News

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတစေရမည်

လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ၂၀၁၂ခုနှစ် ဧပြီ ၁ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိခဲ့သည့်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတစေရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကတိပေး ပြောကြားလိုက်သည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ အောက်တိုဘာ ၁၁ရက်က ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လွတ်လပ်လွန်းတယ်ဆိုတာ ရှင်းရှင်းလေးပါ။ တချို့နေရာတွေမှာ ကြယ်ငါးပွင့် အလံထောင်ပြီးတော့ အစည်းအဝေးတွေ လုပ်တယ်။ ခေါင်းစီးတွေနဲ့ အမျိုးမျိုးပေါ့လေ။ အဲဒီလိုတွေ လုပ်ခဲ့ကြတယ်။ တရားမျှတမှု မရှိဘူး ဆိုတာကတော့ ပါတီကြီးတွေက လမ်းတွေပိတ်ထားပြီး စည်းရုံးရေးတွေလုပ်တော့ ပါတီငယ်လေးတွေက စည်းရုံးရေးတွေ လုပ်လို့မရဘူး။ အဲဒါကြောင့် မမျှတဘူး။ ၂၀၁၅ရွေးကောက်ပွဲကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်။ ကျွန်တော်က သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်ပါ။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးပါ့မယ်”ဟု ၎င်းက ပြောဆိုသည်။

ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ငွေကျပ်ငါးသိန်း ပေးသွင်းရခြင်းကို လျော့ပေါ့ပေးရန် စဉ်းစားကာ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြာင်း ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဆက်လက်ပြောကြားသည်။ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးအဖြစ် ကိုယ်စားလှယ်လောင်းတစ်ဦး အတွက် ငွေကျပ်ငါးသိန်းပေးဆောင်ရခြင်းသည် ဝင်ငွေများပြားသည့် ပါတီများအတွက် မပြောပလောက်သည့် ငွေကြေးအမျိုးအစား ဖြစ်သော်လည်း ပါတီငယ်များအတွက်မူ မတတ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးအောင်သန်းက ပြောကြားသည်။

“ကော်မရှင်နဲ့တွေ့တိုင်း နို်င်ငံရေး ပါတီတွေက ဒီငါးသိန်းကိစ္စပဲ တင်ပြခဲ့တယ်။ ဒီငွေက အင်မတန် ဝင်ငွေကောင်းတဲ့ ပါတီကြီးတွေမှာတော့ မုန့်ဖိုးလောက်ပဲ ရှိပါတယ်။ ကျွန်တော်တို့လို့ ဘာမှ စီးပွားရေးမရှိတဲ့ ပါတီတွေအတွက်တော့ မတတ်နိုင်တဲ့အတွက် ကော်မရှင်က ပြန်သုံးသပ်ပေးဖို့ တင်ပြပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် နောင်လာမည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲနှင့် ပတ်သက်၍လည်း အမှားအယွင်း မရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး မဲရုံမဖွင့်ခင် ကြိုတင်မဲများကို မဲရုံများသို့ အရောက် ပို့ဆောင်ရန်လည်း သတ်မှတ်ထားကြောင်း၊ ပြည်ပမှ ရောက်လာမည့် ကြိုတင်မဲများကိုလည်း ညနေလေးနာရီမတိုင်မီ သက်ဆိုင်ရာ မဲရုံသို့ အရောက် ပို့ဆောင်ပေးရမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲသို့ မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီများ အနက် ၃၂ပါတီ တက်ရောက်ခဲ့ပြီး ကြုံတွေ့နေရသော အခက်အခဲများ၊ ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ပါတီများမှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *