ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သူ ၂၃၂သန်းထိ ရှိနေ ကမ္ဘာပေါ်တွင် ရွှေ့ပြောင်း အခြေချနေထိုင်သူ အရေအတွက်သည် ၂၀၁၃ခုနှစ်တွင် ၂၃၂သန်းအထိ ရှိလာပြီး အမေရိကန် အနောက်ဥရောပနှင့် ပင်လယ်ကွေ့ နိုင်ငံများသို့ ရွှေ့ပြောင်းမှု အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၁၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။ မိမိတို့၏ နေရပ်နိုင်ငံများအား စွန့်ခွာခဲ့သူ အရေအတွက်သည် ၁၉၉၀ပြည့်နှစ် စာရင်းများအရ ၁၅၄သန်းရှိခဲ့ပြီး ချမ်းသာကြွယ်၀သည့် နိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူများ၏ ရာခိုင်နှုန်းမှာလည်း ပိုမိုများပြားလာကြောင်း၊ ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းအခြေချသူများ၏ ထက်၀က်ကျော်သည် နိုင်ငံ ၁၀နိုင်ငံတွင် ရောက်ရှိနေပြီး အမေရိကန်နိုင်ငံ၌ အများဆုံးဖြစ်ကာ ၂၀၁၃ခုနှစ်အတွင်း ၄၆သန်းအထိ ရှိခဲ့ကြောင်း သိရသည်။ ၄င်းတို့အနက် မက္ကဆီကိုနိုင်ငံမှ ၁၃သန်း၊ တရုတ်နိုင်ငံမှ ၂ဒသမ ၂သန်း၊ အိန္ဒိယမှ ၂ဒသမ ၁သန်းနှင့် ဖိလစ်ပိုင်မှ ၂သန်းခန့် ရှိသည်ဟု ဆိုသည်။ ရုရှားနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူ ၁၁သန်း၊ ဂျာမနီတွင် ၁၀သန်း၊ ဆော်ဒီအာရေဗျတွင် ၉သန်း၊ ယူအေအီးနှင့် ဗြိတိန်တွင် ရှစ်သန်းစီရှိပြီး ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျနှင့် စပိန်နိုင်ငံတို့တွင် ခြောက်သန်းကျော်စီရှိကြောင်း သိရသည်။
ချမ်းသာသော နိုင်ငံများတွင် ရွှေ့ပြောင်းအခြေချသူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ ၁၀ဒသမ ၈ရာခိုင်နှုန်းနှင့် ဆင်းရဲသည့် နိုင်ငံများတွင် ၁ဒသမ ၆ရာခိုင်နှုန်းသာ ရှိသည်။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာန၏ ထုတ်ပြန်ချက်အရ ချမ်းသာသော နိုင်ငံများတွင် ရွှေ့ပြောင်းအခြေချသူများ အချိုးအစား မြင့်တက်လာသော်လည်း ဆင်းရဲသော နိုင်ငံများတွင် အချိုးအစား ပြောင်းလဲမှု မရှိကြောင်း သိရသည်။ ၄င်းအပြင် ကမ္ဘာပေါ်ရှိ ဒုက္ခသည် ၁၅ဒသမ ၇သန်း၏ ရာခိုင်နှုန်း ၉၀နီးပါးမှာ ဆင်းရဲသော နိုင်ငံများတွင် နေထိုင်ကြကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။