အနီးအနားရှိ သမ္ဗာန်သမားများနှင့် စုစုပေါင်း အယောက် ၃၀ခန့်က တစ်နာရီကြာ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ “ကျွန်တော်တို့ သားအဖနှစ်ယောက် ငါးဖမ်းဖို့ လုပ်နေတဲ့ အချိန်မှာ အဲဒီမိကျောင်းကို စတွေ့တာ။ ဒါနဲ့ အနီးမှာရှိတဲ့ ရေလုပ်သားတွေရယ်၊ သမ္ဗာန်သမားတွေရယ် စုပေါင်းပြီး ဖမ်းဆီးခဲ့ရတယ်”ဟု မိကျောင်းအား စတင်တွေ့ရှိသူ ကိုမျိုးအောင်က ပြောကြားခဲ့သည်။

၎င်းမိကျောင်းအား ပိုက်များ တားဆီးခြင်းနှင့် ဝါးခြံစည်းရိုးများ ခတ်ပြီး ချောင်းလက်တက်အတွင်း မောင်းသွင်းကာ ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ မိကျောင်းအား ဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူ ကိုဇော်က “ဒီမိကျောင်းက အကောင်ကြီးတော့ တော်တော် ဖမ်းယူခဲ့ရတယ်၊ မိကျောင်း အမြီးကို လူလေးယောက်လောက် ဝိုင်းချုပ်တာတောင် မရဘူး၊ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တော့မှ ဖမ်းလို့ရတယ်”ဟု ပြောကြားသည်။ မိကျောင်းအား ဖမ်းမိစဉ် ကျောပေါ်တွင် ဒဏ်ရာအချို့နှင့် ညာလက်တွင် ဒဏ်ရာအချို့ တွေ့ရကြောင်း မိကျောင်း ဖမ်းသူများက ပြောကြားသည်ဟု သိရသည်။

အဆိုပါ ဖမ်းမိသော မိကျောင်းအား သာကေတ မိကျောင်း မွေးမြူရေး စခန်းသို့ ပို့ဆောင်ခဲ့ပြီး လောလောဆယ် မိကျောင်းကန် အမှတ် ၂တွင် ထားရှိကာ လူများနှင့် ယဉ်ပါးအောင် လေ့ကျင့်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “ပုဇွန်တောင် ချောင်းအတွင်း အရှည် ၁၁ပေခန့်ရှိ မိကျောင်း ဖမ်းဆီးရမိ

  1. sithusoepaing says:

    စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းပါ

  2. ei hnin phyo says:

    အခုလိုချောင်းထဲမှာမိချောင်းတွေဆက်တွေ့နေအုံးမယ်ဆိုရင်လူတွေအတွက်အန္တရာယ်ရှိတာ ပေါ့

  3. Myo Thiha says:

    ချောင်းထဲမှာတွေ့ တော့ ရေဆင်းချိုးသူတွေ ရေကူးတဲ့သူတွေ သတိထားရတော့မယ်။နောက်တစ်ကောင်မတွေ့ ဘူးလို့ မပြောနိုင်ဘူး။

Leave a Reply

Your email address will not be published. Required fields are marked *