News

တိုင်းရင်းသားရှစ်မျိုး၏ ရုပ်သံလိုင်းသစ်များ တိုးချဲ့ထုတ်လွှင့်ရန်စီစဉ်

တိုင်းရင်းသားလူမျိုး ရှစ်မျိုး၏ ရုပ်သံလိုင်းသစ်များကို တိုးမြှင့်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောကြားသည်ဟု သိရသည်။ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနတွင် စက်တင်ဘာ ၇ရက် နံနက်ပိုင်းက ပြုလုပ်သော တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းသစ် အကြိုစမ်းသပ် ထုတ်လွှင့်ခြင်း အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီး၏ ပြောကြားမှုတွင် “တိုင်းရင်းသား လူမျိုးစုများရဲ့ ရုပ်သံလိုင်းကို စတင်ပြီး ဖွင့်လှစ်လိုက်တာဟာ တိုင်းရင်းသားများရဲ့ စာပေ၊ ယဉ်ကျေးမှု၊ မီဒီယာ လုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားတဲ့ အားပေးကူညီမှုတစ်ခု ဖြစ်သလို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှာ တိုင်းရင်းသားရေးရာ ရုပ်သံလိုင်းသစ်များ တိုးမြှင့်ခြင်းဟာ သာမန်လုပ်ရိုးလုပ်စဉ် အစီအစဉ်တွေထက် အများကြီး ပိုမိုလေးနက် ထူးခြားတဲ့ အဓိပ္ပာယ်ရှိပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

၄င်းတိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်းတွင် ကချင်၊ ကယား၊ ကရင်၊ (စကော၊ အရှေ့ပိုး၊ အနောက်ပိုး)၊ ချင်း (လိုင်းစိုး၊ ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ တိုင်းရင်းသားများအပြင် “၀” လူမျိုး ရုပ်သံလိုင်းပါ ပါ၀င်ကြောင်း သိရသည်။ လောလောဆယ်တွင် စက်တင်ဘာမှ အောက်တိုဘာ ၁၅ရက်အထိ အစမ်းထုတ်လွှင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး MRTV, MRTV-4, Sky Net ရုပ်သံလိုင်းများတွင် ထည့်သွင်းထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၄ ဧပြီလ မကုန်မီတွင် တိုင်းဒေသကြီး ပြည်နယ်မြို့ကြီးများအားလုံး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ တိုင်းရင်းသား လူမျိုးစု ထုတ်လွှင့်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသား ၀န်ကြီးဦးဇော်အေးမောင်၏ သဘောထားကို မေးမြန်းကြည့်ရာတွင် “အခုလို တိုင်းရင်းသား လူမျိုးရုပ်သံထုတ်လွှင့် ပေးတာကောင်းတဲ့ အစီအစဉ်ပါ။ ဘယ်လောက် အတိုင်းအတာအထိ ကောင်းမယ်။ မကောင်းဘူးဆိုတာ စောင့်ကြည့်ရမယ်။ ဥပမာအားဖြင့် အစိုးရကို ဗဟိုပြုပြီ လွှင့်တဲ့ရုပ်သံဖြစ်သွားမယ်ဆိုရင် မအောင်မြင်နိုင်ဘူး။ ပြည်သူကို ဗဟိုပြုတဲ့ သတင်းရုပ်သံ ဖြစ်ရမယ်။ ပြည်သူတွေ ဘာတွေလုပ်နေတယ်။ ဘယ်လို ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ စသဖြင့်ပေါ့။ အဲဒီလိုမှ မဟုတ်ပဲ အစိုးရပေါ်လစီတွေပဲ လွှင့်နေတဲ့ ရုပ်သံဖြစ်နေရင် ပျင်းစရာကောင်းတဲ့ ရုပ်သံဖြစ်ပြီး ဘယ်သူမှ မကြည့်ပဲ လွှင့်တဲ့ပိုက်ဆံကုန်တာပဲ အဖတ်တင်မယ်။ အဲဒီတော့ အကြံပြုချင်တာက ဒီရုပ်သံထုတ်လွှင့်တဲ့ ရည်ရွယ်ချက် သိပ်ကောင်းတယ်။ လုပ်တဲ့ ဆောင်ရွက်ချက်၊ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်ဖြစ်အောင် စောင့်ကြည့်ရမယ်။ ပြည်ထောင်စု၀န်ကြီးနဲ့ ဒု၀န်ကြီး ပြောသွားတဲ့ ပြည်သူကို ဗဟိုပြုတဲ့ ရုပ်သံကို ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “တိုင်းရင်းသားရှစ်မျိုး၏ ရုပ်သံလိုင်းသစ်များ တိုးချဲ့ထုတ်လွှင့်ရန်စီစဉ်

  1. Skype+.net=Sky.net..:D

Leave a Reply

Your email address will not be published. Required fields are marked *