News

ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည်

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန််မြို့တော်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်ဟု သိရသည်။

အောက်တိုဘာ ၁၃ရက်နေ့က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ကားမှတ်တိုင်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်တိုင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားတိုးမြှင့်၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မြို့နယ်၊ လူစည်ရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် လုံခြုံရေး စစ်ဆေးမှုများကို ပြည်သူများအနေဖြင့် ကြည်ဖြူစွာ ခံယူပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယင်းသို့ ပြောကြားပြီးနောက် ယင်းနေ့ ညနေ ၅နာရီ ၄၅မိနစ်ခန့်တွင် သာကေတမြို့နယ် မာန်ပြေရပ်ကွက်၌ ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သည်။

“ဆီးဂိမ်းလည်း နီးလာတဲ့အချိန် ရန်ကုန်မှာ ဗုံးပေါက်ကွဲတယ်ဆိုတော့ လုံခြုံရေးကို အရင်ကထက် ပိုဆောင်ရွက်ရမယ်။ ဖေါက်ခွဲရေး သမားတွေလုပ်ရပ်က ပြည်သူတွေ အရင်ထိခိုက်ခံရမှာ။ ဒါကြောင့် မင်္သကာဖွယ် လူ၊ ပစ္စည်း တစ်ခုခုတွေ့ခဲ့ရင် သက်ဆိုင်ရာကို သတင်းပို့ပေးမှ အချိန်မှီ မဖြစ်သင့်တာတွေ ကာကွယ်ပေးနိုင်မှာ”ဟု ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီးက ရှင်းပြသည်။
ရန်ကုန်တိုင်းအတွင်းသို့ ဖေါက်ခွဲရေး ပစ္စည်းများ တင်ဆောင်ကာ ဝင်လာမည်ဟု သတင်းများ ရရှိထားသောကြောင့် အင်းစိန်မြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်းများကို ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ၂၄နာရီ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့မ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုသည် အများပြည်သူကို ထိတ်လန့်စေပြီး နယ်မြေ တည်ငြိမ်မှုကိုပါ ထိခိုက်စေသောကြောင့် ရပ်ကွက်တွင်း လူစိမ်းဝင်ရောက်ပါက သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားရန်နှင့် ရပ်ကွက်အတွင်း လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမြင့် (ခ) ဦးမောင်မောင်က ပြောဆိုသည်။

လတ်တလောကာလသည် သီတင်းကျွတ်ကာလဖြစ်ပြီး ဗုံးပေါက်ကွဲသံနှင့် ဗြောက်အိုးဖောက်သံတို့သည် ဆင်တူသောကြောင့် အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် ဗြောက်အိုး ရောင်းချခြင်းနှင့် ဗြောက်အိုးဖောက်ခြင်းတို့ကို ယခင်ထက် ပိုမို တားမြစ်မည် ဖြစ်ကြောင်း ပြည်သူများအနေနှင့် မိမိ၏ အပျော်ကြောင့် အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် သတိပေး နှိုးဆော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည်

  1. ရန်ကုန်ကို လုံခြုံရေးတိုးမြင့်လိုက်ပြီတဲ့ဟေ့….

  2. အင်း ရန်ကုန် ၊နောက်…. အခြေအနေအရပ်ရပ်ကြောင့် မြန်မာတစ်နိုင်ငံလုံး လုံခြုံရေး တိုင်းမြင့်လိုက်ရပါသည်ဆိုတာများ ဖြစ်လာအုံးမလား မသိ…

  3. Nat Myat Si says:

    City Mart မှာရှာတဲ့ကရိယာမျိုးမပေးထားပဲနဲ့ ဘယ်လိုဗုံးရှာတွေ့မှာလဲ။ အလုပ်ရှုပ်တာပဲအဖတ်တင်တယ်။ ပြည်သူလဲသွားရေးလာရေးအနှောင့်အယှက်ဖြစ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *