ဖုန်းတွင် အသုံးပြုထားသည့် Retina Displayကြောင့် မဟုတ်သော်လည်း လက်ထဲတွင် iPhone 5 ပေါက်ကွဲမှုကြောင့် ဖုန်းအသုံးပြုသူ တရုတ် အမျိုးသမီးတစ်ဦး မျက်စိကွယ်လုနီးပါး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ လီအမည်ရှိ ယင်းအမျိုးသမီးသည် ဖုန်းကို လက်ထဲတွင် ကိုင်ဆောင်ထားစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှု အရှိန်ကြောင့် မှန်ကွဲစများမှာ သူမ၏ မျက်လုံးထဲသို့ လွင့်စင်ကာ မျက်ကြည်လွှာ ပွန်းပဲ့ခဲ့ရကြောင်း တရုတ်ပြည်တွင်း သတင်းဌာနတစ်ခုက ပြောကြားခဲ့သည်။
လီအသုံးပြုသည့် ဖုန်းသည် ၁နှစ်ခန့် သက်တမ်းရှိပြီဖြစ်ပြီး ပေါက်ကွဲခဲ့သည့် ညာဘက်အပေါ်ထောင့်နေရာတွင် ဖုန်းလွတ်ကျထား၍ ချိုင့်နေကြောင်း၊ သူမက သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။ လီ၏ အပြောအရ သူမသည် မိနစ် ၄၀ခန့် ဆက်တိုက် ဖုန်းပြောဆိုခဲ့ပြီး သူမ၏ ပါးပြင်သည် ပူနွေးလာမှုကို ခံစားရကြောင်း၊ ထို့ကြောင့် သူမ ဖုန်းပြောဆိုခြင်းကို ရပ်ဆိုင်းလိုက်ပြီး ဖုန်းချရန် ကြိုးစားချိန်တွင် Touch Screenမှ တုန့်ပြန်မှု မရှိတော့ကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သူမကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းဌာနက ပြောကြားခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် တရုတ်အမျိုးသမီးတစ်ဦး ဖုန်းပြောရင်း ဓာတ်လိုက်သေဆုံးမှုတွင် Third-Party Charger၏ ချို့ယွင်းမှုကြောင့်ဟု Appleက သက်သေပြခဲ့သော်လည်း ယခုကိစ္စတွင်မူ ဖုန်း၌ အသုံးပြုထားသည့် အစိတ်အပိုင်းများ၏ အားနည်းချက်ကြောင့်ဟု ဆိုရမည်ဖြစ်ကြောင်း သိရသည်။
Apple ကုမ္ပဏီ၏ ဝန်ဆောင်မှုဌာနကမူ ယခုဖြစ်စဉ်အတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ လိုအပ်သည်ဟု ဆိုသည်။ လီကမူ သူမအနေဖြင့် ကုမ္ပဏီထံမှ မည်သည့် နစ်နာကြေးမျိုးကိုမှ ရယူလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။