သင့်မှာ စိတ်ညစ်စရာတွေကြုံနေလို့ စိတ်ညစ်မနေပါနဲ့…
သင့်ရဲ့အရည်အချင်းနဲ့ အချိန်က အဆုံးဖြတ်ပေးပါလိမ့်မယ်။
စိတ်ညစ်စရာတွေနဲ့လည်း အချိန်အကုန်မခံပါနဲ့… ဘာလို့လည်းဆိုတော့
လူတစ်ယောက်အတွက် ဘယ်နေရာမှာ ဘယ်လောက်အတိုင်းအတာ နေရမလဲဆိုတာကို
လောကကြီးက ကန့်သတ်ထားလို့ပဲ။
ဒါကြောင့် လက်ရှိအချိန်လေးကို တန်ဖိုးထားကြည့်ပါ…
နောက်ပြီး အော်… ငါဘာလို့ အဲလို မနေခဲ့ရတာလည်းဆိုတဲ့ နောင်တလေးလည်း မရတော့အောင်ပါ့။
သြော် လူမှုအဖွဲ့စည်းကြီးဟာ တိုးတက်လာတာနဲ့အမျှ နေရာတိုင်းလိုလိုမှု ကိုင်တွယ်မှုလေးတွေ၊ ချည်းကပ်မှုလေးတွေနဲ့ strategy ဆိုတဲ့ နည်းနာလေးတွေ သူ့ခေတ်သူ့အခါနဲ့သူ လိုလာပါတယ်။ ဟိုးအရင်တုန်းကတော့ ထွေထွေထူးထူးဒီနည်းနာတွေ မရှိပဲနဲ့လည်း ပေါင်းသင်းဆက်ဆံရေးမှာ နေခဲ့ကြတာပါပဲ။ ဒီကနေ့ စာရေးသူ ကိစ္စတစ်ခုကြောင့် မနက်စောစော မြို့ထဲသို့သွားခဲ့ပါသည်။ ဒီကနေ့က အများသူငါ ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် မနက် ၇ နာရီအချိန်ဟာ ယခင်ရက်တွေမှာလို ရှုပ်ရှုပ်ထွေးထွေးမဟုတ်ပဲ အရာရာ တိတ်ဆိတ်လို့နေပါသည်။ လိုင်းကားတွေကလည်း အားလပ်ရက်ဖြစ်တဲ့အတွက် လူအပြည့်မရှိပဲ ကျို့တို့ကျဲတဲနဲ့ စာရေးသူတို့လို့ ကိစ္စရှိမှထွက်သည့် ခရီးသည်တွေကို သူထက်ငါအရင် ခရီးသည်တွေကို ခေါ်လို့နေကြပါတယ်။
ဒါနဲ့စာရေးသူ သွားမည့်မှတ်တိုင်ကို ရောက်သည့်ကား လာတာနဲ့ တက်လိုက်လာပြီး နောက်နှစ်မှတ်တိုင်လောက် ရောက်တော့ အထက်တန်းအောင်ခါစ အရွယ် ညီမငယ်နှစ်ယောက်လောက် တက်လာပြီး စာရေးသူ နောက်က ခုံလွတ်မှာ စကားတပြောပြောနဲ့ ဝင်ထိုင်ကြပါတယ်။ ဒါနဲ့သူတို့ပြောတဲ့စကားကို အမှတ်မထင် ကြားမိ လိုက်ပါတယ်။ “ ငါတော်တော်ဒေါသထွက်တယ်၊ ငါ့အမေ အဲဒီလိုမျိုး ဒေါသနဲ့ပြောရင်တောင် ငါလက်ခံမှာ မဟုတ်ဘူး၊ ငါ့မိဘတောင် အဲလိုမပြောဘူးဖူး ” ဒီစကားလေးကြားတော့ အော် ဒီညီမလေးက မိဘပြောရင်တောင် လက်မခံဘူးတဲ့ ဘာပါလိမ့်လို့ စိတ်ထဲအတွေးဝင်သွားမိပါသည်။ ဒါနဲ့သူက ဆက်ပြီး “တကယ်ဆို သူနဲ့ငါနဲ့က ဘာအကန့်မှ ရှိတာမဟုတ်ဘူး၊ သူငယ်ချင်းက သူငယ်ချင်းလို မနေဘူး၊ ငါ့ကိုများ ရွတယ်တဲ့” အဲလိုပြောတော့၊ စာရေးသူ နည်းနည်းတော့ သဘောပေါက်သွားသည်။ သြော် ဒါဟာ သူငယ်ချင်းတွေကြားက ဖြစ်တက်တဲ့ ပြဿနာလေးတစ်ခုပေါ့။
ဒါနဲ့ စိတ်ထဲ အော်ဒီညီမလေးရဲ့ စိတ်ထဲမှာ သူငယ်ချင်းတွေကို ဘယ်လိုဆက်ဆံရမလဲ ဆိုတဲ့အသိ မသိသေးဘူး ထင်တယ်ဆိုပြီး အတွေးဝင်လာပြီး ဒီစာလေးကို ရေးဖြစ်တာပါ။ တကယ်တော့ သူငယ်ချင်းကို ဘယ်လိုဆက်ဆံ မလဲဆိုတာဟာ ကနေ့အချိန်ခါမှာ လိုအပ်လာပါတယ်။ ဘာလို့လည်းဆိုတော့ နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ လူငယ်တွေမှာ အသိပညာတွေ၊ အတတ်ပညာတွေ တိုးလာသလို ဆောင်ရန်၊ ရှောင်ရန်တွေလည်း တိုးလာပါတယ်။ သီတဂူဆရာတော်ဘုရားကြီး ဟောထားခဲ့တဲ့ သူငယ်ချင်းတွေကို ထာဝရ စိတ်ဝမ်းမကွဲဘဲ တွဲရအောင် ဘယ်လို နေရမလဲဆိုတာလေး စာရေးသူ မျှချင်ပါတယ်။ ဒါဟာတကယ်ကို အသုံးဝင်ပါတယ်။ စာရေးသူလည်း လက်တွေ့ကျင့်သုံးနေတာပါ။ ဆရာတော်ဘုရားကြီး ဟောထားတာက သူငယ်ချင်းတွေကို ထာဝရတည်မြဲအောင် ဆက်ဆံနည်း ၃ နည်းရှိပါတယ်တဲ့။
ပထမဦးဆုံး နံပါတ် ၁ အချက်က “သူငယ်ချင်း အချင်းချင်း အရမ်းနီးကပ်အောင်၊ အရမ်းခင်အောင် မပေါင်းပါနဲ့တဲ့။” ဘာလို့လည်းဆိုတော့ သူငယ်ချင်းတွေကို အရမ်းနီးကပ်အောင် ပေါင်းလာရင်၊ အရမ်းရင်းနှီး လာမယ်။ ပြီးရင် အမြဲလိုလို တစ်ခုခုလုပ်ရင် နှစ်ယောက်သားတူတူ လုပ်ကြမယ်။ ဘေးကကြည့်ရင်တော့ ဘယ်လောက် ခင်သလဲဆိုရင် တစ်ယောက်တည်းလိုပဲပေါ့။ သို့ပေမယ့် လူဆိုတာက တစ်ယောက်နဲ့တစ်ယောက် ဘယ်တူမလဲ။ တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျဖို့ဆိုတာ အရမ်းကို မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ။ ဒါကြောင့် အရမ်းခင်လာတဲ့ အတွက် ကိစ္စတစ်ခုခုမှာ သဘောထားချင်း မတိုက်ဆိုင်ရင် ကိစ္စကသေးပေမယ့်လည်း အကြီးကြီး မြင်သွားတတ်ကြတယ်။ ပြီးတော့ သူငယ်ချင်းဆိုတော့ တစ်မိသားစုတည်းမဟုတ်၊ ဆိုတော့ သူ့မိသားစုနဲ့သူ ကိစ္စရှိမည်။ အဲဒီမှာ သူမပါပဲ လုပ်ရတော့သည်။ ဆိုတော့ နောက်တစ်ယောက်က သူ့ကိုမခေါ်လို့ စိတ်ထဲတစ်မျိုး ထင်မိမည်။ မိသားစုကိစ္စရှိတဲ့သူ အနေနဲ့လည်း သူ့မိသားစုအကြောင်းကို မပြောချင်တာလည်း ဖြစ်နိုင်ပါသည်။ လူဆိုတာက ဘယ်လောက်ကြီးပဲ ရင်းနှီးပါတယ်ပြောပြော ကိုယ့်မိသားစုထဲမှာတောင် ကိုယ့်ရဲ့ကိစ္စတစ်ချို့တွေကို မပြောချင်တာမျိုး ရှိသည်။ ဒါကြောင့် သူငယ်ချင်းဆိုတော့ ပိုဆိုးသည်၊ အဲဒီအချိန် ဟိုသူငယ်ချင်းကလည်း ဒီလောက်ရင်းနှီးတာတောင် မပြောပြရကောင်းလား ဆိုပြီး စိတ်ထင့်နိုင်သည်။ ဒါကြောင့် ဘယ်လောက်ပဲ ခင်တယ် ပြောပြော နှစ်ယောက်ဟာတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဆရာတော်ဘုရားကြီးက အရမ်းရင်းနှီးအောင် မပေါင်းနဲ့လို့ ဟောခဲ့တာပါ။
နံပါတ် ၂ အချက်ကတော့ သူငယ်ချင်းကို ခင်တယ်ဆိုရင် “သူငယ်ချင်း အချင်းချင်း အရမ်းဝေးကွာ လွန်းအောင်လည်း မပေါင်းပါနဲ့တဲ့”။ စာဖတ်သူတို့ကြားဖူးမှာပေါ့ အချိန်ဆိုတာ အရာရာကို ပြောင်းလဲနိုင်တယ် ဆိုတာကို၊ ဟုတ်ပါတယ်။ အချိန်ဟာ အမြဲတန်း လည်ပတ်နေရင်းနဲ့ ကိုယ်သတိမထားမိလိုက်ချိန်မှာပဲ သူက တော်တော်ခရီးရောက်သွားပြီ။ ပြီးတော့ လူဆိုတာက မြင်နေ၊ တွေ့နေ၊ ပြောနေ၊ ဆိုနေ မှ နည်းနည်းအလှမ်းဝေး သွားရင် နည်းနည်း သွေးအေးသွားတတ်သည်။ ဘာလို့လည်းဆိုတော့ လူဆိုတာက ပတ်ဝန်းကျင်နဲ့ နေထိုင်ကြသည်။ ဆိုတော့ သူ့ပတ်ဝန်းကျင်မှာ သူ့သူငယ်ချင်းနဲ့တူတဲ့လူ ဒါမှမဟုတ် သူ့သူငယ်ချင်းထက် ကောင်းတဲ့လူများ ရှိနိုင်သည်၊ ဒါကြောင့် သူ့ရဲ့ရပ်ဝေးက သူငယ်ချင်းကို သတိရမိသည်တိုင်အောင် နေ့တိုင်းလိုလို ပြောနေ ဆက်ဆံနေသည့် လူကို ပိုခင်မင်လာမိသည်၊ ဘာလို့လည်းဆိုတော့ အဲဒါလူ့သဘာဝပါ။ သူ့သူငယ်ချင်းကို စိတ်ထဲ အရမ်းကြီးသတိရမိတယ်လို့ သူ့စိတ်ထဲ ထင်မိနေချိန်မှာ သူ့မသိစိတ်က သူနဲ့နေ့တိုင်း ပြောနေ တွေ့နေတဲ့ သူငယ်ချင်းကို ပိုပြီးခင်တွယ်လာသည်၊ ပြီးတော့ မသိစိတ်ထဲမှာလည်း ရပ်ဝေးက ကိုယ်အရမ်းခင်တဲ့ သူငယ်ချင်းနဲ့ နှိုင်းနေမိသည်။ ဒါကြောင့် ကိုယ့်စိတ်ထဲ သူ့ကို တကယ်သူငယ်ချင်း အရင်းကြီးလိုမျိုး ခင်တယ်ဆိုရင် အဲဒိလိုမျိုးတွေ မဖြစ်အောင် ကိုယ့်သူငယ်ချင်းကို အမြဲသတိရနေအောင် မကြာခဏ ဆက်သွယ်ဖို့ လိုပါသည်။ ဒီခေတ်မှာဆို ဖုန်းတွေ၊ အင်တာနက်တွေကနေ ဆက်သွယ်လို့ရနေပါပြီ။
ဒီနေရာမှာ စာရေးသူကြုံခဲ့ရတဲ့ သိထားတာလေးတွေလည်း ပြောချင်ပါတယ်။ စာရေးသူတို့ ဂျီတီစီ တက်တုန်းက အဆောင်နေတာပေါ့။ သူငယ်ချင်းတွေနဲ့ တကယ်ကို ပျော်စရာအတိပါပဲ၊ သုံးဖို့၊ စားဖို့၊ နေဖို့ မပူရတဲ့ အချိန်ပေါ့။ ဒါတောင် သူငယ်ချင်းအချို့က သူတို့မိဘပေးလိုက်တဲ့ ဟိုပစ္စည်း၊ သည်ပစ္စည်းကို အသွင်းပြောင်းပြီး စာရွက်ဖြစ်စေသေးသည်။ သူတို့အဖို့တော့ မိဘပေးလိုက်တဲ့ ပစ္စည်းတစ်ခုကို ဒီလိုမျိုး စာရွက်လေးနဲ့ သိမ်းရတာ ပိုလွယ်ကူသည် ပြောပါသည်။ တစ်ခါတစ်လေ စာရေးသူ ပစ္စည်းပါငှားရသည်။ ပြောရရင်တော့ မကုန်ပါဘူး၊ အရမ်းကို ပျော်ခဲ့တဲ့ အချိန်တွေပေါ့၊ အရမ်းလည်း ခင်တယ်၊ ဒါကြောင့် စိတ်ထဲ ဒီသူငယ်ချင်းတွေက ငါ့ဘဝတွက်တော့ တန်ဖိုးမဖြတ်နိုင်ဘူးဟု စိတ်ထဲကျေနပ်နေခဲ့မိသည်။ ဒါနဲ့ ကျောင်းတွေပြီးလို့ ကိုယ့်ရပ်ရွာပြန်ပြီး အလုပ်တွေလုပ်ဖို့ ရန်ကုန်ရောက်လာတဲ့ အချိန်မှာတော့ စာရေးသူ ထင်ထားတာတွေဟာ စိတ်ထဲမှာ တစ်ကယ်မဟုတ်ဖူးလို့ ထင်ထားသည့်တိုင်အောင် တဖြည်းဖြည်းနဲ့ မှေးမှိန်လာပါတယ်။ စာရေးသူက ကွန်ပျူတာ သမားဆိုတော့ သူငယ်ချင်းတွေထက်စာရင် သိသည်၊ လုပ်တတ်သည်။
ပထမအကြိမ် သူငယ်ချင်းတစ်ယောက် ဖုန်းခေါ်သည်၊ မင်းဘယ်မှာနေလဲ၊ ဘာတွေလုပ်နေလဲပေါ့။ အရမ်းကိုပဲ လာပြေးဖက်တော့မလိုပေါ့။ နောက်ပိုင်းကျတော့ သူငယ်ချင်းရာ ငါ့ကွန်ပျူတာ ဘာဖြစ်လဲမသိဘူးကွာ၊ မင်းဆီလာပို့ချင်လို့ တဲ့ကွာ။ စိတ်ထဲ အတော်နေရခက်သွားသည်။ မကူညီချင်လို့ မဟုတ်။ သြော် ငါ့ကို ဖုန်းဆက်တာ ငါ့အကူအညီ လိုလို့ပေါ့။ အမှန်တော့ စာရေးသူက သူငယ်ချင်းဆိုရင် စိတ်ထဲနှစ်ပြီး ပေါင်းလေ့ရှိသည်၊ အရမ်းလည်း ခင်တတ်သည်။ ဒါကြောင့် သူ့ဆီက ဒီလိုမျိုးပြောတော့ ဝမ်းနည်းမိသည်၊ သိုပေမယ့် ကူညီပေးလိုက်ပါသည်။ ဘာလို့လည်းဆိုတော့ စာရေးသူစိတ်ထဲမှာ သူတို့ဟာ အမြဲတန်းတွေ့နေတဲ့ သူငယ်ချင်းအရင်းကြီးတွေလို့ ခံစားနေရတုန်းမို့ ဖြစ်ပါတယ်။ အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းတွေ အများကြီးရှိပါသည်၊ သို့ပေမယ့် ကိုယ့်လိုမျိုး တကယ်ခင်တဲ့ သူငယ်ချင်းဟာ စာရေးသူ လက်တစ်ဖက်တည်း ရေတွက်ရင်တောင် ပြည့်ဖို့ အတော်လိုပါသေးသည်။ အပေါ်ကလိုမျိုး အကူညီလိုမှ ဖုန်းခေါ်တဲ့ သူငယ်ချင်းတွေကတော့ အများကြီးရှိပါသည်။ ဒါကြောင့် စာရေးသူအနေနဲ့ အကြံပေးချင်တာက ကိုယ်ကတကယ် ခင်ရင်တော့ သူ့ကို မကြာခဏ ဆက်သွယ်ဖို့တော့ မမေ့ပါနဲ့။
နောက်ဆုံးအချက်ကတော့ “သူငယ်ချင်း အချင်းချင်း အရိပ်အကဲကြည့်ပြီး မမေးသင့်တဲ့အချိန်မှာ မမေးသင့်တဲ့ စကားကို မပေးပဲ၊ မပြောသင့်တဲ့အချိန်မှာလည်း မပြောသင့်တဲ့ စကားကို မမေးပါနဲ့”တဲ့။ ဒါကတော့ သူငယ်ချင်း အချင်းချင်း အရိပ်အကဲကြည့်တတ်ဖို့ လိုပါသည်။ သူဝမ်းနည်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ သူနဲ့ အလိုက်သင့်လေး နေပေးလိုက်တာဟာ သူ့ရဲ့ခံစားချက်ကို နားလည်ပေးသလိုဖြစ်ပြီး၊ သူ့စိတ်ထဲမှာလည်း သင့်ကို တကယ်သူငယ်ချင်းကောင်းလို့ မှတ်သွားလိမ့်မည်။ တကယ်လို့သာ သူ့အခြေအနေမသိပဲ ပြောချင်တာ ပြောမိရင်တော့ သူ့စိတ်ထဲမှာ သင်ကို ယုံကြည်မှုနည်းတဲ့၊ ခံစားချက်ကို တိုင်ပင်လို့ မရတဲ့ သူငယ်ချင်း တစ်ယောက် အဖြစ်မြင်သွားပါလိမ့်မယ်။ ဒါကြောင့် သင့်သူငယ်ချင်း မှားနေသည့်တိုင်အောင် သူဝမ်းနည်းနေတဲ့အချိန်မှာ သွားပြီး သူ့အပြစ်ကို မထောက်ပြစေမိပါနဲ့။ ဒါ့ကြောင့် ပြန်ပြီးချုံရရင် သင်ဟာ သင့်သူငယ်ချင်းရဲ့ သူငယ်ချင်း ကောင်းတစ်ယောက် ဖြစ်ချင်ရင်တော့ အပေါ်က အချက်သုံးချက်ကို လိုက်နာလိုက်ပါ။ ဒါဟာ သီတဂူဆရာတော် ဘုရားကြီး ဟောခဲ့တဲ့ တကယ်ကို လက်တွေ့မှာ တန်ဖိုးရှိလှတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ သင်လည်း သူငယ်ချင်းကောင်းတွေကို အမြဲတန်း အနားမှာ ထိန်းသိမ်းနိုင်ပါစေလို့ စာရေးသူ ဆန္ဒပြုပါတယ်။