ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ဆီရီးယားပြဿနာနှင့် ပတ်သက်၍ ၄င်း၏ အမြင်ကို ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၁၄ရက် သတင်းများတွင် ဖော်ပြထားသည်။
သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား အကယ်၍ စစ်ဒဏ်ခံ ဒမတ်စကတ်မြို့သို့ ရောက်ရှိပြီး ဆီရီးယားသမ္မတ အာဆတ်နှင့် တွေ့ဆုံရမည်ဆိုလျှင် မည်သည့်အကြောင်းအရာမျိုး ပြောကြားမည်နည်းဟု မေးမြန်းခဲ့ရာ “ကျွန်မက ဆီရီးား သမ္မတတာရှားအယ်လ်အာဆတ်ကို ပုဂ္ဂိုလ်ရေးအရ မသိပါဘူး။ ဒါကြောင့် သူ့အပေါ် ဘယ်လိုမြင်သလဲပြောဖို့ ကျွန်မအတွက် လွယ်မှာမဟုတ်ဘူး”ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သူမက ဆက်လက်၍ “ဒါပေမယ့် ကျွန်မအမြင်အရဆိုရင် အကြမ်းဖက်တာဟာ ပြည်သူတွေကို နေစေချင်တဲ့ နိုင်ငံမျိုး တည်ဆောက်ဖို့ဘယ်လိုမှ အထောက်အကူ မပေးပါဘူး။ ဒါကြောင့် ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေစေချင်တယ်ဆိုရင် သမ္မတအာဆတ် အနေနဲ့ အကြမ်းဖက်မှုတွေကို ရှောင်လွှဲဖို့ ဖြစ်နိုင်သမျှ အားလုံးလုပ်ပေးရလိမ့်မယ်လို့ ကျွန်မမြင်ပါတယ်”ဟု ဆီရီးယားအရေး မေးခွန်းကို ပြန်လည် ဖြေကြားခဲ့သည်။
ဘူဒါပက်မြို့သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို အလွန်အကျွံ အကောင်းမမြင်ရန်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကို တိုက်တွန်းခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးထားသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ရုန်းကန်မှုများ မပြီးဆုံးသေးသည့်အချက်ကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ဆိုသည်။